#translator
#ကြွေရွက်ဝါအခန်း (၁၄၅၇ - ခ)(စာစဉ် ၁၀၉- အပိုင်း ၆)
“မွဲတေနေသော ရဲရှောင်”
ဘဝဆိုသည်က ပြဇာတ်တစ်ပုဒ်နှင့်တူသည်။
ထို့ပြင် အိပ်မက်တစ်ခုနှင့်တူသည်ဟုလည်း အချို့ကပြောလေ့ရှိကြ၏။
ရဲရှောင်အဖို့ ထိုစကားများကို ယခင်က ဂရုစိုက်ခဲ့ခြင်းအလျဉ်းမရှိပေ။
သို့သော် ယခုအခါတွင်မူ ထိုစကားများက မှန်ကန်နေကြောင်း ရိပ်စားမိလာလေသည်။
အပြောင်းလဲအတက်အကျ မြန်နေသော သူ၏ဘဝက ထိုစကားများလိုပင် ဖြစ်နေသည် မဟုတ်ပါလား။
ရဲရှောင် ဆာလောင်မှုကြောင့် တံတွေးမြိုချလိုက်၏။
ထို့ကြောင့် ဈေးတန်းရှိ အရသာရှိသော အစားအစာများကို ငေးကြည့်နေမိလေသည်။
ဟင်းလင်းပြင်ထဲရှိအရာများမှလွဲ၍ ဘာမှမစားရသေးသော သူ့အဖို့ မည်သို့မဆာလောင်ဘဲနေပါမည်နည်း။
(လူတွေစားလို့ရတဲ့ အရာတစ်ခုခုကို ငါစားချင်လိုက်တာ . . .)
(ငါဘာတွေများ အမှားလုပ်ခဲ့မိလို့လဲ၊ ဘာလို့ငါ့မှာ ပိုက်ဆံမရှိဖြစ်နေရတာလဲ . . .)
ရဲရှောင် သူ့ဘဝသူတွေးရင်း ဝမ်းနည်းလာမိလေသည်။
ထို့နောက် သက်ပြင်းချရင်း ကောင်းကင်ဘုံကိုသာ အပြစ်တင်လိုက်မိတော့သည်။
(ကောင်းကင်ဘုံ . . .)
(ငါကချင်းရန်နယ်ပယ်မှာ အစွမ်းထက်ဆုံး လူတစ်ယောက်လေ . . .)
(ငါလိုလူက ချင်းရန်နယ်ပယ်မှာရှိတဲ့ မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းပေးခဲ့တယ် ပြီးတော့ ကောင်းတာတွေ ကိုပဲ လုပ်ခဲ့တဲ့ ကျင့်ကြံမှုပညာရှင်တစ်ယောက် ဒါတောင် ငါ့ဘဝက ဘာလို့ သနားစရာကောင်းနေရတာလဲ . . .)
(ဒီကမ္ဘာကိုရောက်လာတဲ့ လူတိုင်းက အခုလိုပဲ ဆင်းရဲပြီး သနားစရာကောင်းနေကြတာလား အနည်းဆုံး တော့ အစားစားဖို့တောင် ထိုက်တန်မှုမရှိဘူးလား . . .)
မှန်ပေသည်။
ရဲရှောင်၏ လက်ရှိဘဝက အမှန်တကယ်ကိုပင် သနားစရာကောင်းနေလေသည်။
အသစ်ရောက်လာသော လူတိုင်းက သူနှင့်မတူညီသော ဘဝမျိုးကိုသာ ဖြတ်သန်းရသည် မဟုတ်ပါလား။
မည်မျှထိဆိုလျှင် နှစ်သန်းပေါင်းများစွာကတည်းက ယခုကမ္ဘာသို့ ရောက်လာသော လူများတွင် မည်သူမှ ရဲရှောင်လို မဖြစ်ဖူးကြခြင်းဖြစ်သည်။
ထို့ကြောင့် ရဲရှောင်က ယခုကမ္ဘာသို့ရောက်လာသော လူများအနက် အဆင်းရဲဆုံးနှင့် အမွဲတေဆုံးဖြစ်နေ၏။
“အဟမျး . . . အဟမျး . . .”
