1375-------1384

105 2 4
                                    

အခန်း (၁၃၇၅)(စာစဉ် ၉၉- အပိုင်း၃)
“တင်ပါးအား ရိုက်နှက်ခြင်း”

ရဲရှောင်အဖို့ ခြေတစ်လှမ်း လှမ်းပြီးတိုင်း သူ၏ ဆုံး ဖြတ်ချက်များ ပြတ်သားလာသလို ခံစားလိုက်ရသည်။
နောက်ဆုံးတွင်မူ ရွက်ဖျင်တဲရှိရာသို့ ပြန်ရောက်သွား လေ၏။
သို့သော် အထဲသို့ ဝင်မသွားခင်တွင် ခေါင်းခါကို ခါ ယမ်း၍ ခဏမျှ ပြုံးလိုက်မိပြန်သည်။
ထိုအချိန် ကျွင့်ယင်းလျန်တို့မှာမူ တိုက်ပွဲကို ကြည့်နေ ကြတုန်း ဖြစ်သည်။
ထို့ကြောင့် ရွက်ဖျင်တဲအတွင်း၌ ကျန်ရစ်ခဲ့သည်ဆို၍ ရဲရှောင်သာလျှင် ရှိတော့၏။
ရဲရှောင်မှာ တစ်ကိုယ်တည်းဖြစ်နေ၍ သူ၏စိတ်အစဉ် က လှေငယ်လေး တစ်စီးပမာ အတွေးရေယဉ်ကြောထဲ မျောပါလျက် ရှိသည်။
ခဏအကြာတွင် သူ၏ ပါးစပ်မှ သွေးများ အန်ထွက် ကျလာ၏။
စင်စစ် စိတ်ထဲ ချုပ်တီးရမှုများ များပြားလာ၍ ထိန်း မချုပ်နိုင်တော့ဘဲ သူ၏ နှလုံးသွေးများကို အန်ထုတ်ပစ် လိုက်ခြင်း ဖြစ်သည်။
သို့သော် လက်ကို ဝေ့ယမ်းလိုက်သောအခါ ထိုသွေး များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
ရဲရှောင်လည်း ပင်ပန်းနွမ်းနယ်မှုများကို ခံစားလိုက် ရ၍ ထိုင်ခုံကြီးပေါ်သို့ ခြေပစ်လက်ပစ် နောက်မီချလိုက် သည်။
ထို့နောက် အသက်ကို ခပ်ပြင်းပြင်းရှူရင်း မျက်လုံး များကို မှိတ်ကာ အနားယူရန် ကြိုးစားလိုက်ပြန်သည်။
ထို့ကြောင့် ခဏအကြာတွင် ရဲရှောင် အိပ်မောကျ သွားပါတော့သည်။
သူ၏ ပုံစံက မသိပါက ဒဏ်ရာရရှိထားသည့် ကလေး ငယ် တစ်ဦးနှင့်ပင် တူနေပါသေးသည်။
သို့သော် ထိုသို့ အိပ်မောကျနေသည့်တိုင် သူ၏ မျက် လုံးများထဲမှ မျက်ရည်များမှာမူ တလိမ့်လိမ့် စီးကျ၍နေပါ တော့သည်။
. . .
(ဒါတွေက ငါ့အပိုင် မဟုတ်ဘူး . . .)
(ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး . . .)
. . .
