1489------1491

58 0 0
                                    

အခန်း (၁၄၈၉ - က)(စာစဉ် ၁၁၄- အပိုင်း ၁)
“မင်းကငါ့ရဲ့ဦးလေး”
အခြေအနေများက ရုတ်တရက်ဖြစ်သွား၍ ရဲရှောင်နှင့် ပြတင်းပေါက်မှ တက်လာသောလူမှာ တုန်လှုပ်သွား ကြလေသည်။
ယခုလိုအခြေအနေက နှစ်ဦးသား မမျှော်လင့်ထားကြသည့် အခြေအနေမျိုးပင် မဟုတ်ပါလား။
ထို့ကြောင့် ထိုလူမှ အလျင်စလိုဖြင့် -
“လန့်လိုက်တာဟာ . . . ငါ့ကိုဝင်ခွင့်ပေးစမ်းပါ . . .”
ထိုလူမှာ အနည်းငယ် ကြမ်းတမ်းသည့်ပုံပါပင်။
ပြတင်းပေါက်သို့ရောက်သည်နှင့် သူ၏သန်မာသော လက်ကြီးဖြင့် ရဲရှောင်ကို အတွင်းသို့ တွန်းချလိုက်သည် မဟုတ်ပါလား။
ရဲရှောင်လည်း လျပ်တပြက်ဖြစ်သွား၍ ထိုအခြေအနေကို ဟန့်တားနိုင်ခြင်း မရှိလိုက်ချေ။
ထို့နောက် ထိုလူမှာ အခန်းထဲရောက်သည်နှင့် ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ငြီးတွားလိုက် ၏။
“သေစမ်း . . . ဖရိုဖရဲမြို့တော်က ကောင်းကင်ဘုရင် ၅ ပါးရဲ့ နန်းတော်တွေမှာထက်တောင် အစောင့်အကြပ် ပိုများနေတာပါလား . . .”
ရဲရှောင်လည်း ထိုလူ၏မျက်နှာကိုကြည့်လိုက်သောအခါ အံ့ဩသွားလေသည်။
(ဒီလူပဲလား . . .)
(ဒီလူက လေလံပွဲမှာ ဆရာရှောင်ဆိုတဲ့လူနဲ့ အတိုက်အခံဖြစ်ခဲ့တဲ့ လူမဟုတ်လား . . .)
(နေစမ်းပါဦး . . . သူ့နာမည်က ဘာပါလိမ့် ဪဟုတ်ပြီ . . . နှုတ်ဆက်ဓားသမား ဘူရှန်းဖန်ဆိုပဲ ..  .)
(ဒါပေမယ့် ဘာလို့ဒီလူက ညဉ့်နက်သန်းခေါင် ငါ့အခန်းထဲကို  ဝင်လာရတာလဲ၊ မဟုတ်သေးဘူး မဟုတ် သေးဘူး သူက ယောက်ျားချင်းများ ကြိုက်နေတာများလား၊ ငါ့ကိုတောင် လက်နဲ့တွန်းလိုက်သေးတယ် . . .)
ထိုသို့တွေးရင်းဖြင့် ရဲရှောင်စိတ်ထဲ ထိတ်လန့်လာ၏။
ထို့ကြောင့် ထိုလူကိုလည်း ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေမိလေသည်။
(ဒါကတော့ တော်တော်ကို အန္တရာယ်များလွန်းတယ် . . .)
ဘူရှန်းဖန်မှာမူ နောက်ဆုံးတွင် အသက်ပြင်းပြင်းရှူလိုက်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်တော့သည်။
ထို့နောက် ထိုင်နေရင်းဖြင့် ရဲရှောင်ကို ခေါင်းငဲ့စောင်း၍ ကြည့်လိုက်ပြန်၏။
တဖန် ပြုံးလိုက်ပြန်ရင်း -
“ဒါနဲ့ ငါဒီမှာနားလို့ရတယ်မလား အဲဒီအတွက်လည်း မင်းဘာမှမဖြစ်ဘူးမလား . . .”
(ဘယ်လို . . . ငါကဘာမှမဖြစ်ဘူးတဲ့လား . . .)
