1474

54 2 0
                                    

အခန်း (၁၄၇၄ - က)(စာစဉ် ၁၁၂- အပိုင်း ၇)
“လေလံပြိုင်ဆွဲကြခြင်း”
“၁၃၀၀၀ . . .”
နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
ယခုပုံစံအရ အပြိုင်အဆိုင် လေလံဆွဲကြမည့်ပုံပါပင်။
လေလံတင်သည့် ပစ္စည်းကလည်း အစွမ်းထက်လက်နက်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည့် တန်ဖိုးကြီး သတ္တု ဖြစ်နေသည် မဟုတ်ပါလား။
“၁၅၀၀၀ . . .”
သက်လတ်ပိုင်းအရွယ် လူတစ်ဦးမှ အော်ပြောလိုက်ပြန်၏။
“၂၀၀၀၀ . . .”
မုတ်ဆိတ်မွှေးနှင့်လူတစ်ဦးမှလည်း အားကျမခံ ‘၅၀၀၀’ ထပ်တိုး၍ ပေးလိုက်ပြန်သည်။
“၂၁၀၀၀ . . .”
. . .
သို့သော် ‘၂၁၀၀၀’ ဆိုသည့်ပမာဏမှာ နည်းနေသေး၍ ရပ်တန့်ကြခြင်း မရှိသေးချေ။
ထို့ကြောင့် လူအများမှာ ဈေးများထပ်ထပ်တိုး၍ပင် ပေးနေကြလေသည်။
ထိုအခြေအနေကိုကြည့်ရင်း ဆရာရှောင်မှာမူ စိုးရိမ်စိတ်များဝင်လာတော့သည်။
ထို့အတူ သူ၏စိတ်ထဲ၌လည်း မကျေမချမ်းဖြစ်လာမိ၏။
(ညီနောင်မဟာမိတ်က ငါ့ကိုမရောင်းချင်တာလည်း အံ့ဩစရာမရှိပါဘူး၊ အခုတော့ ကြည့်စမ်းပါဦး . . .)
ယခင်လေလံပွဲများတွင် ရရှိခဲ့ဖူးသည့်ဈေးနှုန်းများအရ ၁၉၀၀၀ ဆိုသည့်ပမာဏမှာ အများဆုံးဖြစ်၏။
ယခုအခါ ကြေးငှက်မွှေးတစ်ခုကပင် ထိုစံချိန်ကို ချိုးဖျက်သွားခဲ့လေပြီ။
ထို့ပြင် ပမာဏမှာလည်း ဒီရေအလား တရိပ်ရိပ် မြင့်တက်လျက်ရှိနေပြန်၏။
အဆုံးမဲ့ပင်လယ်ထဲရှိ လူများမှာ ထိုမျှလောက်ထိ ချမ်းသာကြပါသည်လော။
နောက်ဆုံးတွင် လူတစ်ဦးမှ ခပ်ရွံ့ရွံ့လေသံမျိုးဖြင့် -
“အားလုံးပဲ နားထောင်ကြပါဦး . . .”
“ဆရာရှောင်က ဒီကြေးငှက်မွှေးကို သူ့ရဲ့ပုလွေပြုပြင်ဖို့အတွက် လိုအပ်နေတာပါ၊ ဒါကိုကျုပ်တို့ မဖြစ်မနေ လိုအပ်နေတာမျိုး မဟုတ်ရင် ကျုပ်တို့တွေ နည်းနည်းနောက်ဆုတ်ပြီး ဆရာရှောင်ကို အခွင့်အရေးပေးလိုက်ကြရင် မကောင်းဘူးလား . . .”
“ဆရာရှောင်သာ သူ့ရဲ့ပုလွေကိုလုပ်ပြီးသွားရင် လှပတဲ့သံစဉ်တွေကို ကျုပ်တို့ထပ်ပြီးနားထောင်ရလိမ့်မယ်၊ အဲဒါက လူတိုင်းအတွက် ပျော်စရာမကောင်းဘူးလား . . .”