ထိုအချိန် လိဝူလျန်နှင့် ရှဲ့ဒါယူတို့ နှစ်ဦးမှာ ပြင်းထန် စွာပင် တိုက်ခိုက်လျက် ရှိနေကြသည်။
ကျွင့်ယင်းလျန်နှင့် ရွှမ်ပိုင်တို့ နှစ်ယောက်လုံးလည်း တိုက်ပွဲကို ကြည့်ရင်း အံ့ဩနေမိကြ၏။
သူမတို့ နှစ်ဦး၏ စိတ်ထဲတွင် လိဝူလျန်မှ ရှဲ့ဒါယူကို အနိုင်မယူနိုင်လောက်ဟု တွေးထင်ခဲ့မိကြသည်။
အကြောင်းမှာ ရှဲ့ဒါယူက ထိပ်တန်းပညာရှင် တစ်ဦး အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သူဖြစ်ပြီး ဝုဖနှင့် ရွှမ်ပိုင် တို့ နီးပါးလောက်ကို အစွမ်းထက်သူ မဟုတ်ပါလား။
အတိအကျဆိုရလျှင် ခန်းမကြီးနှစ်ခုနှင့် လဘုရင်မတို့ ပင်လျှင် ရှဲ့ဒါယူလောက် အစွမ်းမထက်ခြင်းဖြစ်သည်။
မရဏဓားဟု ကျော်ကြားသည့် လိဝူလျန်မှာမူ မူလ တာအို၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့်တိုင် တစ် ကိုယ်တော်ပညာရှင် တစ်ဦးသာ ဖြစ်၏။
ထို့ကြောင့် မည်မျှပင် တိုးတက်ပါစေ သူ၏ တိုးတက် မှုက အကန့်အသတ် ရှိနေပေလိမ့်မည်။
သို့ဖြစ်၍ နှစ်ဦးသား ယှဉ်ပါက ရှဲ့ဒါယူက မည်သည့် ရှုထောင့်၌မဆို လိဝူလျန်ထက် ပိုမို၍ သာလွန်နေမည်မှာ အသေအချာပင်။
ရှဲ့ဒါယူက ဂိုဏ်းထံမှ တန်ဖိုးမဖြတ်နိုင်သော အမွေ အနှစ်များစွာကို ပိုင်ဆိုင်ထားသူလည်း မဟုတ်ပါလား။
ထို့အတွက်ကြောင့် ယခုတိုက်ပွဲတွင် မြန်မြန်ဆန်ဆန် ရှုံးနိမ့်မသွားသည်ကပင် လိဝူလျန်၏ အောင်မြင်မှုဟု ဆို နိုင်သည်။
သို့သော် လက်တွေ့တွင်မူ အမှန်တရားမှာ ထိုကဲ့သို့ မဟုတ်။
တိုက်ပွဲတွင် လိဝူလျန်မှာ ရှဲ့ဒါယူကိုပင်ဖိ၍ တိုက်ခိုက် နိုင်နေလေ၏။
ထို့ကြောင့် ရှဲ့ဒါယူအဖို့ လိဝူလျန်၏ ခုတ်မလွဲ ဓား ချက်များအောက်တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိဘဲ ခုခံရုံသာ ခုခံနေရလေသည်။
တိုက်ပွဲအစတွင် သူမဘက်မှ တိုက်ခိုက်နိုင်ရန် အခွင့် အရေးရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုသို့ အခွင့်အရေး မရတော့ချေ။
ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့မှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း အံ့ဩနေမိကြ၏။
သို့သော် ဟန်ပိုင်ယွဲ့၊ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာမူ ထိုသို့ မထင်မိကြပေ။
ရှဲ့ဒါယူ မည်မျှ အစွမ်းထက်ပါစေ အမွှာညီအစ်မနှစ်ဦး ထက် အနည်းငယ်သာ ပို၍ အစွမ်းထက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ညီအစ်မနှစ်ဦးသာ အတူတကွ တိုက်ခိုက် မည် ဆိုပါက ရှဲ့ဒါယူအဖို့ ရေရှည် မတောင့်ခံနိုင်မည်မှာ အသေအချာပင်။
ထို့အတူ လိဝူလျန်မှာလည်း ထိုအတိုင်းပါပင်။
သို့သော် လိဝူလျန်က အနည်းဆုံးမူ မိန်းကလေးများ ၏ တိုက်ကွက် ၁၀၀ လောက်ကို ခုခံနိုင်ဦးပေမည်။
ရှဲ့ဒါယူမှာမူ မိန်းကလေးများ၏ တိုက်ခိုက်မှုကို ထိုမျှ လောက်ထိ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ရှဲ့ဒါယူက ဟန်ပိုင်ယွဲ့၏ ခေါင်းစည်းအဆင့်ကဲ့ သို့ လှုပ်ရှားမှု နည်းစနစ်ကိုလည်း တတ်ကျွမ်းခြင်း မရှိ၍ မည်သို့မှ ခုခံနိုင်စွမ်း မရှိမည်မှာ သေချာလှသည်။
ထိုအချက်များကြောင့် သူမထံ၌ ကျင့်စဉ်များစွာ ရှိနေ သည့်တိုင် လက်ရှိတွင် လိဝူလျန်၏ ခုတ်မလွဲ ဓားချက် များကို ခုခံရန် မတတ်နိုင်ဘဲ ဖြစ်နေရသည်။
ထို့ကြောင့် လိဝူလျန်မှာ ရှဲ့ဒါယူကို ဘက်ပေါင်းစုံမှ ဖိ ၍ တိုက်ခိုက်လျက်ပင် ရှိနေသည်။
ထိုအခြေအနေတွင် ရှဲ့ဒါယူအနေဖြင့် အချိန်ကြာမြင့် စွာ တိုက်ခိုက်နိုင်နေသည်ကပင် အံ့ဩဖွယ်ရာကောင်းနေ သည်ဟု ဆိုနိုင်သည်။
လက်ရှိ အခြေအနေများအရ တိုက်ပွဲကို အနိုင်ရမည့် လူက လိဝူလျန်လိုပင် ဖြစ်နေလေ၏။
ထို့ကြောင့် ရှဲ့ဒါယူမှာ ဒေါသအကြီးအကျယ်ပင် ထွက် လျက် ရှိနေသည်။
(ဒါကြီးကတော့ သိက္ခာကျစရာပဲ . . .)
