1466-----1468

45 3 0
                                    

အခန်း (၁၄၆၆ - က)(စာစဉ် ၁၁၀- အပိုင်း ၁၃)
“သခင်ကြီးရဲ”
ဖရိုဖရဲမြို့တော်အတွင်းသို့ လူအုပ်ကြီးနောက်မှနေ၍ ရဲရှောင် လိုက်ပါဝင်ရောက်သွားသည်။
ထိုအချိန်ထိ သူ့အဖို့ စိတ်နှင့်လူမကပ်သလိုမျိုး ဖြစ်နေလေသည်။
စင်စစ် သူ၏စိတ်အစဉ်ထဲတွင် လျှို့ဝှက်ဆန်းကျယ်လှသည့် ဝတ်ရုံဖြူနှင့်လူသာ ကြီးစိုးနေခြင်းဖြစ်သည်။
သူ့အနေဖြင့် ထိုလူ၏ဓားခုတ်ချက်များကို မစဉ်းစားဘဲမနေနိုင်အောင် ဖြစ်နေမိ၏။
ထို့ပြင် နောက်ဆုံးတိုက်ပွဲတွင် မည်သူအနိုင်ရရှိသွားသည်ကိုလည်း အလွန်အမင်း သိချင်လျက်ရှိသည်။
သို့သော် သူ့စိတ်ခံစားမှုအရ ဝတ်ရုံဖြူနှင့်လူမှာ ရှုံးနိမ့်သွားမည်ဟု အသေအချာပင် သိနေမိသည်။
ရဲရှောင်က ထိုလူရှုံးလိမ့်မည်ဟု အဘယ့်ကြောင့် သေချာသိနေရပါသနည်း။
ထိုအတွက် ရဲရှောင်ထံတွင် တိကျရေရာသောအဖြေမရှိချေ။
ရှုံးနိမ့်မည်ကို အတပ်သိသည့်တိုင် သိနေရသည့်အကြောင်းအရင်းကိုမူ ရဲရှောင် မသိခြင်းဖြစ်သည်။
မည်မျှထိ ထူးဆန်းသော ခံစားချက်ပါနည်း။
(သူတိုက်ပွဲကို ဘာလို့ရှုံးတယ်ဆိုတာကို ငါသိတယ် ဒါပေမယ့် အကြောင်းအရင်းကိုတော့ ငါမသိဘူးဖြစ်နေ တယ်၊ ထူးဆန်းလိုက်တာ . . .)
ထိုအချိန် မိစ္ဆာဝိညာဉ်နက်မှာလည်း ရဲရှောင်နောက်မှ လိုက်ပါလာလေသည်။
သူ၏စိတ်ထဲ၌လည်း ရဲရှောင်နှင့်ပတ်သက်၍ အတွေးပေါင်းစုံ တွေးနေလျက်ရှိ၏။
ယခုအခါတွင် ရဲရှောင်အပေါ် သူပိုပို၍ပင် လေးစားနေမိပြီဖြစ်သည်။
ထို့ကြောင့် ရဲရှောင်အတွက်ဆိုလျှင် သူ့ကိုယ်သူပင် ကျေးကျွန်တစ်ယောက်လို မှတ်ယူထားနေချေပြီ။
ထိုသို့ဖြစ်အောင် ရဲရှောင်က ဘာမှမလုပ်ခဲ့သည့်တိုင် မိစ္ဆာဝိညာဉ်နက်က အလိုလိုပင် ရိုကျိုးသွားခြင်းဖြစ်၏။
ယခင်ကဆိုလျှင် ရဲရှောင်နှင့် ပတ်သက်၍ သူတွေးခဲ့ဖူးသည်မှာ -
(ငါကတိမ်တိုက်တွေပေါ်က ပညာရှင်တစ်ယောက်ပဲ၊ မင်းကတော့ တကယ့်ကို ပုရွက်ဆိတ်လေးပေါ့ . . .)