ထိုစကားကိုကြားရချိန် ဆရာရှောင်မှာ နှုတ်ခမ်းများကွေးသွားအောင်ပင် ပြုံးလိုက်မိသည်။
(အင်းမဆိုးပါဘူး . . . အဆုံးမဲ့ပင်လယ်ထဲမှာ ဒီလိုတွေးပေးတတ်တဲ့ လူတွေလည်း ရှိသေးသားပဲ၊ ငါ့ကို ဘာပဲ ဖြစ်ဖြစ် လူတွေက ထောက်ခံကြတာပဲ၊ ဒီခံစားမှုက ကောင်းလိုက်တာ . . .)
(ဟုတ်တာပေါ့ . . . ငါသာကြေးငှက်မွှေးကိုရမယ်ဆိုရင် ဖရိုဖရဲမြို့တော်မှာ ပွဲတစ်ခုခုလုပ်ဖို့အတွက် တွေဝေ နေမှာမဟုတ်ဘူး၊ အဲဒီလိုသာဆိုရင် သူတို့အပေါ် ငါကျေးဇူးပြန်တုန့်ပြန်ရာလည်းရောက်တယ် . . .)
(ဒါပေမယ့် ငါ့ရဲ့ဝိညာဉ်စွမ်းအားတွေကို ကုန်ဆုံးစေတဲ့ သံစဉ်တွေ၊ တီးလုံးတွေကို တီးမှုတ်ဖို့ မလိုအပ်ဘူး ထင်တယ်၊ အဲဒီလို တီးမှုတ်ပြတော့လည်း သူတို့နားလည်မှာမှ မဟုတ်တာ . . .)
သို့သော် မမျှော်လင့်စွာပင် ဆရာရှောင်အတွက် ဝင်ပြောပေးသောလူမှာ အားလုံး၏ ဒေါသတကြီးအကြည့် များဖြင့်သာ ရင်ဆိုင်လိုက်ရ၏။
ထိုလူ၏စကားကြောင့် လူများအဖို့ စိတ်အနှောက်အယှက်ဖြစ်သွားကြသည့် ပုံပါပင်။
ထို့ကြောင့် လူတစ်ဦးမှ ခြောက်ကပ်ကပ်ပြုံးလိုက်ရင်း -
“ဒီကမိတ်ဆွေပြောတာကို စဉ်းစားကြည့်ကြစို့ . . .”
“သူက ဆရာရှောင်ရဲ့ပုလွေကို အရေးကြီးကြောင်း ပြောနေတာလို့ ကျုပ်ထင်တယ်၊ ကျုပ်တို့တွေရဲ့ ဘဝ တစ်လျှောက်လုံးနဲ့အတူ ကိုင်ဆောင်နေရတဲ့ လက်နက်တွေက ပုလွေလောက် အရေးမကြီးဘူးပေါ့လေ၊ သူပြောချင် တာ အဲဒီအဓိပ္ပာယ်ပဲ ဟုတ်တယ်မလား . . .”
“ကျုပ်တို့တွေရဲ့ လက်နက်က ကျုပ်တို့အတွက် ဘယ်လောက်ပဲအရေးကြီးနေပါစေ ဒီအဖိုးတန်သတ္တုကို သူက ဆရာရှောင်ကို ပေးချင်တယ်ပေါ့၊ သူဆိုလိုချင်နေတာ အဲဒီလိုမဟုတ်လား . . .”
ထိုစကားကြောင့် တစ်ဖက်လူမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် -
“ကျုပ် . . . ကျုပ် . . . ကျုပ်က အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး၊ ကျုပ်ပြောတာ အဲဒီလို မဟုတ်ပါဘူး . . .”
“ကျုပ်ပြောချင်တာက ဆရာရှောင်ရဲ့ သံစဉ်တွေဆိုတာ ခင်ဗျားလည်း သိတဲ့အတိုင်းလေ၊ သူသာ သူ့ရဲ့ ပုလွေ ကို တီးမှုတ်လိုက်မယ်ဆိုရင် . . .”
“နေစမ်းပါဦး . . . သူ့ပုလွေ တီးမှုတ်မှာကို ကျုပ်က ဘာဂရုစိုက်နေရမှာလဲ၊ သူကြိုက်တာ သူမှုတ်ပါစေပေါ့၊ အဲဒီအပေါ် ကျုပ်က ဘာဂရုစိုက်ရမှာလဲ နောက်ပြီး သူသာ တစ်နေရာရာမှာ ပွဲတစ်ခုခုလုပ်မယ်ဆိုရင် ကျုပ်တို့ အားလုံး အဲဒီကိုသွားကြမယ်လို့ ခင်ဗျား ထင်နေတာလား . . .”