ထို့ပြင် လိဝူလျန်၏ ဓားခုတ်ချက်များက ကြမ်းတမ်း ပြင်းထန်လွန်းနေ၍ ရှဲ့ဒါယူအဖို့ ရှောင်လွှဲရန်ပင် ခက်ခက် ခဲခဲ ကြိုးစားနေရသည်။
လက်ရှိအချိန်တွင် သူမဘက်မှ လုပ်နိုင်သည်ဆို၍ မရ ရအောင် ရှောင်လွှဲရန်သာ ရှိတော့သည်။
လိဝူလျန်မှာမူ ရှဲ့ဒါယူကို ကြည့်ရင်း အားတက်လာ ၍ သူ၏ တိုက်ခိုက်မှုများကို ပိုမို ပြင်းထန်စေလိုက်သည်။
ထိုသို့ဖြင့် တိုက်ပွဲအချိန်မှာ ကြာလာ၍ ခြေကုန်လက် ပမ်းကျလာသော ရှဲ့ဒါယူဘက်မှ အမှားတစ်ခုကို ပြုလုပ် မိလိုက်တော့သည်။
ထို့ကြောင့် -
“ဘုန်း . . .”
ရှောင်တိမ်းရန် မတတ်နိုင်တော့သော ရှဲ့ဒါယူအဖို့ လိ ဝူလျန်၏ လက်ဝါးရိုက်ချက်ဖြင့် ပခုံးကို ရိုက်ချခံလိုက်ရ တော့သည်။
လိဝူလျန်လည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နောက် ဆက်လက်တိုက်ခိုက်ရန် ပြေးသွားသည်။
ထို့အတူ ရှဲ့ဒါယူဘက်မှလည်း သူမ၏ စွမ်းအင်များကို အကုန်အစင် စုစည်းကာ ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင် လိုက်သည်။
စင်စစ် လိဝူလျန်၏ လက်ဝါးရိုက်ချက်က သူမကို အမှန်တကယ် နာကျင်စေခြင်း မရှိခဲ့ပေ။
အတိအကျဆိုရလျှင် သူမ၏ စွမ်းအင် အကာအကွယ် ကိုပင် မချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မနာကျင်ခဲ့သော်လည်း ထိမှန်ခဲ့ရသည်မှာမူ အမှန်ပင် မဟုတ်ပါလား။
ထိုအချက်ကိုပင် ရှဲ့ဒါယူ လက်မခံနိုင်နေခြင်းပါပင်။
လိဝူလျန်ဘက်မှလည်း တိုက်ခိုက်မှုများက ပြင်းထန် ခဲ့သည်ဆိုသော်ငြား စွမ်းအင်များစွာမူ ကုန်ဆုံးခဲ့ရသည်။
ထို့ကြောင့် ရှဲ့ဒါယူမှသာ သူ၏ တိုက်ကွက် ၅၀၀  လောက်ကို ရှောင်တိမ်းနိုင်လိုက်မည်ဆိုပါက ဆက်တိုက် ခိုက်ရန် စွမ်းအင်လုံလောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ရှဲ့ဒါယူဘက်မှ အခွင့်အရေး ရလာနိုင် ပြီး တဖန်ပြန်လည် တိုက်ခိုက်လာနိုင်လိမ့်မည်။
လိဝူလျန်အတွက်မူ ခုခံမှုပိုင်းတွင် အားနည်းသည်ဟု ဆိုရမည်။
ထိုသို့သော အခြေအနေတွင် ရှဲ့ဒါယူသာ ဆက်လက် တိုက်ခိုက်မှုများ ပြုလာမည်ဆိုပါက လိဝူလျန်လည်း ရှုံး နိမ့်သွားနိုင်သည်။
လက်ရှိအချိန်တွင် ရှဲ့ဒါယူအဖို့ လိဝူလျန်၏ တိုက် ခိုက်မှုနှင့် ထိမှန်သွား၍ ဒေါသထွက်သွားပြီး ပြန်လည်၍ တိုက်ခိုက်လိုက်သည်။
မည်သို့ပင် ဆိုစေကာမူ အခြေအနေများအရ ရှဲ့ဒါယူ ဘက်မှ အရေးနိမ့်နေသည်ဟု ဆိုနိုင်သည်။
