၁၄၇။ အဆိပ် - ၂
ခေါင်းစ ခြေဆုံး သွေးများ ခန္ဓာကိုယ် အပိုင်းစများဖြင့် အုပ်ဖုံးသွား၍ မိုချင်းယွမ်က ကြက်သေသေလျက် ရပ်နေမိသည်။ စပ်ဆုပ်ရွံ့ရှာသဖြင့် သူ့မျက်နှာက တွန့်ရှုံ့နေသည်။ သူ့စိတ်က ဗလာကျင်းသွားသည်။ ထို့ပြင် အားလုံးက တိတ်ဆိတ်သွားသည်။ ထိတ်လန့်ဖွယ်ရာမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ကြသည့် လူများအားလုံးက စကားပင် မပြောနိုင်ကြဘဲ တုန်လှုပ်ချောက်ချားကုန်သည်။
မိုရွှမ်ဖေးက မအန်မိအောင် အားတင်းထိန်းချုပ်၍ တည်ငြိမ်အေးဆေးသည့် အမူအရာကို အကောင်းဆုံး ထိန်းသိမ်းထားသည်။ သူက သူ့အင်္ကျီလက်ကို မြှောက်၍ သူ့မျက်နှာကို သုတ်၍ ရူလင်းစစ်သားအစောင့်များကို အမိန့်ပေးသည် “ဒီနေရာကို ချက်ချင်း ရှင်းလိုက်, ပြီးတော့ အဲလူရဲ့ နောက်ခံကို စစ်ဆေးခဲ့။”
ရူလင်းစစ်သား အစောင့်များက ချက်ချင်း ဆောင်ရွက်ကြသည်။ လျင်မြန်၍ ကျွမ်းကျင်ကြသည်။ အမိန့်ကို ပြီးမြောက်အောင် ဆောင်ရွက်ကြသည်။ လူများက ကျေးဇူးတင်စွာ အော်ဟစ်ကြွေးကျော်နေစဉ် မိုချင်းယွမ်က လင်းအိမ်တော်သို့ ပြန်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးက သွေးအလိမ်းလိမ်းဖြင့် ညစ်ပေနေလေပြီ။
မိုချင်းယွမ်က တံခါးကို ဖြတ်ကျော်၍ ဂျန်ဝုရှီကို သူမလမ်းမှာ တွေ့လိုက်သည်။
“ဝု...”
“ထွက်သွား။”
“................” စကားတစ်လုံးသာ ထွက်ရသေးသည်, နောက်တစ်လုံးကိုပင် မပြောရသေး, သူက နှင်ထုတ်ခံလိုက်ရသည်။ ထို့နောက် ဂျန်ဝုရှီက သူ့အိမ်ဘက်သို့ ပြန်လှည့်လိုက်သည်။
“ဟေး, နေအုံးလေ” မိုချင်းယွမ်က ကနေ့ ထူးထူးဆန်းဆန်း တွေ့ကြုံခံစားခဲ့ရတာကို ဂျန်ဝုရှီအား ပြောပြလိုခဲ့သည်။ သို့သော် သူက အေးစက်စွာ နှင်ထုတ်ခံလိုက်ရသည်။
“ငါ့ကို လာမတွေ့ခင်, ရေချိုးသန့်စင်လာခဲ့” ဂျန်ဝုရှီက မထူးခြားဟန်ဖြင့် ပြောပြီး သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။