ဘူရှန်းဖန်၏စကားကြောင့် ရဲရှောင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
(ဘယ်ရမလဲ ဖြစ်တာပေါ့ ယောကျာ်းကြီးတစ်ယောက်က ညဉ့်နက်သန်းခေါင် ငါ့အခန်းထဲရောက်လာပြီး တစ်ညနေလို့ရမလား လာမေးနေသေးတယ်၊ ငါကဒီလိုလုပ်ရင်ရော သူ့စိတ်ထဲ ဘယ်လိုနေမလဲ ဘာမှမဖြစ်ဘဲ နေမှာ တဲ့လား . . .)
သို့သော် ရဲရှောင် မည်သို့တွေးတွေး ဘူရှန်းဖန်က ယခုနေရာတွင် နေတော့မည်ဟု ဆုံးဖြတ်ပြီးသွားသည့် ပုံ ပါပင်။
(မင်းဘာသာမင်း လက်ခံချင်မခံချင် ငါကတော့ စိတ်ပိုင်းဖြတ်ပြီးသွားပြီ၊ မင်းအခန်းမှာနေမယ် မင်းအိပ်ယာ မှာ အိပ်မယ် . . .)
တကယ်တမ်းတွင် ရဲရှောင်ဆိုသည်မှာလည်း သွားရှုပ်၍မရသည့် လူစားမျိုးဖြစ်သည်။
ထို့ကြောင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ပြတင်းပေါက်ဘက်သို့ အေးစက်စက်လှမ်းကြည့်လိုက်၏။
ထို့နောက် ကျယ်လောင်သော အသံကြီးဖြင့် -
“ဒီကိုလာကြ . . . ဒီကိုလာကြ . . . သူဒီမှာရှိတယ် . . .”
“သေစမ်း . . .”
ဘူရှန်းဖန်မှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် ရဲရှောင်၏ပါးစပ်အား အတင်းလှမ်းပိတ်လိုက်သည်။
ထိုပုံစံက မသိပါက ရဲရှောင်အား တစ်စုံတစ်ခု လုပ်တော့မည့် ပုံစံမျိုးပင် ပေါက်နေပါသေးသည်။
ရဲရှောင်လည်း ဘူရှန်းဖန်အား ခုခံခြင်းမရှိဘဲ စူးရှသောမျက်လုံးများဖြင့်သာ စိုက်ကြည့်လိုက်၏။
ဘူရှန်းဖန်မှာမူ ထိတ်လန့်တုန်လှုပ်နေသည့်ပုံပါပင်။
“သေစမ်း . . . မလုပ်နဲ့ဟ . . . မင်းကငါ့ကိုသေအောင်လုပ်နေတာပဲ . . .”
ထိုအခါမှ ရဲရှောင်လည်း ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် ဘူရှန်းဖန်မှလည်း ပိတ်ထားသော ရဲရှောင်၏ပါးစပ်ကို ဖြည်းညှင်းစွာ ပြန်ဖွင့်ပေးလိုက် သည်။
သို့သော် သူ၏ပုံစံက ရဲရှောင်ကို မယုံရဲဖြစ်နေသေးသည့် ပုံပါပင်။
သာမန်အားဖြင့် ဘူရှန်းဖန်အဖို့ လူအများကို ဂရုစိုက်တတ်သည့် လူတစ်ဦးမဟုတ်ချေ။
သို့သော် ယခုအချိန်မှာမူ အရေးကြီးသောအချိန်အခါဖြစ်နေ၍ သူ့အနေဖြင့် ဂရုစိုက်မှကိုရလိမ့်မည်။
ဖရိုဖရဲမြို့တော်၏ ထိပ်တန်းပညာရှင်များမှာ သူ့ကို အသည်းအသန်ပင် လိုက်ရှာနေကြသည် မဟုတ်ပါလား။
ထို့ပြင် တစ်မြို့လုံးတွင်လည်း အစောင့်အကြပ်များစွာရှိနေပါသေးသည်။
ထို့ကြောင့် မည်သည့်နေရာသို့ ထွက်ပြေးပါစေ သူ့အဖို့ အဖမ်းခံရနိုင်သည်မှာ သေချာသလောက်ပင်ရှိနေ၏။
အကယ်၍ အစောင့်များသာ ယခုနေရာသို့ ရောက်လာပါကလည်း အဖမ်းခံရနိုင်သည်မှာ မလွဲဧကန်ပါပင်။
