၁၁၆။ အပြောင်းအလဲ - ၂
ဂျန်ဝုရှီ၏ အပြုံးက ကြီးမားကျယ်ပြန့်သွားသည်။
ဝုဝမ်ကို လူမြင်ကွင်းတွင် သုတ်သင်ခြင်းသည် ကြမ်းတမ်းရက်စက်သည်ဖြစ်၍ လူများက ဂျန်ဝုရှီကို လူယောင်ဆောင်ထားသည့် နတ်ဆိုးတစ်ကောင်လို ကြည့်နေကြသည်။
ဘုရင်ကြီးက ဒေါသူပုန်ထသွားသည်။ သူတို့က ရင်းနှီးမှု မရှိကြသော်လည်း, ဝုဝမ်က မည်သို့ပင် ဆိုစေ, ဘုရင့်မိသားစုဝင် ဖြစ်နေသည်။ ထို့ပြင် ဘုရင်ကြီးနှင့် သွေးသားတော်စပ်သည်။ ဘုရင်ကြီး၏ ရှေ့မှောက်မှာပင် သူ့ဆီမှ ခွင့်ပြုချက် မတောင်းခံဘဲ ဝုဝမ်ကို ကွပ်မျက်ခြင်းသည် တော်ဝင်နန်းတော်ကို မလေးစားခြင်းပင် ဖြစ်သည်။
သူ့တော်ဝင်အာဏာကို ကြားဖြတ်ဟန့်တား၍ လျစ်လျူရှူပြီး သူ့စကားပင် မဆုံးသေးဘဲ နယ်စားကြီးကို ဂျန်ဝုရှီက သတ်ဖြတ်ပစ်လိုက်သည်လား။
“ဂျန်ဝုရှီ, နင် လုပ်ရဲ......” ဘုရင်ကြီးက ဒေါသထွက်လွန်းအားကြီး၍ ယိမ်းယိုင်နေသည်။
ဂျန်ဝုရှီက မှင်တက်ဖွယ်ရာကို ဆက်လက် လုပ်ဆောင်သည် “ဝုဝမ်ကို စစ်ဆေးတာကို ဖြေရှင်းပြီးသွားပြီ၊ ရူလင်းစစ်တပ်က မင်းသားကို လုပ်ကြံရာမှာ ပါဝင် ပတ်သက်တဲ့ တခြားသူတွေကိုလည်း ခဏကြာရင် ဖမ်းဆီးလာလိမ့်မယ်။”
“နင် ဘာလုပ်ဖို့ စီမံနေတာလဲ” ဘုရင်ကြီးက ဂျန်ဝုရှီ၏ နောက်ထပ် စီမံချက်ကို ကြောက်ရွံ့လာချေပြီ။
သူမက ဦးနှောက် ပျက်သွားတာလား။
ဂျန်ဝုရှီ၏ အပြုံးက ပိုမို၍ တောက်ပြောင်လာပြီး ၎င်းအပြုံးတွင် အေးစက်စက်အငွေ့အသက်တို့ပါ ပေါင်းစပ်ပါဝင်လို့ နေသည်။
“ကျမ အရှင်မင်းကြီးရဲ့ အမိန့်ကို ဆုံးတဲ့ အထိ ဆက်လက် ဆောင်ရွက်ပါ့မယ်။”
ဘုရင်ကြီး၏ မျက်နှာက တွန့်ရှုံ့သွားသည်။