နောက်ပိုင်းတွင် ထိုအတွေးအစား သူ၏အတွေးက ပြောင်းလဲသွားခဲ့၏။
(ငါကအစွမ်းထက်တဲ့ ပညာရှင်တစ်ယောက် မင်းကတော့ အားနည်းတဲ့ ပညာရှင်တစ်ယောက်ပဲ . . .)
အနည်းငယ်ကြာသည့်အခါတွင်မူ အတွေးများက ထပ်မံ၍ ပြောင်းလဲသွားပြန်လေသည်။
(မင်းနဲ့ငါက အဆင့်တူလို့ကို မြင်တဲ့အထိ ငါလေးစားလာမိပြီ . . .)
ထို့နောက်တွင်မူ -
(မဖြစ်သေးဘူး ငါသတိထားမှဖြစ်မယ် . . .)
ထိုအတွေး၏နောက်ပိုင်းတွင်မူ -
(ငါကသူ့ထက်တောင် အားနည်းနေသလိုပဲ၊ သူ့ကိုလေးစားမှဖြစ်မယ် . . .)
နောက်ဆုံးတွင်မူ သူ့စိတ်ထဲ၌ အတွေးတစ်ခုသာလျှင် အနယ်ထိုင်သွားတော့၏။
(သူ့နောက်ကိုလိုက်ရတာက ငါ့ဘဝရဲ့ကံအကောင်းဆုံး ဆုလာဒ်ပဲ . . .)
မိစ္ဆာဝိညာဉ်နက်က ထိုသို့အတွေးပေါင်းစုံဖြင့် ယောက်ယက်ခတ်နေသည့်တိုင် ရဲရှောင်ကမူ မသိချေ။
စိတ်အစဉ်က မျောလွင့်နေသည့်ပမာ သူ့အတွေးနှင့်သူ လွင့်မျော၍ ကောင်းနေတုန်းပါပင်။
သူ့စိတ်ထဲ၌လည်း ထူးခြားသောခံစားမှုတစ်မျိုးကို ခံစားနေရ၏။
စင်စစ် ဝတ်ရုံဖြူဝတ်လူက သူနှင့်ထူးခြားသော ဆက်သွယ်မှုမျိုးရှိသလို ခံစားနေရခြင်းဖြစ်သည်။
ထိုဆက်သွယ်မှုက မည်သို့သော ဆက်သွယ်မှုမျိုးဖြစ်သည်ကို သူကိုယ်တိုင်လည်း မပြောနိုင်ချေ။
ရဲရှောင်အဖို့ သဲလွန်စပျောက်သလိုပင် ဖြစ်နေလေသည်။
နောက်ဆုံးတွင် နှစ်ဦးသားမှာ တည်းခိုဆောင်တစ်ခု၌ နားခိုရန် ဆုံးဖြတ်လိုက်တော့သည်။
မိစ္ဆာဝိညာဉ်နက်လည်း အခန်းထဲသို့ရောက်သည့်အခါမှ သက်ပြင်းချလိုက်မိသည်။
“ဘာဖြစ်လို့လဲ . . .”
ရဲရှောင်က ထူးဆန်းနေသည့် မိစ္ဆာဝိညာဉ်နက်အားကြည့်ရင်း မေးလိုက်သည်။
“ဒီမြို့မှာ ထိပ်သီးပညာရှင်တွေအများကြီးပဲ၊ တော်တော်ကိုများတယ် . . .”
မိစ္ဆာဝိညာဉ်နက်မှ နဖူးမှချွေးများကိုသုတ်ရင်း ရေရွတ်လိုက်သည်။
“ဪ . . . ကျုပ်သိပြီ . . .”
ရဲရှောင်လည်း မိစ္ဆာဝိညာဉ်နက် ဒေါင်းကို အမဲလိုက်ခဲ့သည့်အချိန်အား သတိရသွားပြီး ပြောလိုက်သည်။
“ခင်ဗျား အမဲလိုက်ခဲ့တဲ့ဒေါင်းကြောင့် အဲဒီလူတွေ ခင်ဗျားဆီရောက်လာမှာ ကြောက်နေတာမလား . . .”
