၂၇။ ပျောက်ကင်းစေသည့် လက်များ - ၁

1.8K 207 0
                                    

၂၇။ ပျောက်ကင်းစေသည့် လက်များ - ၁

ဂျန်ချင်း၏ အခြေအနေက လူအများ မှတ်ထင်ထားသလို ဆိုးရွားနေသည်ကား မဟုတ်ချေ။ အဆိပ်က ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သော်လည်း ကြာစေ့က တကယ်ပင် အရိုးများကို သန့်စင်စေပြီး အဆိပ်အာနိသင်အားလုံးကို ဖယ်ရှားသန့်စင်ပစ်ခဲ့သည်။ ခန္ဓာကိုယ်၏ ချွေးပေါက်များမှ တဆင့် ချွေးများနှင့် အတူ ဖယ်ရှားသန့်စင်ပစ်ခြင်း ဖြစ်သည်။ လုပ်ငန်းစဉ် မပြီးဆုံးသေးခင် စွန့်ပစ်အဆိပ်များက စုပုံလာခဲ့သည် ဖြစ်၍ လူများကို ရှုပ်ထွေးသွားစေပြီး ကြောက်မက်ဖွယ် အဆိပ်က နှလုံးအထိ ရောက်ရှိသွားပြီ ဖြစ်၍ သေမည်ဟု ဆုံးဖြတ်မှားကြသည်။

အမှန်တကယ်အားဖြင့် အန္တရာယ်ရှိသည် မဟုတ်ချေ။

ဂျန်ဝုရှီက အဆိပ်ထုတ်လုပ်ငန်းစဉ်ကို ချောမွေ့သွားအောင် ဂျန်ချင်းကို ပက်လက်လှန်ပေးလိုက်သည်။ သူမက သွက်လက်လျင်မြန်စွာ အိတ်ထဲမှ သေးသွယ်ပြီး ရှည်လျားသည့် အပ်တစ်ချောင်းကို ထုတ်ယူ၍ အဓိကသွေးကြောသို့ မှန်ကန်တိကျစွာ ထိုးစိုက်လိုက်သည်။ သူမက ဆက်လက်၍ အခြားသွေးကြောများကိုလည်း အပ်စိုက်ပေးနေသည်။ သွေးများကို အပိတ်အပင် မရှိစေဘဲ စီးဆင်းစေရန် အဆိပ်ထုတ်လုပ်ငန်းစဉ် လျင်မြန်စေရန် သွေးစီးနှုန်း လျင်မြန်တိုးတက်စေရန် ရည်ရွယ်၍ အပ်စိုက်ပေးခြင်း ဖြစ်သည်။ သို့မှသာ သူက နာကျင်ခံစားနေခြင်းမှ စောစောစီးစီး လွတ်ကင်းမည် ဖြစ်သည်။

သူမက သူ့အား ကုသပေးခြင်း လုပ်ငန်းစဉ်မှာ အာရုံနစ်မြုပ်နေသည်မို့ သူမ ပတ်ဝန်းကျင်ကို သတိမမူမိချေ။ သူမက အစပထမ အပ်ကို ဆွဲနှုတ်သည့်အခါမှာတော့ ထိုလူက ဆက်လက် သည်းမခံနိုင်တော့၍ သူမကို တားမြစ်ရန် ရှေ့သို့ တက်လာသည်။ ထပ်တူညီမျှစွာ တုန်လှုပ်ချောက်ချားနေသည့် ဂျန်ရှင်းယန်က သူ့ကို လက်မြှောက်ကာ တားမြစ်လိုက်သည်။

သူတို့က ဘေးဖက်မှာ ရပ်နေပြီး သူမ၏ ကျွမ်းကျင်ပိုင်နိုင်စွာ တိတိကျကျ သူ့သွေးကြောများကို အပိတ်အပင်အတားအဆီး မရှိ  စီးဆင်းနိုင်စေရန် အပ်စိုက်ပြီး ကုသနေသည်ကို တိတ်ဆိတ်စွာသာ ကြည့်နေကြသည်။ သူတို့အားလုံးက ဂျန်ဝုရှီ ကြီးပြင်းလာသည်ကို တွေ့မြင်ခဲ့ရသော်လည်း သူမ၏ ဆေးပညာမှာ ကျွမ်းကျင်ပိုင်နိုင်သည်ကိုတော့ ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ကြဖူးချေ။

ပါရမီရှင်သမားတော်Where stories live. Discover now