ရဲရှောင်လည်း ပေါင်မုန့်ရောင်းသော ဆိုင်ရှေ့တွင် မတ်တပ်ရပ်ရင်း ချောင်းဟန့်လိုက်သည်။
ယခုဆိုင်ရှင်က သူခိုးကိုဖမ်းစဉ် ရှေ့ဆုံးမှ ပြေးထွက်သွားသော လူဖြစ်ကြောင်း သူတွေ့မြင်ခဲ့၏။
ထို့ကြောင့် ထိုလူက ကျင့်ကြံမှုပညာရှင်ကောင်းတစ်ယောက် သေချာပေါက်ပင် ဖြစ်နိုင်သည်။
ထို့ပြင် ရဲရှောင်ပင် မမီနိုင်သည့် လှုပ်ရှားမှုမျိုးကို လှုပ်ရှားနိုင်သည့် လူတစ်ယောက်လည်းဖြစ်၏။
“ဒီက ညီအစ်ကိုက ပေါင်မုန့်မီးကင်တွေဘာတွေများ လိုလို့လား . . .”
“ဘယ်နှစ်ခုလိုလို့လဲ . . .”
ဆိုင်ပိုင်ရှင် ဝဝကြီးနှင့်လူမှ ပြုံးလျက် ရဲရှောင်အား မေးလိုက်၏။
“ပေါင်မုန့်နှစ်ခုကို အဝါရောင်ဒင်္ဂါး ၁ ပြား ကျမယ် . . .”
ရဲရှောင် နှာခေါင်းကို ပွတ်လိုက်ရင်း -
“ဪ . . . ပြဿနာက ကျုပ်မှာ ပိုက်ဆံမရှိတာပဲ . . .”
“ဘယ်လို . . . မင်းမှာ ပိုက်ဆံမရှိဘူးဟုတ်လား . . .”
ဆိုင်ရှင်ဖြစ်သူက လေယူလေသိမ်းကအစပြောင်းသွားပြီး ရဲရှောင်အား မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
“ဒီမှာကြည့် . . . မင်းက ရုပ်ရည်လေး သနားကမားနဲ့ ဒီကိုလာပြီး အရှက်မရှိ အစာတောင်းရဲတယ်ပေါ့”
“မင်းကိုယ်မင်း သိက္ခာကျတယ်လို့ရော မခံစားရဘူးလား . . .”
ရဲရှောင် ရယ်ချင်သွားမိသည်။
ဆိုင်ရှင်ဖြစ်သူ၏စကားကြောင့် အလွန်လည်း ရှက်ရွံ့သွားမိ၏။
(ကြီးမြတ်တဲ့ရှောင်ဧကရာဇ်က ဆိုင်ရှင်တစ်ယောက်ကတောင် အထင်သေးတဲ့ သူတောင်းစားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ့ကိုယ်ငါ တစ်ခါမှမတွေးခဲ့မိဖူးဘူး . . .)
ချင်းရန်နယ်ပယ်မှ လူများသာ ယခုအကြောင်းကို သိမည်ဆိုပါက အံ့ဩလွန်း၍ပင် သေသွားနိုင်သည်။
“ဒီမှာကြည့် . . . ကျုပ်ပြောပြမယ် . . .”
“ခင်ဗျားဆီက ပေါင်မုန့်မီးကင်လေး နည်းနည်းလောက်နဲ့ ကျုပ်ဘက်က ပစ္စည်းတစ်ခု အလဲအလှယ် မလုပ် ချင်ဘူးလား . . .”
ရဲရှောင် မျှော်လင့်ချက်များပြည့်နေသော မျက်လုံးများဖြင့် မေးလိုက်၏။
“မင်းက ငါ့အတွက် ဘာပေးနိုင်မှာမလို့လဲ . . .”
ဆိုင်ရှင်ဖြစ်သူက ရဲရှောင်အား စိတ်မရှည်ဟန်ဖြင့် ပြောလိုက်ပြန်သည်။
“မင်းလို ပေါင်မုန့်မီးကင် ၁ ချပ်တောင် ဝယ်မစားနိုင်တဲ့ လူဆင်းရဲက ငါ့ကိုဘာများပေးနိုင်မှာမလို့လဲ . . .”