ရဲရှောင်မှ မေးလိုက်၏။
မိစ္ဆာဝိညာဉ်နက်မှ ရယ်မောလိုက်ရင်း -
“ဟဲဟဲ . . . ထိပ်တန်းမျိုးနွယ်စုတွေမှာ ထိပ်သီးပညာရှင်တွေ အများကြီးရှိတယ်လေ၊ သူတို့တွေက ရုပ်ဖျက် တာလည်း ကျွမ်းကျင်ကြတယ် အဲဒါကြောင့် သူတို့လက်ကလွတ်ဖို့ဆိုတာ တော်တော်ခက်တယ် . . .”
ရဲရှောင်လည်း ခေါင်းညိတ်လိုက်ပြီး -
“ကျုပ်သိချင်တာ ခင်ဗျားက မြန်မြန်ပြေးနိုင်တဲ့လူဖြစ်ရက်နဲ့ ဘာလို့များ ဒေါင်းကိုဘာလို့ လိုက်ဖမ်းရတာလဲ၊ ကျုပ်ဆိုလိုချင်တာ လူဖြစ်ရက်နဲ့ ဘာလို့ဒေါင်းတစ်ကောင်ကို စီးချင်နေရတာလဲ၊ အဲဒီအစား ဝက်ဝံတစ်ကောင်ကို ရှာလိုက်ပြီးရော . . .”
ထိုစကားကြောင့် မိစ္ဆာဝိညာဉ်နက်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။
(ဝက်ဝံတစ်ကောင်ဟုတ်လား . . . ငါ့ကိုလည်း ကြည့်လိုက်ပါဦး . . .)
(ငါ့ကိုယ်ငါတောင် ဝက်ဝံနက်တစ်ကောင်နဲ့တူနေပြီလို့ ထင်နေတာ အဲဒါကြောင့်လည်း ငါ့ကို တခြားလူတွေ က မိစ္ဆာဝိညာဉ်နက်လို့ ခေါ်ကြတာဖြစ်မယ်၊ အဲဒီလိုအခြေအနေမှာ ငါကဘယ်လိုလုပ်ပြီး ဝက်ဝံထပ်စီးရမှာလဲ၊ မသိ ရင် ဝက်ဝံပေါ်ကို ဝက်ဝံထပ်စီးသလိုဖြစ်နေမှာပေါ့ . . .)
မိစ္ဆာဝိညာဉ်နက်မှာ ထိုသို့တွေးနေမိသည့်တိုင် နှုတ်မှမူ ထုတ်ဖော်မပြောဝံ့ချေ။
ထို့ကြောင့် ရဲရှောင်ပြောသည်ကိုသာ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်တော့၏။
“သခင်လေး . . . မင်းပြောတာလည်း မှန်ပါတယ် . . .”
မိစ္ဆာဝိညာဉ်နက်မှာ ယခုအခါ အားနည်းသည့်လူတစ်ယောက်နှင့်ပင် တူနေလေသည်။
ထို့ကြောင့် စကားပြောရာတွင်လည်း ရဲရှောင်က အသာစီးရလျက်ပင်ရှိနေသည်။
မိစ္ဆာဝိညာဉ်နက်နှင့် ပတ်သက်လျှင် ရဲရှောင် စိတ်ထဲ သေချာသည့်အချက်တစ်ချက်ရှိနေ၏။
အကယ်၍ တစ်စုံတစ်ယောက်မှသာ ရဲရှောင်က ရဲမျိုးနွယ်စုက မဟုတ်မှန်း မိစ္ဆာဝိညာဉ်နက်ကို လာပြောပါ က ထိုလူမည်သူဖြစ်နေပါစေ မိစ္ဆာဝိညာဉ်နက်က အရေခွံစုတ်ပစ်မည်သာ။
ရဲရှောင်ကို ရဲမျိုးနွယ်စုမှဖြစ်မည်ဟုသာ မိစ္ဆာဝိညာဉ်နက်က အပြည့်အဝယုံကြည်ထားသည် မဟုတ်ပါလား။
“အစ်ကိုနက်ကြီး . . .”
“ခင်ဗျားက ဘယ်အဆင့်ကိုရောက်နေပြီလဲ . . .”