“သေချာစဉ်းစားကြည့်စမ်းပါ . . . သူ့ဘဝတစ်လျှောက်လုံး အဆုံးမဲ့ပင်လယ်ထဲလာပြီး ဘယ်နှစ်ခါများ တီးဆို ဖူးလို့လဲ၊ ကျုပ်တစ်ယောက်တည်းအတွက်ဆိုရင်ရော သူက တီးမှုတ်ပေးမှာလား၊ ကျုပ်တစ်ယောက်တည်းအတွက် နဲ့လေ . . .”
နောက်လူတစ်ဦးမှလည်း ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်ပြန်၏။
ထိုစဉ် အခြားလူတစ်ဦးမှလည်း ထောက်ခံဟန်ဖြင့် -
“မှန်တယ် . . . လုံးဝကိုမှန်တယ် . . .”
“ဆရာရှောင်က ကောင်းကင်ဘုံက တီးလုံးတွေကို တီးခတ်နိုင်တယ်ဆိုရင်တောင် သူ့တီးလုံးကို ကျုပ်တို့ နားဆင်နိုင်မယ် ထင်နေတာလား ဒါပေမယ့် ကျုပ်တို့ရဲ့ လက်နက်တွေကတော့ ကျုပ်တို့ရဲ့ဝိညာဉ်လို ဖြစ်နေတာ၊ ဒီ လက်နက်တွေကို ကျုပ်တို့ရဲ့ ဘဝတစ်လျှောက်လုံး ကိုင်စွဲလာရတာ၊ အဲဒီတစ်ချက်နဲ့တင် ဘယ်အရာက ပိုအရေးကြီး တယ်ဆိုတာ ရှင်းနေပြီ မဟုတ်ဘူးလား . . .”
“ဟုတ်တယ် . . . သိပ်မှန်တာပေါ့ . . .”
“ငါတို့ရဲ့ ကိုယ်ကျိုးစီးပွားထက် တခြားလူရဲ့ကိုယ်ကျိုးစီးပွားကို ဘာလို့ ဂရုစိုက်နေရမှာလဲ . . .”
“အခု ကျုပ်က လက်လျှော့လိုက်တယ်ပဲ ထားပါတော့ ဆရာရှောင်က သူ့အတွက် ဘယ်သူက အလျှော့ပေးခဲ့ တယ်ဆိုတာကို သတိရမယ်များ ထင်နေတာလား၊ သူ့အတွက် ဘယ်သူမျက်နှာသာပေးခဲ့တယ်ဆိုတာကိုရော မှတ်မိ မယ် ထင်နေတာလား၊ အဲဒါတောင် ဒီလိုလက်လျှော့ဖို့အကြံပေးတဲ့ အကြံအစည်က တော်တော်ကို အံ့ဩဖို့ကောင်း တာပဲ၊ ကျုပ်ဆိုရင် ဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ဘူး . . .”
“ဆရာရှောင်က ကျုပ်ကို မှတ်မိမမှတ်မိတော့ မသိဘူး ခင်ဗျားတို့ကိုလည်း မှတ်မိချင်မှလည်း မှတ်မိမှာပေါ့ ဒါပေမယ့် သူ့အတွက် ပြောပေးခဲ့တဲ့လူကိုတော့ သူက သေချာပေါက် မှတ်မိနေမှာပဲ၊ ပြောရရင် ဆရာရှောင်အကြိုက် ကောင်လေးပေါ့လေ ဟဲ ဟဲ ဟဲ . . .”
“ဆရာရှောင် မပြောနဲ့ ဒီကောင်လေးရဲ့ရူးမိုက်မှုကို ကျုပ်လည်း အမြဲမှတ်မိနေတော့မှာ၊ ဒီနေတော့ ငါအမြင် တော်တော်ကျယ်သွားပြီဟေ့ . . .”
