၁၇၃။ ကျီစားခြင်း - ၂
ဂျန်ဝုရှီသည် သူမအတိတ်မှာရော လက်ရှိမှာပါ အေးစက်စက်နိုင်ပြီး ခံစားချက် ကင်းမဲ့သည်။ သူမ နှလုံးသားထဲမှ ဂရုစိုက်သူများက လက်တစ်ဖက်ပင် မပြည့်ပေ။
ထိုလူများက သူမနှင့် အတူ သေခြင်း ရှင်ခြင်းကို တောက်လျှောက် ရင်ဆိုင်လာခဲ့သည့် ရဲဘော်ရဲဘက်များနှင့် သူမနှင့် သွေးသားတော်စပ်ပြီး သူမကို အစစ်အမှန် ဂရုစိုက်သူများ ဖြစ်ကြသည်။
သို့သော် ဂျန်ဝုယောင်းကို ဘယ်နေရာမှာ ထည့်သွင်းထားရမလဲ သူမ မသိပေ။
သူက သူမ၏ ရဲဘော်ရဲဘက်လည်း မဟုတ်သလို, သွေးသားတော်စပ်သူလည်း မဟုတ်ပေ။
သို့သော် သူမ လိုအပ်ချိန်တိုင်း သူက ပေါ်ပေါက်လာတတ်ကာ ပြီးသွားလျှင် အစအနမကျန် ပျောက်ကွယ်သွားတတ်သည်။ သူ့ကို ရှာမတွေ့နိုင် ဖြစ်နေသည်။ သို့သော် သူက နေရာတိုင်းမှာ ရှိနေသလိုပင်။
မုန်းတီးတာလား။
ဒီလိုလည်း မဟုတ်ပေ။
“ငါ့ကို နင် မမုန်းဘူးဆိုရင်, ငါ့ကို ကြိုက်တယ်လို့ ဆိုလိုတာပေါ့” လူလည်ကျသည့် အရိပ်အယောင်က ဂျန်ဝုယောင်း၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူက ဂျန်ဝုရှီ၏ လက်များကို မြှောက်၍ လက်ချောင်းများကို အနမ်းပေးလိုက်သည်။
“ငါ့ နတ်သမီးလေးက ငါ့ကို တကယ် ကြိုက်တယ်ဆိုတော့ ငါ အရမ်း ပျော်တာပေါ့။”
“မဟုတ်ဘူး။” လူတစ်ယောက်ကို ကြိုက်တယ်ဆိုတာကို သူမ နားမလည်ချေ။ သို့သော် သူမ သိတာက... ဂျန်ဝုယောင်းက သူမအား သူမ၏ ရဲဘော်ရဲဘက်များ မိသားစုများနှင့် မတူညီသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ရဲဘော်ရဲဘက်များ မိသားစုများပေါ်မှာ နှစ်သက်သဘောကျခြင်းမှာ အကန့်အသတ်ရှိနေမှန်း သူမ သိသည်။ သူတို့နှင့် မတူဘဲ ခြားနားနေသောကြောင့် သူ့ကို မကြိုက်ဟူ၍ သူမ ဆိုလိုတာ ဖြစ်သည်။