ရဲရှောင်က မိစ္ဆာဝိညာဉ်နက်အားကြည့်ရင်း မေးလိုက်သည်။
လွန်ခဲ့သော ၃ ရက်ခန့်ကဆိုလျှင် ရဲရှောင်အဖို့ မိစ္ဆာဝိညာဉ်နက်ကို ထိုသို့ခေါ်ဝံ့လိမ့်မည် မဟုတ်ချေ။
လူဆိုသည်က ကိုယ့်အဆင့်၊ အနေအထားကိုကောင်းစွာသိပြီး လိုက်လျောညီထွေစွာ နေထိုင်တတ်ရမည် မဟုတ်ပါလား။
ထို့ကြောင့် ယခုအခါတွင် သူတို့နှစ်ဦး၏ဆက်ဆံရေးတွင် သူကအပေါ်စီးမှဖြစ်နေပြီကို ရဲရှောင် ကောင်းစွာ သိနေသည်။
အကယ်၍ ထိုအခွင့်အရေးကိုသာ သူအသုံးမချပါက မိုက်မဲသူတစ်ယောက်သာ ဖြစ်သွားလိမ့်မည်။
ထို့အတွက်ကြောင့် ရဲရှောင်က အခွင့်အရေးကိုမိမိရရ အသုံးချလိုက်ခြင်းပါပင်။
“ငါကအခု မူလနတ်ဘုရားအဆင့်နှစ်ပဲ . . .”
မိစ္ဆာဝိညာဉ်နက်မှ ဂုဏ်ယူသည့်ဟန်မျိုးဖြင့် ပြောလိုက်၏။
“ထိပ်သီးပညာရှင်အဆင့်မှာ အင်း . . . အခု အဆုံးမဲ့ပင်လယ်ထဲက ထိပ်သီးပညာရှင်အဆင့်ကို စီလိုက်ရင် ငါကအဆင့် ၃၄၈၇ ယောက်မြောက်ပဲ . . .”
“၃၄၈၇ ယောက် . . . အဆုံးမဲ့ပင်လယ်ရဲ့ ထိပ်သီးပညာရှင်အဆင့်စာရင်းဟုတ်လား . . .”
ရဲရှောင်က ဂုဏ်ယူဝံ့ကြွားနေဟန်ရှိသည့် မိစ္ဆာဝိညာဉ်နက်ကိုကြည့်ရင်း နားမလည်ဟန်ဖြင့် မေးလိုက်၏။
(အဲဒီလောက်တောင်ပဲလား၊ အဲဒါတောင် သူက သူ့ကိုယ်သူ ဂုဏ်ယူနေတယ်ပေါ့၊ ကိုယ့်ကိုယ်ကိုယ် နည်း နည်းပါးပါး ဝမ်းနည်းစိတ်လေးတောင် မဖြစ်ဘူးလား . . .)
(အခုလည်း ကြည့်ပါဦး သူ့ကိုယ်သူ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရဲ့ ထိပ်တန်းအစွမ်းထက်ဆုံး ပညာရှင် ၁၀ ယောက်စာရင်းဝင်လို ပြောလိုက်ရတာကျနေတာပဲ . . .)
“ကောင်းပါပြီ . . . ခင်ဗျားက အထင်ကြီးစရာပါပဲ . . .”
ရဲရှောင်မှ သက်ပြင်းချရင်းသာ ပြောလိုက်တော့သည်။
“မင်းမသိသေးတာရှိသေးတယ် သခင်လေး . . .”
“အဆုံးမဲ့ပင်လယ်ဆိုတာ အဆင့်မြင့်ပညာရှင်တွေနဲ့ ပြည့်နှက်နေတဲ့နေရာလေ အဲဒီတော့ မူလနတ်ဘုရား အဆင့်နဲ့ အထက် ပညာရှင်တွေကပဲ ထိပ်ဆုံးအဆင့် ၁၀၀၀၀ အတွင်းမှာ ဝင်လိမ့်မယ်၊ ငါကအတော်ဆုံးတော့လည်း မဟုတ်ပါဘူး ဒါပေမယ့် သာမန်ထက်တော့သာတာပဲလေ . . .”