သို့သော် နာနေသော ကျားတစ်ကောင်ပမာ ဒေါသ တကြီး တိုက်ခိုက်နေသော ရှဲ့ဒါယူနှင့် အလျှော့မပေး တိုက်ခိုက်နေသော လိဝူလျန်ကြောင့် တိုက်ပွဲမှာ အလွန် ပင် ကြည့်ကောင်းလျက် ရှိသည်။
လိဝူလျန်မှာလည်း လေးငါးကြိမ်မျှ ထိမှန်ထားသည့် တိုင် အခြေအနေကောင်းနေသေးသည် ဆိုရမည်။
နောက်ဆုံးတစ်ကြိမ် ထိမှန်ချိန်တွင် လက်ကို‌ဝေ့ယမ်း ကာ ရှဲ့ဒါယူကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
သို့သော် ထိုရိုက်ချက်က ရှဲ့ဒါယူ၏ မသင့်တော်သော နေရာသို့ ထိမှန်သွားသည်။
စင်စစ် ရှဲ့ဒါယူ၏ တင်ပါးကို ဘုန်းခနဲ မြည်အောင်ပင် ရိုက်ချမိလိုက်ခြင်းပါပင်။
ထို့ကြောင့် ထွက်ပေါ်လာသော အသံက အလွန်တရာ ကျယ်လောင်လွန်းလှသလို ရှက်ရွံ့ဖွယ်လည်း ကောင်းလှ သည်။
ရှဲ့ဒါယူ စိတ်ထဲ အလွန်စော်ကားခံလိုက်ရသလိုပင် ခံ စားလိုက်ရသည်။
သူမတို့၏ တိုက်ခိုက်မှုကို ရွှမ်ပိုင်လည်း ကြည့်ရှုနေ သည် မဟုတ်ပါလား။
သို့ဖြစ်၍ ရှဲ့ဒါယူတစ်ယောက် ရှက်ရွံ့စိတ်နှင့်အတူ ရူး သွပ်မတတ်ပင် ဖြစ်သွားရသည်။
“လိဝူလျန် ရှင်က တော်တော်ကို အောက်တန်းကျတဲ့ လူပဲ . . .”
လိဝူလျန်မှလည်း ဒေါသတကြီးဖြင့် -
“ရှဲ့ဒါယူ ကိုယ့်စကားကိုယ် ထိန်းစမ်း၊ မင်းက မိန်းက လေး ဖြစ်နေလို့သာ ငါမင်းကို တကယ်နာကျင်အောင် မလုပ်ဘဲ ထိရုံပဲ ထိလိုက်တာ . . .”
“ဒါတောင် ငါလို ယောက်ျားကောင်းတစ်ယောက်ကို မင်းငါ့ကို ဘာလို့ အဲဒီလို ပြောရတာလဲ . . .”
“ဘာလဲ မင်းတို့ မိန်းမတွေက ငါတို့ယောက်ျားတွေကို ပြောချင်သလို ပြောလို့ရမယ်များ ထင်နေတာလား၊ တိုက် ပွဲပါဆိုမှ ထိလို့မရတဲ့ နေရာဆိုတာ ရှိလို့လား . . .”
“မင်းက ဘာလဲ အဲဒီလိုစည်းမျဉ်းတွေ တကယ်ပဲ ချ မှတ်ချင်နေတာလား . . .”
လိဝူလျန်မှာ အမှန်တကယ်ကိုပင် စိတ်တိုနေမိခြင်း ဖြစ်၏။
ရှဲ့ဒါယူထက်ပင် ဒေါသထွက်မိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရှဲ့ဒါယူထံသို့ တဟုန်ထိုး ပြေးသွားပြီး သူ ၏ လက်ဝါးဖြင့် အဆက်မပြတ် ရိုက်ချပစ်လိုက်သည်။
“ဖြန်း ဖြန်း ဖြန်း . . .”
“ကိုင်းဟာ ကိုင်းဟာ . . .”
နောက်ဆုံးတွင် လိဝူလျန်၏ လက်ဝါးရိုက်ချက်များ က ရှဲ့ဒါယူ၏ တင်ပါးကို ၁၀ ကြိမ်ကျော်ခန့်ပင် ထိမှန်၍ သွားတော့သည်။
“ငါမင်းရဲ့ ဖင်ကို ရိုက်တယ်ကွာ . . .”
“မင်းဘာလုပ်ချင်လဲပြော . . .”
လိဝူလျန်မှ ဒေါသတကြီး အော်ဟစ်၍ ပြောဆိုလိုက် ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now