ယခုလိုအခိုက်အတန့်တွင် ဘူရှန်းဖန်အဖို့ စိတ်စွမ်းအင်ချီဓာတ်များကိုလည်း အသုံးမပြုဝံ့ချေ။
အကြောင်းမှာ အစောင့်များ အာရုံခံမိမည်စိုးသောကြောင့်ဖြစ်၏။
ထို့ကြောင့် ရဲရှောင်ကို အခန်းထဲသို့ တွန်းထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော် ထိုသို့စိတ်စွမ်းအင်ချီဓာတ်များ အသုံးမပြုနိုင်၍ လက်ရှိတွင် သူ့အဖို့ ရဲရှောင်နှင့် မထူးမခြားနားလို ပင် ဖြစ်နေသည်။
စင်စစ် သာမန်လူများလိုပင် ဖြစ်နေကြခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက်လည်း သတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုသော်ငြား တကယ်တမ်းတွင် ရဲရှောင်က အသာစီးရနေသည်ဟု ဆိုနိုင်သည်။
ရဲရှောင်က အားနည်းနေသေးသည့်တိုင် စိတ်စွမ်းအင်ချီဓာတ်များကိုမူ သုံးနိုင်သေးသည် မဟုတ်ပါလား။
သို့သော် မည်သို့ပင်ဆိုစေကာမူ ယခုအချိန်က ရဲရှောင်အတွက် အန္တရာယ်များသော အခြေအနေဟုဆိုနိုင် သည်။
ဘူရှန်းဖန်လိုလူမျိုးက ရဲရှောင်ကို လက်တစ်ဖက်တည်းဖြင့် အသေသတ်နိုင်၍ အန္တရာယ်မများဘဲ မည်သို့ နေပါမည်နည်း။
“ကောင်လေး . . . နားထောင် ငါမင်းကို တမင်တကာလာပြီး အနှောက်အယှက်ပေးတာ မဟုတ်ပါဘူး၊ ငါ့မှာ သွားစရာနေရာ တကယ်မရှိလို့ပါ၊ ငါ့အခုအခြေအနေက ခဏလောက်ပုန်းနေဖို့ လိုအပ်တယ် . . .”
“လုပ်စမ်းပါကွာ . . .”
ဘူရှန်းဖန်မှ စိတ်ပျက်လက်ပျက်ဖြင့်ပင် ပြောလိုက်၏။
သူ့အဖို့ တစ်ကိုယ်တော်ပညာရှင်စာရင်းတွင် အစွမ်းထက်လူများအနက် တစ်ဦးဖြစ်သည့်တိုင် ရဲရှောင်ကမူ သူ့အား ကြောက်ရွံ့သည့်ပုံမရှိချေ။
ထိုအစား သူ့ကိုပင် ဆန့်ကျင်၍ အော်ဟစ်နေသေးသည် မဟုတ်ပါလား။
ထို့ကြောင့် ဘူရှန်းဖန်လည်း ခဏတာမျှ စဉ်းစားပြီးနောက် အခြေအနေများကို သဘောပေါက်သွားတော့၏။
(သူကငါဘယ်သူလဲဆိုတာ မသိသေးဘူးထင်တယ်၊ အဲဒါကြောင့် သူကငါ့ကို အထဲမဝင်ခိုင်းတာပဲ . . .)
(တစ်ခါတစ်လေ မသိနားမလည်မှုက အကြောက်အရွံ့ကင်းစေတယ်ဆိုတာ သိပ်မှန်တာပဲ . . .)
ထင်ထားသည့်အတိုင်းပင် ရဲရှောင်မှ ဘူရှန်းဖန်အား အေးစက်စက်ကြည့်လိုက်ပြီး -
“ခင်ဗျားကို ဘာလို့ ကျုပ်နေရာမှာ ပုန်းအောင်းခွင့်ပေးရမှာလဲ၊ ခင်ဗျားကိုယ်ခင်ဗျား သိပ်အစွမ်းထက်တယ် ထင်နေတာလား နောက်ပြီး ခင်ဗျားရဲ့ အစွမ်းတွေနဲ့ရော ကျုပ်ကို ထိန်းချုပ်နိုင်မယ်ထင်နေတာလား၊ ခင်ဗျားက ကျုပ်ကို လုပ်ချင်သလို လုပ်လို့ရမယ်များ ထင်နေတာလား . . .”