“ကြည့်စမ်းပါဦး . . . ဒီမှာကြည့်လိုက်ဦး . . .”
“ဒီပစ္စည်းနဲ့ဆိုရင် ခင်ဗျားဆီက ကျုပ်ပေါင်မုန့်မီးကင် ဘယ်နှစ်ချပ်လောက်များရနိုင်မလဲ . . .”
ရဲရှောင်မှ သစ်ကြမ်းပိုးအသီးတစ်လုံးကို ထုတ်ပြရင်း မေးလိုက်၏။
“ဪ . . . သစ်ကြမ်းပိုးသီးလား . . .”
ဆိုင်ရှင်က အသီးကို တစ်ချက်လှမ်းကြည့်ရင်း မထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“ဒီသစ်ကြမ်းပိုးအသီးက ရှားပါးတယ်ဆိုတာတော့ ဟုတ်ပါတယ် ဒါပေမယ့် စိတ်စွမ်းအင်ချီဓာတ်နည်းနည်း လောက်ပဲ ထုတ်ပေးနိုင်စွမ်းရှိတာလေ . . .”
“ဒီမှာ . . . ငါမင်းကို စိတ်မကောင်းမဖြစ်စေချင်ဘူး အဲဒီတော့ မင်းရဲ့အသီးကို ပြန်သိမ်းထားလိုက်ပါ ငါမယူ ဘူး၊ မင်းကို လက်ဆောင်အနေနဲ့ ပေါင်မုန့်နှစ်ခုပေးလိုက်မယ်၊ အဲဒါကိုယူပြီးရင် မင်းသွားတော့ . . .”
ပြောပြောဆိုဆိုဖြင့် ဆိုင်ရှင်လည်း ပေါင်မုန့်မီးကင်နှစ်ခုကို ထုတ်ပိုးပြီး ရဲရှောင်အား ပေးလိုက်၏။
ထို့နောက် အဘိုးကြီးတစ်ဦးမှ ကလေးတစ်ဦးအား သင်ခန်းစာပေးသည့် လေသံမျိုးဖြင့် -
“ကောင်လေး . . .”
“မင်းက ရုပ်ရည်သနားကမားလေးရှိတယ် မင်းရုပ်ရည်ကို မင်းကြည့်ပါဦး . . .”
“ဒါပေမယ့် မင်းမှာ အဲဒီလိုရုပ်ရည်လေးရှိရုံနဲ့ အစာရနိုင်မှာမဟုတ်ဘူး၊ ခဏခဏတောင်းလို့လည်း အဆင်‌ ပြေမှာမဟုတ်ဘူး၊ ဒီလိုပုံစံမျိုးနဲ့ မင်းကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ဘယ်လိုအသက်ရှင်မလဲ . . .”
“ပြီးတော့ ဒီပုံစံအတိုင်းဆိုရင် မင်းမိန်းမတစ်ယောက်လည်း ယူလို့ရမှာမဟုတ်ဘူး၊ ဒီကမိန်းကလေးတွေ အကုန်လုံးက တကယ့်အလှပဂေးတွေချည်းပဲ . . .”
ရဲရှောင်မှာမူ ရှက်အမ်းအမ်းဖြင့် ဘာပြောရမှန်းမသိအောင်ပင် ဖြစ်နေမိသည်။
ထို့ကြောင့် ခေါင်းငိုက်စိုက်ဖြင့်သာ ဆိုင်ထဲမှ ပြန်လှည့်ထွက်လာခဲ့လိုက်တော့၏။
“ငါကသူတောင်းစားမှ မဟုတ်တာ . . .”
ရဲရှောင် တစ်ကိုယ်တည်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။
ယခုအချိန်တွင် သူ၏စကားကို ဆိုင်ရှင်မှ ယုံကြည်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“အင်း . . . ထားလိုက်ပါတော့ . . .”
“ရော့ . . . ဒီပစ္စည်းလေးကိုသာ ပေါင်မုန့်တွေအတွက် ယူထားလိုက်ပါ . . .”
