၂၃။ အဆိပ် - ၁

1.8K 207 0
                                    

၂၃။ အဆိပ် - ၁

အလုပ်အကျွေးတစ်ယောက်က ဂျန်ချင်းကို အိမ်နောက်ဖက်ရှိ အပြည့်အဝပွင့်နေပြီဖြစ်သည့် ကြာကန်ဘေးသို့ တွန်းလာခဲ့သည်။ သို့သော်လည်း ဂျန်ချင်းက ပန်းများကို ရှူစားဖို့ စိတ်မပါချေ။

ဘေးဖက်မှ သေးငယ်သည့် ခြေလှမ်းသံကို ကြားရ၍ ဂျန်ချင်းက ခြေသံထွက်ပေါ်ရာသို့ သူ့ဘီးတပ်ကုလားထိုင်ကို လှည့်ကာ အနည်းငယ် အင်အားပြန်ပြည့်လာသည့် ဂျန်ဝုရှီကို တွေ့ရလျှင် သူက ပြုံးပြသည်။

“နင်က နောက်ဆုံးတော့ အပြင်ထွက်လာချင်ပြီပေါ့” ဂျန်ချင်းက စိတ်တိုဟန်ဆောင်၍ မေးလိုက်သည်။

ဂျန်ရှင်းယန်၏ ခွင့်ပြုချက်ကို ရ၍ ဆေးပညာကို လေ့လာနေစဉ်ကတည်းက သူမက အခန်းအောင်းနေတာ များသည်။ ဆေးဖော်စပ်ခန်းသို့သာ သွားပြီး မည်သည့်နေရာကိုမျှ မသွားခဲ့ချေ။ အခုလို ထွက်ပေါ်လာခြင်းက တကယ့်ကို ရှားပါးသည့် အဖြစ်ပင်။

ဂျန်ဝုရှီက သူမဦးလေးကို ကြည့်လိုက်သည်။ သူက သူမအား ချစ်ခင်ကြင်နာစွာ ပြုံးပြနေသည်။ သူမ အနည်းငယ် အံ့သြသွားခဲ့တာ ရှိသည်။ သူမခန္ဓာကိုယ်ကို တောက်လျှောက် ကြာစေ့များ မျက်ရည်များဖြင့် အပြင်းအထန် ပြုပြင်ယူနေခဲ့သည်။ သူမက ဝိညာဉ်စွမ်းအား နည်းနည်းပါးပါး လေ့ကျင့်ထားသဖြင့် သူမခြေလှမ်းများက အလွန်ပေါ့ပါးနေခဲ့သည်။ သူမက လူတစ်ယောက်၏ မြင်ကွင်းသို့ ဝင်မလာခဲ့လျှင် ခြေလှမ်းငါးလှမ်းအကွာမှာ ရပ်နေလျှင်ပင် တစ်စုံတစ်ယောက်က သူမရောက်ရှိနေမှန်း သိရှိနိုင်မည် မဟုတ်ပေ။

သို့သော်ငြား သည်တစ်ကြိမ်မှာ သူမက ကျယ်ဝန်းသည့် အိမ်နောက်ဖက်ဝင်းသို့ သိသိသာသာ ဝင်လာခဲ့သည်။ သို့သော် သူမ၏ ဦးလေးက ကြာကန်သို့ မျက်နှာမူထားပါလျက် သူမ စဝင်လာချင်းချင်း သိနိုင်ခဲ့သည်။ သူ့အကြားအာရုံက အံ့အားသင့်စရာပင်။

“ဦးလေးရဲ့ ခြေထောက်တွေက တိုက်ပွဲမှာ ဒဏ်ရာရခဲ့တာလား” ဂျန်ဝုရှီက သူမဦးလေးနှင့် ပတ်သက်သည့် အချက်အလက်များကို မှတ်ဉာဏ်ထဲတွင် ရှာဖွေသော်လည်း လက်ခံရရှိထားသည့် အချက်အလက်က များများစားစား ရှိမနေခဲ့ချေ။ သူမ မှတ်ဉာဏ်ထဲတွင် ရှိနေသလောက်တော့ ဂျန်ချင်းက အမြဲတမ်းပင် ဘီးတပ်ကုလားထိုင်တွင် ထိုင်နေခဲ့ပြီး သူ့ခြေထောက်အကြောင်းကို ပြောပြတာက ရှားပါးလှသည်။ မိသားစုစားသောက်ပွဲမှာသာ တိုက်ပွဲမှာ ဒဏ်ရာရခဲ့ကြောင်းကို တစ်ကြိမ်သာ ပြောခဲ့ဖူးသည်။

ပါရမီရှင်သမားတော်Where stories live. Discover now