“ကောင်းပါပြီ . . .”
ဘူရှန်းဖန် မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်၏။
ရဲရှောင်၏မေးခွန်းများက ထက်ရှလှသော ဓားတစ်လက်နှင့်ပင် တူနေသည် မဟုတ်ပါလား။
ထို့ကြောင့် သူ့အဖို့ မည်သို့မည်ပုံ ပြန်ဖြေရမည်မှန်းကို မသိတော့ချေ။
သို့သော် ရုတ်တရက် သူ၏မျက်နှာက ခက်ထန်ကြမ်းတမ်းသော ပုံစံမျိုးဖြစ်သွားပြီး -
“ဘာဖြစ်လဲဟုတ်လား . . . မင်းရဲ့အသက်က ငါ့လက်ထဲမှာပဲ၊ ငါကအင်အားကြီးတယ် အဲဒီအင်အားကပဲ ငါ့ ကို သတ္တိတွေပေးနေတာ ပြီးတော့ ငါမင်းအခန်းကိုယူမယ် ဘာဖြစ်လဲ၊ ငါသာအလိုရှိရင် မင်းကိုသတ်ပစ်လို့တောင် ရတယ်ကွ . . .”
ဘူရှန်းဖန်မှာ ကိုယ့်ကိုယ်ကိုယ် အရေးနိမ့်နေမှန်းသိသည့်တိုင် ရဲရှောင်အား စိန်ခေါ်လိုက်၏။
ရဲရှောင်မှလည်း မခိုးမခန့်ဟန်ဖြင့် -
“ဪတကယ်ပဲလား . . . ကျုပ်ကတော့ သိပ်ကိုကြောက်သွားပြီ . . .”
“ကောင်းပြီ . . . ဒါဆိုရင်လည်း ကျုပ်ဘက်က အခုပဲ စိတ်ပိုင်းဖြတ်လိုက်ပြီ . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင်လည်း ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး -
“ဒီကိုလာကြဟေ့ . . . ဒီမှာရှိတယ် . . .”
ဘူရှန်းဖန်လည်း ထိတ်လန့်သွားပြီး ရဲရှောင် ထပ်မအော်နိုင်ခင်မှာပင် ပါးစပ်ကို လှမ်းပိတ်လိုက်သည်။
သူ့အဖို့ ရဲရှောင်ထက် အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သည့်တိုင် စိတ်ထဲ၌ ကြောက်ရွံ့နေမိလေသည်။
(ငတုံးငအကောင်ရဲ့ အခန်းထဲ ငါဝင်လာမိပြီလားမသိဘူး . . .)
(ငါကတော့ သေတော့မှာပဲ . . .)
ထိုအချိန် ရဲရှောင်မှာမူ လက်တစ်ဖက်ဖြင့် ဘူရှန်းဖန်၏လက်ကို ဆွဲဖယ်လိုက်သည်။
ထို့နောက် အထက်စီးဆန်သော အသံဖြင့် -
“အဟမ့် . . . အခုခင်ဗျား သဘောပေါက်ပြီလား၊ မှားနေတာက ခင်ဗျားပဲ . . .”
“အခု ခင်ဗျားအသက်က ကျုပ်လက်ထဲမှာ၊ မှန်ပါတယ် ခင်ဗျားက အင်အားကြီးတယ် အဲဒါနဲ့ပဲ အရာအားလုံး လုပ်လို့ရနေတယ် ဆိုလိုလို့မရဘူးလေ၊ အခုခင်ဗျားက ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေတယ်၊ ကျုပ်ပြောတာ ဟုတ်တယ်မလား ဟုတ်တယ်လို့ ပြောလိုက်စမ်းပါ၊ ဒီလိုမှမဟုတ်ရင် ခင်ဗျားကို သေအောင်လုပ်လိုက်မှာ . . .”
ရဲရှောင်၏စကားများမှာ တိကျပြတ်သားလွန်းလှသည်။
ထို့ကြောင့် ဘူရှန်းဖန်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ရဲရှောင်ကို အထိတ်တလန့် ကြည့်နေမိ၏။
(သေစမ်း . . . ငါ့အသက်က မင်းလက်ထဲမှာဟုတ်လား၊ ငါကမင်းထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ပေါ့ ငါ့ကို သေအောင်တောင် လုပ်ပစ်ဦးမယ်ဟုတ်လား . . .)
