၁၆၇။ အုပ်ချုပ်သူ ပြောင်းလဲသွားခြင်း - ၁
အပ်ငါးချောင်းက ဘုရင်ကြီး၏ မျက်လုံးများတည့်တည့်သို့ ကြမ်းကြုတ်ရက်စက်စွာ စိုက်ဝင်သွားသည်။ ဘုရင်ကြီး ထိတ်လန့်တကြား အော်ဟစ်လျက် ပလ္လင်ပေါ်မှ ပြုတ်ကျလုလု ဖြစ်သွားရသည်။
ဂျန်ဝုရှီက သူ့ကို အမူအရာကင်းမဲ့စွာ ကြည့်နေသည်။ သနားခြင်း နည်းနည်းလေးမျှ မရှိခဲ့ချေ။
သူမက ဘုရင်ကြီးကို လွယ်လွယ်ကူကူ မသေစေချင်ပေ။ သူက ဂျန်မိသားစုအပေါ် အကြွေးကြီးကြီးမားမား တင်နေခဲ့သည်။ သူ့အသက်နှင့် အလဲအလှယ်လုပ်ရင်တောင် အကြွေးကျေမည် မဟုတ်ပေ။ သူမက သူ့ထံမှ နည်းနည်းစီ အကြွေးပြန်တောင်းရမည် ဖြစ်သည်။
“ဒီသုံးယောက်လုံးကို မြေအောက် အကျဉ်းထောင်ထဲ ထည့်ထားလိုက်။” သူမက အေးစက်သည့် လေသံဖြင့် အမိန့်ပေးသည်။
ရူလင်းစစ်သားများသည်ပင် ဂျန်ဝုရှီ၏ ညှာတာမှုကင်းမဲ့ခြင်းကြောင့် တုန်လှုပ်သွားကြသည်။ သူမက ဘုရင်ကြီး၏ အဆင့်အတန်းကိုပင် လုံးဝ လျစ်လျူရှူထားသည်မို့ သူတို့က ဇဝေဇဝါပင် ဖြစ်ကုန်သည်။
ဒါက နန်းစွန့်ခိုင်းတာလား၊ ဒါက ဘုရင်ကို လုပ်ကြံခြင်းသာ မဟုတ်လော။
ခဏအကြာမှာတော့ ဘုရင်ကြီး, ဒုတိယမင်းသားနှင့် ဘိုင်ယန်ရှင်းအန်တို့ကို မြေအောက် အကျဉ်းထောင်သို့ ဆွဲခေါ်သွားကြသည်။ သူတို့ သုံးယောက်သည် အမြင့်မှာ ရှိနေခဲ့ကြပြီး အင်အားကြီးမားခဲ့ကြသည်။ အခု သူတို့ သုံးဦးလုံး ခွေးသေကောင်လို ဆွဲခေါ်ခံကြရသည်။ သူတို့၏ မာနတရားနှင့် ဂုဏ်သိက္ခာတို့ကား ဂျန်ဝုရှိကြောင့် ကြေမွပျက်စီးသွားကြလေပြီ။
မိုချင်းယွမ်က အလွတ်ဖြစ်သွားသည့် နန်းပလ္လင်ကို တွေဝေငေးမောလျက် ကြည့်နေသည်။
အခု ဘာဖြစ်သွားတာတဲ့နည်း။