၁၆၆။ ဝါးမျိုခြင်း - ၄

1.4K 98 0
                                    

၁၆၆။ ဝါးမျိုခြင်း - ၄

မိုရွှမ်ဖေး၏ ကြမ်းပြင်ပေါ်မှာ လဲနေသည့် မြင်ကွင်းကြောင့် ဘုရင်ကြီး တုန်ယင်သွားရသည်။ သူ့နှလုံးက ဓားဖြင့် ထိုးဆွခံရသလို နာကျင်နေသည်။

မိုရွှမ်ဖေးက ရွှေခြင်္သေ့ကို ဆင့်ခေါ်လိုက်စဉ် သူ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး သူတို့မှာ နိုင်ဖို့ အခွင့်အရေး မြင့်မြင့်မားမား ရှိနေတာကို သူ မငြင်းပယ်လိုခဲ့ပေ။

သို့သော် ရွှေခြင်္သေ့က ပြင်းပြင်းထန်ထန် ရုန်းကန်နေရပြီး ဂျန်ဝုရှီ၏ အနက်ရောင်သားရဲ၏ ဝါးမျိုခြင်းကို ခံလာရလျှင် သူ့ခံစားချက်က ဆိုးရွားလာခဲ့ပြီး သူ့နှလုံးက လေးလံသွားတော့သည်။

ဂျန်ဝုရှီက လူယောင်ဆောင်ထားသည့် မိစ္ဆာနတ်ဆိုးသာ ဖြစ်ချေသည်။

ဘုရင်ကြီးက သူမကို သာမန်လူအနေဖြင့် မမြင်မိတော့ပေ။ သူမက အလွန်ငယ်ငယ်ရွယ်ရွယ်ဖြင့် သည်လို ကြီးမားသည့်ကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။ အကွက်စေ့စေ့ စီမံကိန်းဆွဲပြီး သူ့ကို ဖိအားပေးကာ နန်းစွန့်စေနိုင်သည်။ သည်လို ဆောင်ရွက်နိုင်ပုံက အသက် ၁၄နှစ်အရွယ်နှင့် ဖြစ်နိုင်ပါမည်လော။ ထို့ပြင် သူမ၏ အနက်ရောင်သားရဲက ရွှေခြင်္သေ့ကိုပင် ဝါးမျိုနိုင်သေးသည်။

သူမက လုံးဝပင် လူသားတစ်ယောက် မဖြစ်နိုင်ချေ။ သူမက မိစ္ဆာနတ်ဆိုးသာ ဖြစ်ရမည်။

ဘုရင်ကြီးက အေးစက်မှုကို အရိုးထိအောင် ခံစားနေရသည်။ သူက တုန်ယင်ချောက်ချားလျှက် ပလ္လင်ပေါ်တွင် နောက်သို့ ပစ်ထိုင်မိသွားသည်။ သူက စကားတစ်ခွန်းတလေကိုပင် မိုရွှမ်ဖေးကိုယ်စား ထွက်မပြောရဲတော့ချေ။

“သူ့ကို ပြန်တင်လိုက်။” ဂျန်ဝုရှီက မျက်မှောင်ကြုတ်၍ ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေကာ အမြုပ်တစီစီထွက်နေသည့် မိုရွှမ်ဖေးကို သဘောမကျဟန်ဖြင့် ကြည့်လိုက်သည်။ သည်လူက သူမ၏ ဒုတိယရိုက်ချက်ကိုပင် မခံနိုင်တော့ဘဲ သေခါနီးလူလိုပင် ဖြစ်နေလေပြီ။

ပါရမီရှင်သမားတော်Where stories live. Discover now