(ဒီလို မူလနတ်သမီးကနဦးအဆင့်လောက်ပဲရှိသေးတဲ့ကောင်ကများ ငါ့ကိုလာပြီး ဒီလိုပြောဝံ့သေးတယ်၊ တော်တော်လေး ကို အတင့်ရဲတာပဲ . . .)
သို့သော် ဘူရှန်းဖန်တစ်ယောက် ခဏတာမျှ စဉ်းစားပြီးနောက် ရဲရှောင်ပြောသည်က အမှန်များဖြစ်သည်ကို သဘောပေါက်သွားမိသည်။
အကယ်၍ ရဲရှောင်သာ အော်ဟစ်လိုက်ပြီး လူအများ ဂရုစိုက်အောင်လုပ်လိုက်ပါက သူ့အဖို့ မလွယ်ပေ။
ထို့ကြောင့် အမှန်တကယ်တွင်လည်း သူ၏အသက်က ရဲရှောင်၏လက်ထဲရှိနေသည် မဟုတ်ပါလား။
ထိုစဉ် ရဲရှောင်မှ မကျေမချမ်းအသံဖြင့် -
“ဒါကိုကျုပ်သတိပေးနေတာ၊ ကျုပ်ဖြင့် ကျုပ်ရဲ့ စိတ်စွမ်းအင်ချီဓာတ်တွေကိုတောင် မသုံးရသေးဘူး သုံးသာ သုံးလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ ခင်ဗျားသိပါတယ်၊ အဲဒီလိုသာဆိုရင် ခင်ဗျား တကယ်ကိုပဲ အသက်ပါပါသွား လိမ့်မယ် . . .”
ချောင်ပိတ်ရိုက်နေသော ရဲရှောင်ကြောင့် ဘူရှန်းဖန်မှာ မျက်ရည်များပင် ဝဲတက်လာလေသည်။
(လုပ်စမ်းပါ . . . ကောင်လေးရာ ငါဘာမှမလုပ်တော့ပါဘူး၊ ပြဿနာမရှာစမ်းပါနဲ့တော့ . . .)
(မင်းသာ စိတ်စွမ်းအင်ချီဓာတ်တွေကို သုံးလိုက်မယ်ဆိုရင် ငါ့ဘဝက မင်းပြောသလိုပဲ တကယ်ကို အသက် ပါသွားမှာပေါ့ . . .)
ဘူရှန်းဖန်မှာ အမှန်တကယ်ကို ထိတ်လန့်နေပြီဖြစ်သည်။
သူ့အဖို့ အခြေအနေများအရ ဘာဆက်လုပ်ရမည်မှန်းလည်း မသိတော့ချေ။
အကယ်၍ ယခုနေရာသာ ဖရိုဖရဲမြို့တော်မဟုတ်ဘဲ တခြားနေရာတွင်သာဆိုပါက ရဲရှောင်ကို ယခုလောက် အထိ သူစိတ်ရှည်နေမည် မဟုတ်ပေ။
မည်မျှထိဆိုလျှင် ကောင်းကင်ဘုရင် ၅ ပါးနေထိုင်သည့် မြို့တော်တွင်ဆိုလျှင်ပင် ရဲရှောင်ကို သူချက်ချင်း သတ်ဖြတ်ပစ်မည်သာ။
သို့သော် ယခုနေရာက ဖရိုဖရဲမြို့တော်ဖြစ်နေ၍ သူ့အဖို့ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရ၏။
ဖရိုဖရဲမြို့တော်၏ စည်းမျဉ်းများက တိကျလွန်းလှသည် မဟုတ်ပါလား။
ထို့ကြောင့် မည်သူ့ကိုမှ ထိုစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခွင့်မပြုချေ။
အကယ်၍ ချိုးဖောက်ပါက ထိုလူက သေချာပေါက်ပင် သေရမည်သာ။
ထိုအချက်ကြောင့်လည်း ဖရိုဖရဲမြို့တော်က နှစ်ပေါင်းများစွာ ယခုကမ္ဘာတွင် အငြိမ်းချမ်းဆုံးမြို့တော်အဖြစ် နာမည်ကြီးခဲ့ခြင်းဖြစ်၏။
“ကောင်လေး မင်းပြောတာမှန်ပါတယ် ဒါပေမယ့် မင်းသတိထားရမှာက မင်းအဲဒီလိုလုပ်ရင် သူတို့ငါ့ကိုရှာ တွေ့တဲ့အချိန် မင်းလည်းအသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး၊ ငါအသက်မပျောက်ခင် ငါ့လက်နဲ့ မင်းကိုသေအောင် သတ်သွားမယ်လို့ ကတိပေးတယ် . . .”