ရဲရှောင်လည်း ရှက်အမ်းအမ်းမျက်နှာဖြင့် ဟင်းလင်းပြင်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်၏။
ထို့နောက် ဆိုင်ရှင်၏လက်ထဲသို့ ထည့်ပေးကာ အလျင်အမြန်ပင် ထွက်လာခဲ့လိုက်တော့သည်။
ထို့ကြောင့် သူပေးခဲ့သည့်ပစ္စည်းက ပေါင်မုန့်နှစ်ခုအတွက် လုံလောက်ခြင်းရှိမရှိကိုပင် သူမသိတော့။
သူ့အဖို့ အလွန်အမင်းရှက်ရွံ့နေပြီ မဟုတ်ပါလား။
သစ်ကြမ်းပိုးသီးဆိုသည်က သူ၏ဟင်းလင်းပြင်ထဲတွင် တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုဖြစ်သည်။
သို့သော် ထိုသို့သောအရာမျိုးပင် ကောင်းကင်ဘုံအထက်လူသားနယ်ပယ်တွင် အသုံးမဝင်ဖြစ်နေလေသည်။
ရဲရှောင်အဖို့ ကြုံတွေ့နေရသည့်အဖြစ်အပျက်များကြောင့် ရှက်ရွံ့စိတ်သာလျှင်ရှိနေတော့၏။
“နေဦး . . .  နေဦး . . . ခဏနေပါဦး . . .”
ဆိုင်ရှင်လူဝကြီးမှ အမူအယာ ရုတ်တရက် ပြောင်းသွားပြီး ရဲရှောင်နောက်သို့ ပြေးလိုက်လာသည်။
သူ၏မျက်နှာတွင်လည်း ချွေးများပင် ပြန်နေလေသည်။
ထို့နောက် ရဲရှောင်၏လက်ကို မလွှတ်တမ်း တင်းကြပ်စွာ ကိုင်လိုက်ရင်း -
“ကောင်လေး . . . လာစမ်းပါကွာ . . . နေစမ်းပါဦး . . .”
“ငါမသိလို့ပါ ငါမှားသွားပါတယ်၊ ငါကဒီထက်ပိုပြီး ယဉ်ကျေးလိုက်သင့်တာပါ . . .”
“ရော့ပါ ပြန်ယူလိုက်ပါ မင်းကြိုက်သလောက် ပေါင်မုန့်တွေကိုလည်း ပြန်ယူနိုင်ပါတယ်၊ ဒါကတော့ ငါယူလို့ မရလို့ပါ၊ ငါ့ကိုသနားပါကွာ၊ ဒီပစ္စည်းက ငါငါယူလို့မရလို့ပါ . . .”
ဆိုင်ရှင်မှ ရဲရှောင်လက်ကို အတင်းပင်ဆွဲထား၍ ရဲရှောင်အဖို့ ရုန်းမရပင် ဖြစ်နေလေသည်။
ထို့ကြောင့် ခဏမျှစဉ်းစားလိုက်ပြီးနောက် ရဲရှောင်နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
ထိုအခါ ဆိုင်ရှင်ဖြစ်သူက မျက်လုံးပြူးမျက်ဆံပြူးဖြင့် သူ့ကိုကြည့်နေသည်ကို ထူးဆန်းဖွယ် မြင်တွေ့လိုက် ရသည်။
ထိုလူ၏ပုံစံက သူ့ကို အနည်းငယ်ပင် ဦးညွှတ်နေသည့်ပုံမျိုးပါပင်။
ထို့ပြင် အချိန်မရွေး ဒူးထောက်ထိုင်ချမည့် ပုံစံမျိုးလည်းရှိနေလေ၏။
တစ်ချိန်တည်းမှာပင် လက်တစ်ဖက်က သူ့အား ကိုင်ဆွဲထားပြီး ကျန်တစ်ဖက်မှလည်း ပစ္စည်းကိုပြန်၍ပေး နေလေသည်။
မသိပါက ထိုပစ္စည်းက သူ့လက်နှင့်နှလုံးသားကို နာကျင်နေစေသယောင် ပုံစံမျိုးပင် ပေါက်လျက်ရှိနေသည်။
