၄၆။ ကမ္ဘာက ကျဉ်းကျဉ်းလေးပါ - ၁
“ကွာခြားလိုက်တာ... ကွာခြားလိုက်တာ..ဟဟ..” အားပေးသူက သိသာစွာ ကွာခြားလွန်းသဖြင့် ဖိုသီဖတ်သီလူငယ်လေးက မချိတင်ကဲ ညည်းညူလိုက်သည်။
“နင် အဲဒီအရှေ့တိုင်း ပုလဲတွေကို လိုချင်တာလား” ဂျန်ဝုရှီက ခင်းကျင်းပြသထားသည့် အရှေ့တိုင်းပုလဲများကို ညွှန်ပြလိုက်သည်။
လူငယ်က ခေါင်းညိတ်ပြသည်။
ရှေ့ဖက်ပိုင်းသို့ ရောက်ရန် သူမက တိုးဝှေ့ဝင်သွားလိုက်သော် ရင်းနှီးနေသည့် ပုံရိပ်နှစ်ခုကို လူအုပ်ကြားတွင် တွေ့လိုက်ရ၍ အံ့အားသင့်သွားသည်။
ချောမောသည့် လူငယ်က ထည်ဝါသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့ဘေးမှ မိန်းမလှလေးက ကျော့ရှင်းသည့် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူတို့က ဆိုင်ရှေ့တွင် ရပ်နေကြသည်။ ဆွဲဆောင်အားကောင်းသည့် သည်စုံတွဲက လူအများ အားကျရှူစားစရာ ဖြစ်နေကြသည်။
“ဒီနေရာမှာ ပစ္စည်းကောင်းလေးတွေ ရှိတတ်တယ်” မက်မွန်သီးနှင့် တူသော သူ့မျက်လုံးများဖြင့် ထိုအလှလေးကို ငမ်းနေရင်း လူငယ်က ညင်သာစွာ ပြောသည်။
မိန်းကလေးက ဝင့်ကြွားဟန်ဖြင့် အသာ ခေါင်းညိတ်ပြသည်။
ဂျန်ဝုရှီ၏ ဘေးမှာ ရှိနေသည့် ကြောင်နက်လေးက ရုတ်တရက် ဒေါသထွက်သွားသည်။ သူ့အမွှေးများက ကြမ်းတမ်းခက်ထန်စွာ ထောင်တက်လာလေ၏။
(ဒီ နောက်မီးလင်းတဲ့ စုံတွဲတော့။)
သည်စုံတွဲက အတိအကျပင် မိုရွှမ်ဖေးနှင့် ဘိုင်ယန်ရှင်းအန် ဖြစ်သည်။
ဂျန်ဝုရှီက များစွာ အလေးအနက်မထားဘဲ သာမန်လောက်သာ ကြည့်လိုက်သည်။
“ဒီဝိညာဉ်ကျောက်တုံးတွေက အဲဟို အရှေ့တိုင်းပုလဲတွေလောက်ကို ကောင်းမွန်တဲ့ အရာတွေပဲ” မိုရွှမ်ဖေးက နှာသံဖြင့် ပြောသည်။ မတော်တဆ တိုက်ခိုက်ခံရပြီးကတည်းက မိုရွှမ်ဖေးက သုန်မှုန်နေပြီး မပြုံးတော့ပေ။ သူမ ပြုံးလာအောင် မိုရွှမ်ဖေးက နည်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ထို့နောက် ရုတ်တရက် တစ္ဆေမြို့တော်ကို စဉ်းစားမိသွားသည်။ တစ္ဆေမြို့တော်၏ ထူးခြားဆန်းကြယ်ပြီး ရှားပါးသည့် ပစ္စည်းများဖြင့် သူမကို ပြုံးပျော်လာအောင် လုပ်နိုင်မည်ဟူ၍ သူ အသေအချာ တွက်ဆထားသည်။