“ဟုတ်တယ် . . . ကျုပ်တို့က မျှမျှတတပြိုင်ပွဲဝင်နေကြတာလေ၊ ပြိုင်ပွဲပါဆိုမှ ဈေးများများပေးနိုင်တဲ့လူက အနိုင်ရမှာပဲ၊ ဆရာရှောင်က လူတိုင်းပေးတာထက် ပိုပေးနိုင်မယ်ဆိုရင် သူသေချာပေါက် ကြေးငှက်မွှေးကို ပိုင်ဆိုင် နိုင်မှာပဲ၊ အဲဒီလိုမဟုတ်ဘဲ သူ့ကို ဒီအတိုင်းအရှုံးပေးလိုက်ဆိုရင်တော့ ကျုပ်က လဲသေလိုက်လို့ပဲ ပြောလိုက်မယ်”
“ဟုတ်တယ် . . . ကျုပ်လည်း လက်မခံဘူး၊ အဆုံးမဲ့ပင်လယ်ဆိုတာ ဘာလဲ ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခုပဲ၊ နေရာတိုင်းမှာ အန္တရာယ်တွေနဲ့ကိုရှိနေတာ အဲဒါတောင် ကိုယ့်အသက်ကို ကယ် တင်ပေးနိုင်တဲ့ လက်နက်ကိုလုပ်ဖို့ထက် တစ်ခါမှ နားမထောင်ဖူးတဲ့ သံစဉ်တွေကို ရွေးရမှာလား၊ တကယ်ကို ရူးမိုက် တဲ့ အကြံအစည်ပဲ . . .”
“အဲဒီလိုလုပ်မယ့်အစား လေလည်လိုက်တာကမှ အနည်းဆုံး အနံ့ရဦးမယ် အခုတော့ သံစဉ်တစ်ပုဒ်ကို နား ထောင်ရမယ် ဟုတ်လား၊ ဘာမှအကျိုးမရှိတဲ့ လုပ်ရပ်ပဲ အဲဒါကို ဘာလို့ ငါတို့ကလုပ်ရမှာလဲ . . .”
“ဆရာရှောင်ဟုတ်လား . . . အဲဒီဆရာရှောင်ဆိုတဲ့ကောင်က ဘာကောင်လဲ၊ ကျုပ်က တစ်ခါမှ သီချင်းတွေ ကို နားထောင်လေ့ရှိတဲ့လူမဟုတ်ဘူး၊ နောက်ဆုံး နားထောင်မယ်ဆိုရင်တောင်‌ ဆောင်ကြာမြိုင်က မိန်းမလှလေး တွေဆိုတဲ့ တီးလုံးသံကို နားထောင်မှာပေါ့၊ နောက်ပြီး အဲဒီကောင်မလေးတွေက ဆရာရှောင်ထက်ပိုပြီး အမှုတ် တော်မှာ သေချာတယ် . . .”
“ဟား . . . ဟား . . . ဟား . . .”
ထိုစကားကြောင့် စင်အောက်ရှိ လူများအားလုံးမှာ ပွဲကျသွားကြ၏။
“လောင်းလေ . . . သူလိုချင်ရင်လောင်း၊ ပိုက်ဆံပိုပေးရင်ရမယ်၊ ပိုက်ဆံမရှိတဲ့ကောင်တွေကတော့ ပါးစပ် ပိတ်ထားကြ၊ မင်းတို့ကြည့်ရတာ ပိုက်ဆံမရှိတဲ့ကောင်တွေကျနေတာပဲ လောင်းကြစမ်းပါ၊ ငါအခု ၂၆၀၀၀ ပေး မယ်ဟေ့ . . .”
“ဘာ . . . မင်းက ငါ့ကိုလာကြောနေတာလား၊ မင်းကငါ့ထက် ချမ်းသာတယ်လို့ ထင်နေတာလား ငါအခု ၃၀၀၀၀ ပေးမယ် . . .”