ထို့ကြောင့် မည်သည့်နည်းနှင့်မျှ ရဲရှောင်ပေးသည့်ပစ္စည်းကို လက်မခံနိုင်သည့်ပုံပါပင်။
ရဲရှောင်လည်း ဆိုင်ရှင်ဖြစ်သူ၏လက်ထဲရှိ ပစ္စည်းကို လှမ်း၍ကြည့်လိုက်မိသည်။
ထိုအခါ လက်သီးဆုပ်အရွယ်ပင်မရှိသော အစိမ်းရောင်တောက်ပနေသည့် သတ္တုတစ်မျိုးကို မြင်လိုက်ရ၏။
ထိုအချိန် ကျန်လူများမှာလည်း ထိုသတ္တုတုံးကို ငေးကြည့်နေကြလေသည်။
ထိုလူများ၏ မျက်နှာများမှာလည်း ယခင်နှင့်မတူ ရုတ်ချည်းပြောင်းလဲသွားကြ၏။
ရဲရှောင် ထိုမြင်ကွင်းကိုကြည့်ရင်း အံ့ဩသွားသည်။
သူ့အဖို့ ရွေးချယ်စရာမရှိတော့၍ သတ္တုတုံးတစ်တုံးကို ပေးခဲ့ခြင်းဖြစ်သည်။
ထိုပစ္စည်းကို ဆိုင်ရှင်မှ အသုံးမဝင်ဟုဆိုကာ ငြင်းပယ်လိမ့်မည်ဟုလည်း တွေးထင်ထားခဲ့သည်။
ထို့ကြောင့် ပေးပြီးသည်နှင့် ဆိုင်မှအလျင်အမြန် ထွက်ခဲ့ခြင်းဖြစ်သည်။
ရဲရှောင်အတွက်မူ ထိုသတ္တုတုံးက ဘာဆိုဘာမှမဟုတ်ချေ။
စွန့်ပစ်နယ်မြေထဲမှ ရရှိခဲ့သော အပိုင်းအစများမှ ထုတ်ယူရရှိသော ပစ္စည်းသာလျှင်ဖြစ်၏။
သူ၏ ဟင်းလင်းပြင်ထဲတွင်လည်း ထိုသို့သော သတ္တုမျိုး တောင်ပုံရာပုံပင် ရှိနေလေသည်။
ထိုအထဲမှ အသေးဆုံး အစိတ်အပိုင်းကိုရွေးကာ ပေါင်မုန့်ဖိုးအတွက် ရဲရှောင် ပေးချေခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏အပြုအမူအတွက် လူတိုင်းထိုသို့ဖြစ်သွားသည်ကို နားမလည်နိုင်ဖြစ်နေမိလေသည်။
(ဘယ်လိုဖြစ်တာလဲ . . . အဲဒီလောက်ထိ ဖြစ်ဖို့လိုအပ်လို့လား . . .)
ရဲရှောင်လည်း ဆိုင်ရှင်အား နားမလည်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။
ဆိုင်ရှင်မှာမူ ချွေးစေးများပြန်နေပြီး ထိတ်လန့်လျက်ရှိနေသည်။
ထို့နောက် တုန်ယင်သောအသံဖြင့် -
“ညီလေး . . . ညီလေး . . .”
“ငါမှားသွားပါတယ် ငါမင်းကို ဒီထက်ပိုပြီးယဉ်ကျေးခဲ့သင့်တာ . . .”
“မင်းငါ့ကိုပေးတာ ကြယ်သံမဏိပဲ၊ ဒါကိုမင်းပဲပြန်ယူလိုက်ပါ ငါဒါကိုယူဖို့ မဝံ့ရဲပါဘူး . . .”
“ကြယ်သံမဏိဟုတ်လား . . .”
ရဲရှောင်မှ သတ္တုတုံးကို ပြန်မယူသေးဘဲ မေးလိုက်၏။
“ဒါကကြယ်သံမဏိဖြစ်တော့ရော ဘာဖြစ်လဲ . . .”
“ခင်ဗျားပေါင်မုန့်နှစ်ခုအတွက် မလုံလောက်သေးဘူး ထင်လို့လား . . .”
ရဲရှောင်မှ နားမလည်ဟန်ဖြင့် ပြန်မေးလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now