105

3.6K 762 26
                                    

Unicode

ခြူးမုယွင်သည် အလွန်ထိတ်လန့်သွားရပြီး သတိပြန်မကပ်နိုင်အောင် ဖြစ်သွားခဲ့ရ၏။

သို့သော် ထိုအချိန်မှာပင် ပတ်ဝန်းကျင်လေထုက မတည်မငြိမ် ဖြစ်လာခဲ့သည်။ တစ်စုံတစ်ယောက် ရောက်လာခဲ့ချေပြီ။

ခြူးမုယွင် လှည့်မကြည့်ရသေးခင်မှာပင် ရင်းနှီးနေသော အသံလေးကို ကြားလိုက်ရလေသည်။ နူးညံ့ပျော့ပျောင်းသော ခေါ်ဆိုသံလေးက တိုးညင်းရှတစွာ..

“အားယွင်..”

အလွန်နှစ်လိုဖွယ်ကောင်းသော အသံလေးပါပင်။ သို့သော် စိုးရိမ်ကြောင့်ကြခြင်းနှင့် ဝမ်းနည်းပူဆွေးမှုများ ရောယှက်နေရကား သူ လှည့်ကြည့်လိုက်သည်နှင့် ငိုကြွေးနေသော ကလေးငယ်လေးတစ်ယောက်အား မြင်ရတော့မလို ခံစားလိုက်ခဲ့ရသည်။ နှလုံးအိမ်တစ်ခုလုံး တူဖြင့် ရက်စက်ကြမ်းတမ်းစွာ ထုခြေခံလိုက်ရသလို ခြူးမုယွင်မှာ တောင့်ခဲနေတော့သည်။ ဖြည်းဖြည်းချင်း… နှေးကွေးတုံ့ဆိုင်းစွာ… လှည့်ကြည့်လိုက်မိသည်။

ရွှေရောင်လွှမ်းသော နေဝင်ဆည်းဆာအောက် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး မတ်တပ်ရပ်နေလေ၏။ အပေါ်ထပ်ဝတ်ရုံအကြည်လွှာသည် ရွှေအိုရောင်အလင်းကို စုပ်ယူနိုင်သည့်နှယ် နေအလင်းနှင့်အတူ တောက်ပလျက်ရှိသည်။ အနှီလှပသော ဝတ်ရုံရှည်သည် လူငယ်လေး၏ အသွင်အပြင်နှင့် နှိုင်းယှဉ်လိုက်လျှင် နေဝင်ဆည်းဆာအောက် မိုးကောင်းကင်သဖွယ် မှေးမှိန်သွားရသည်။

နဖူးအလယ်တည့်တည့်တွင် ရဲရဲနီသော ဟင်္သာပြဒါးအမှတ်လေးတစ်ခု ရှိနေလေသည်။ မျက်ဝန်းများသည် ကြယ်ပွင့်လေးများနှယ် တဖျတ်ဖျတ်တောက်ပလျက် နှုတ်ခမ်းပါးများကို မသိမသာလေး တင်းတင်းစေ့ထားသည်။ ထိုလူငယ်လေးထံမှ ပျံ့လွင့်လာသော မြတ်နိုးတွယ်တာခြင်းများသည် ပင်လယ်ကြီးတစ်ခုသဖွယ် နက်ရှိုင်းလွန်းရကား နှလုံးသား၏ အနူးညံ့ဆုံးသော အစိတ်အပိုင်းများကို တိုက်စားသွားသလိုပင်။

ခြူးမုယွင်သည် ထိုလူငယ်လေးအား မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့မိသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now