၁၃။ မှတ်ဉာဏ်အပိုင်းအစများ - ၂
သူမရှေ့မှာ အလွန်ပြေပြေပြစ်ပြစ်ဖြင့် ကျင့်သားရနေဟန်လုပ်ပြီး သိမ်မွေ့နူးညံ့သလို လျှောက်လှမ်းလာသည့် ဂျန်ဝုယောင်းကို ဂျန်ဝုရှီက ဖျတ်ခနဲ ကြည့်လိုက်သည်။ သူက ကိုယ်တိုင်ပင် သူမအား ဆေးတိုက်လေ၏။
ဂျန်ဝုရှီက ထိုအမူအရာပေါ်မှာ နက်နက်နဲနဲ စဉ်းစားတွေးတောမနေချေ။ သူ၏ ရိုးသားစွာ ကျေးဇူးပြန်ဆပ်ခြင်းဖြစ်၏ဟူ၍ သူမက သာမန်လောက်သာ ရိုးရိုးစင်းစင်း မှတ်ယူထားသည်။
သူမ မွေးဖွားလာခဲ့ပြီးသည့်နောက် ဆယ်နှစ်ကျော်သည့်တိုင်အောင် လျှို့ဝှက်တောင်ကြားမှာ ကြီးပြင်းလာခဲ့ရသည်။ ရိုးအသည့် ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်အနေဖြင့် အပြင်ဘက်ကမ္ဘာအကြောင်းကို နားလည်အောင် သင်ယူဖို့ သူမမှာ အခွင့်အရေး များစွာ မရှိခဲ့ချေ။ သူမတွေးတောနိုင်သည့် ဘောင်အပြင်မှာ ရှိနေသည့် အခြားအရာကိစ္စများနှင့် သူမက မည်သို့ အံဝင်ဂွင်ကျ ဖြစ်နိုင်ပါမည်နည်း။
ထိုဆယ်နှစ်ကျော်အတွင်းမှာ သူမဦးနှောက်က မရေမတွက်နိုင်သည့် ဆေးဝါးဆိုင်ရာ စာအုပ်များ ဆေးအသိပညာများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူမနှင့် သက်ဆိုင်တာဟူ၍ သူမအား ဖမ်းချုပ်ထားသည့် နက်ရှိုင်းသည့် တောင်တန်းများသာ ရှိခဲ့သည်။
သူမထံမှ လောကီလူမူရေးများနှင့် ပတ်သက်၍ မျှော်လင့်လို့ မရချေ။
ဂျန်ဝုယောင်းက ကိုယ်ကို အနည်းငယ် ညွှတ်ကိုင်း၍ လက်တဖက်ဖြင့် သူမကျောပြင်ကို ထိန်းပေးထားရင်း လက်တဖက်ဖြင့် သူမအား ခပ်ဖြည်းဖြည်း ဆေးတိုက်ပေးသည်။
သူက နည်းနည်းပို၍ ညွှတ်ကိုင်းလာလျှင် သူမက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ငါ အဲသွေးနံ့ကို မကြိုက်ဘူး” သူမက ယတိပြတ် ပြောသည်။
ဂျန်ဝုယောင်းအပြုံးက မာတောင့်သွားရသည်။ ဂျန်ဝုယောင်းက သူမကို ဆက်လက်၍ ဆေးတိုက်ပေးသည်။
![](https://img.wattpad.com/cover/290442876-288-k990938.jpg)