၆၀။ ညစာစားပွဲ - ၂

1.6K 171 2
                                    

၆၀။ ညစာစားပွဲ - ၂

သည်ညစာစားပွဲ၏ အဆင့်အတန်းကြောင့် လူများ အသက်ရှူမှားသွားကြသည်။ ညစာစားပွဲကို အိမ်ရှေ့စံမင်းသား၏ စံအိမ်တော်တွင် ကျင်းပသည်။ ဘုရင်မင်းမြတ်က အိမ်ရှေ့စံမင်းသား၏ မွေးနေ့ပွဲကို အဆင့်အတန်းမြင့်မြင့် တကယ့်ကို ကျင်းပပေးခြင်း ဖြစ်သည်။ ခန်းမကြီးကို ကြီးကျယ်ခန်းနားအောင် ပြင်ဆင်ထားသည်။ အစားအသောက်နှင့် အသုံးအဆောင်များက တန်ဖိုးကြီးသည့် အရာများသာ ဖြစ်ကြသည်။

လက်ရာမြောက်စွာ ပန်းထိုးထားသည့် ပိုးသားစများကို ပတ်ပတ်လည် လှပစွာ ဆွဲချိတ်ထားသည်။ တန်ဖိုးကြီးလွန်းသည့် အသားများဖြင့် ပြုလုပ်ထားသည့် ဝိုင်ခွက်များ၏ မျက်နှာပြင်တွင် ပန်းနွယ်ပန်းပြောက်တို့ဖြင့် လှပနေ၏။ အကောင်းဆုံးဟင်းပွဲများကို ပြင်ဆင်ထားသည်။ ၎င်းဟင်းပွဲများတွင် ရှားပါးပြီး နှစ်သက်စရာ ပစ္စည်းများကို ထည့်သွင်း ချက်ပြုတ်ထားသည်။ ဟင်းပွဲများကို လှပစွာ ပုံစံဖော်ထားသည်။

သည်ညစာစားပွဲတစ်ခုတည်းအတွက် ငွေကြေး မည်မျှလောက် သုံးစွဲလိုက်ရသနည်း။

ဂျန်ဝုရှီက ဂျန်ချင်းကို ဘီးတပ်ကုလားထိုင်ဖြင့် အသာအယာ တွန်းခေါ်သွားသည်။ သူတို့က ဂျန်ရှင်းယန် နောက်မှာ တိတ်ဆိတ်စွာ လိုက်ပါလာပြီး ညစာစားပွဲ ကျင်းပသည့် ခန်းမကြီးသို့ ဝင်‌ရောက်လာကြသည်။ သေးငယ်သည့် မှတ်ဉာဏ်အပိုင်းအစက ဖျတ်ခနဲ ပေါ်လာ၏။ အရင် ဂျန်ဝုရှီက အိမ်ရှေ့စံမင်းသား၏ မွေးနေ့စားပွဲသို့ တစ်ကြိမ် တက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်တုန်းက မိုရွှမ်ဖေးကို တွေ့မြင်ပြီး ချစ်ကြိုက်သွားခဲ့သည်။

“အိမ်ရှေ့စံမှာ လွယ်ကူတဲ့ အနေအထား မရှိပါလား” ဂျန်ဝုရှီက ကြီးကျယ်ခန်းနားသည့် ပတ်ပတ်လည် အနေအထားကို ကြည့်ရင်း အေးစက်စွာ သူမတွေးမိသလို မှတ်ချက်ပေးသည်။

ဂျန်ရှင်းယန်နှင့် ဂျန်ချင်း နှစ်ယောက်လုံး တောင့်တင်းသွားကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now