ထိုသို့ဖြင့် လေလံဆွဲသည့်လူများမှာ တစ်ပေါက်တစ်ခွန်းဖြင့် အော်ဟစ်ဆူညံလျက်ပင် ရှိနေကြ၏။
ထို့အတူ ဆရာရှောင်မှာလည်း ပေါ်ပေါ်ထင်ထင်ပင် စော်ကားခံနေရလေသည်။
လူတစ်ဦးမှ သူ့ဘက်မှ ထပြောပေးခဲ့သော်လည်း ထိုလူမှာ လူအုပ်ကြီးကို မကျေမချမ်းဖြစ်သွားစေခဲ့သည်။
ထို့ပြင် လူအများ၏ ဆရာကြိုက်ကောင်လေးဟုလည်း အခေါ်ခံလိုက်ရလေသည်။
ထို့ကြောင့် ယခုအခိုက်အတန့်က သူ့ဘဝတွင် သိက္ခာအကျဆုံးဟု ဆိုနိုင်ပေသည်။
အဆုံးမဲ့ပင်လယ်ထဲရှိ ပညာရှင်များမှာ အထိန်းအကွပ်မဲ့သော လူများအဖြစ် သူကြားဖူးခဲ့၏။
ထိုဖြစ်ရပ်က မှန်ကန်ကြောင်းကို သူမျက်မြင်ကိုယ်တွေ့ကြုံတွေ့လိုက်ရချေပြီ။
ထို့ပြင် ထိုလူများထံ၌ ယဉ်ကျေးမှုဟူ၍လည်း စိုးစဉ်းမျှမရှိကြောင်းကို ထပ်လောင်း သိလိုက်ရပြီဖြစ်သည်။
လေလံပွဲဆိုသည်မှာ ငွေကြေးကြွယ်ဝမှုကို ယှဉ်ပြိုင်ရသည့်သဘောဖြစ်၍ အများဆုံးပေးနိုင်သည့်လူက အနိုင်ရရှိပေလိမ့်မည်။
သို့သော် ဆရာရှောင်မှာမူ ထိုအခြေအနေကိုသိသည့်တိုင် လူအများမှသူ့အားစော်ကားနေ၍ အလွန်အမင်းပင် ဒေါသထွက်နေမိလေသည်။
ထိုအချိန် လေလံဆွဲသူများ၏ နောက်ကွယ်တွင်ရှိသော အခြားသောဆရာရှောင်ဖြစ်သည့် ရဲရှောင်မှာမူ အေး အေးလူလူထိုင်လျက် ကျေနပ်ဟန်ဖြင့် ပြုံးနေလျက်ရှိ၏။
သူ၏သတ္တုများကို ညီနောင်မဟာမိတ်အဖွဲ့သို့ ရောင်းချစေခိုင်းလိုက်သည်မှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်နေသည် မဟုတ်ပါလား။
ယခုထွက်ပေါ်နေသော ရလာဒ်များကလည်း ရဲရှောင် ထင်ထားသည့်အတိုင်း အလွန်ကောင်းမွန်နေသည်။
လေလံပွဲမစတင်ခင်ကတည်းက ဌာနေအဖွဲ့အစည်းကသာလျှင် ဈေးအများဆုံးရအောင် စွမ်းဆောင်ပေးနိုင် မည်ဟု သူတထစ်ချ ယုံကြည်ခဲ့မိ၏။
ထိုအချက်ကြောင့် ညီနောင်မဟာမိတ်အဖွဲ့ကို သူရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သော အဖွဲ့အစည်းမျိုးကသာ ကမ္ဘာပေါ်ရှိအခြားအရာများကို ဂရုမစိုက်ဘဲ လေလံပွဲကို ကျင်းပပေးနိုင် မည် မဟုတ်ပါလား။
တကယ်တမ်းတွင် ရဲရှောင်စိတ်ထဲ ထင်မိခဲ့သည့် အချက်တစ်ချက်ရှိနေသေး၏။
ထိုအချက်ကား အခြားမဟုတ်။
ညီနောင်မဟာမိတ်အဖွဲ့မှ လေလံပွဲအတွင်း သူတို့၏လူများစွာ ထည့်သွင်းထားမည့်အချက်ပါပင်။
ထိုသို့သာမဟုတ်ပါက အခြေအနေများမှာ ယခုလောက်အထိ တိုးတက်လာလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆရာရှောင်မှာလည်း ယခုအခါ တစ်ကမ္ဘာလုံးနှင့် တစ်ယောက်ပင် ဖြစ်နေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now