မိစ္ဆာဝိညာဉ်နက်မှ ရဲရှောင်၏မျက်နှာအမူအယာကိုကြည့်ရင်း‌ ပြောလိုက်သည်။
သိုင်းလောကတွင်အတွေ့အကြုံရှိသူပီပီ ရဲရှောင်မည်သို့စဉ်းစားနေသည်ကို သူသိလိုက်သည် မဟုတ်ပါလား။
ထို့ကြောင့် ထိုသို့ရှင်းပြလိုက်ရခြင်းပါပင်။
“ဪဟုတ်ပါပြီ ကျုပ်သိပါပြီ . . .”
“ခင်ဗျားပြောတဲ့ စာရင်းက ဘယ်လိုစာရင်းမျိုးလဲ တရားဝင် စာရင်းမျိုးလား . . .”
ရဲရှောင်မှ မေးလိုက်၏။
“ကမ္ဘာ့အဆင့်နဲ့ ဟုန်ချန်အဆင့်တွေကို တရားဝင်အသိအမှတ်ပြုထားပြီးသား . . .”
မိစ္ဆာဝိညာဉ်နက်မှ ပြန်ရှင်းပြလိုက်သည်။
“ဒီအဆင့် စနစ်နှစ်ခုက ပညာရှင်တွေက တကယ်ကို မယုံနိုင်စရာကောင်းတယ် . . .”
ထို့နောက် ရဲရှောင်အား လှမ်းကြည့်လိုက်ပြန်ရင်း -
“ဟုန်ချန်အဆင့်စနစ်ဆိုတာကတော့ သိတဲ့အတိုင်း လွန်ခဲ့တဲ့နှစ်တစ်သိန်းက ပညာရှင်ကြီးရဲ ဖန်တီးခဲ့တဲ့ အရာလေ၊ သူ့ရဲ့ ဖန်တီးမှုကို ကောင်းကင်ဘုံအထက် လူသားနယ်ပယ်က အဖွဲ့အစည်းတိုင်းက အသိအမှတ်ပြုတယ်၊ ဒါပေမယ့် ဒါမတိုင်ခင်တုန်းက ကမ္ဘာ့အဆင့်ဆိုတာလည်းရှိတယ် . . .”
ထိပ်သီးပညာရှင်ကြီးရဲအကြောင်းပြောချိန် မိစ္ဆာဝိညာဉ်နက်မှာ ရဲရှောင်ကိုသာ လှမ်းကြည့်နေမိ၏။
ထိုအခိုက်အတန့်တွင် သူ့ကိုယ်သူလည်း ထိပ်သီးပညာရှင်ကြီးရဲ၏ နောက်ဆုံးမျိုးဆက်နောက်သို့ လိုက်ပါ နေရသည့် နောက်လိုက်တစ်ယောက်ဟု ခံစားမိနေလေသည်။
(သခင်ကြီးရဲနဲ့ ရဲမျိုးနွယ်စုက နှစ်ပေါင်းတစ်သိန်းလောက်ကြာ‌အောင် ကမ္ဘာကြီးနောက်မှာ ပုန်းကွယ်နေခဲ့ ပြီးသွားပြီ၊ အခုတော့ ဒီမျိုးနွယ်စုက သခင်လေးက သိုင်းလောကထဲကို ပြန်လာခဲ့ပြီ၊ ငါကတော့ သူနဲ့အတူရှိနေတဲ့ လူတစ်ယောက်ပေါ့၊ ဒီလိုဖြစ်ရတာ တော်တော်ကို ဂုဏ်ယူစရာကောင်းပါလား၊ ငါ့အတွက်ရော ငါ့မိသားစုအတွက်ပါ တော်တော်ကိုဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပဲ . . .)
“ခင်ဗျားဆိုလိုတာကို သဘောပေါက်ပါပြီ ရှင်းပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် . . .”
ရဲရှောင်မှ ခေါင်းညိတ်လျက် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now