ဘူရှန်းဖန်မှလည်း မလျှော့သောဇွဲဖြင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့ မင်းရဲ့အသက်ကလည်း ငါ့လက်ထဲမှာပဲ၊ ငါပြောတာဟုတ်တယ်မလား ငါကမင်းကို သေအောင် သတ်နိုင်ပေမယ့် မင်းကငါ့ကို ပြန်သတ်နိုင်မလားဆိုတာ မသေချာပါဘူး . . .”
“ခင်ဗျားက သိပ်ပြီးသေချာနေတယ်ပေါ့ ဟုတ်လား၊ ဒီနေရာကနေ ခင်ဗျားက ထွက်သွားနိုင်မယ်လို့ ထင်နေ တယ်ပေါ့လေ၊ ခင်ဗျားရဲ့ တိုက်ခိုက်မှုတွေကနေ ကျုပ်က မရှင်သန်နိုင်ဘူးလို့ သိပ်သေချာနေတယ်ပေါ့ ဟုတ်လား”
ရဲရှောင်မှ ယုံကြည်မှုအပြည့်ဖြင့်ပင် ပြောလိုက်၏။
ဘူရှန်းဖန်မှလည်း ဂုဏ်ယူဝံ့ကြွားသည့် ဟန်မျိုးဖြင့် -
“ဒါပေါ့ကွ . . . မဆိုးဘူး မင်းသိလာပြီပဲ၊ ငါကမင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး အမှန်တိုင်းတွေပြော နေတာ . . .”
“အဲဒီတော့ ဒါကခြိမ်းခြောက်နေတာ မဟုတ်ဘူးပေါ့လေ၊ ကျုပ်ဘဝမှာ တစ်ခါမှ ခြိမ်းခြောက်မခံခဲ့ရဖူးဘူး၊ ကျုပ်ပြောနေတာလည်း အမှန်ပဲ . . .”
ရဲရှောင်မှ ဘူရှန်းဖန်အား စူးရဲသော မျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
ထိုအကြည့်များကို ရင်ဆိုင်ရချိန် ဘူရှန်းဖန်မှာ ထပ်မံ၍ ထိတ်လန့်သွားပြန်လေသည်။
(သေစမ်း . . . ငါကဖြင့် ဘာမှမပြောရသေးဘူးလေ၊ ငါကခြိမ်းခြောက်တာ မဟုတ်ဘူးနော်လို့ ပြောနေတာကို သူက တကယ်ပဲ ငါကသူ့ကို ခြိမ်းခြောက်နေတယ်လို့ ထင်နေတာလား၊ ဒီကောင်လေး အသိစိတ်များ လွတ်သွားပြီ လား တော်တော်ကို ကြောက်ဖို့ကောင်းတာပဲ . . .)
တကယ်တမ်းတွင် ရဲရှောင်က ဒေါသထွက်သွားသည့်ပုံမျိုး ဟန်ဆောင်လိုက်ခြင်းဖြစ်သည်။
သူ့အဖို့ အမြဲလိုလို တည်တည်ငြိမ်ငြိမ်ဖြင့် သရုပ်ဆောင်နိုင်ပြီး ပြဿနာများမှ ရုန်းထွက်ခဲ့သူ မဟုတ်ပါလား။
သို့သော် ယခုအချိန်တွင်မူ တစ်ဖက်လူထက် အသာစီးမရလျှင်ပင် ညီတူညီမျှဖြစ်အောင်လုပ်ရမည်ကို သူ့ ကိုယ်သူ သိနေခြင်းကြောင့် ထိုသို့ဟန်ဆောင်လိုက်ခြင်းပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now