Part 121

1.4K 166 5
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 121
အိုး... မဟုတ်ဘူး။

သေပြီ။

သူသေပြီ။

သူ့နှလုံးသည် အလွန်လျှင်မြန်စွာခုန်နေ၍ လည်ပင်းထဲမှခုန်ထွက်လာမည်ကဲ့သို့ဖြစ်နေသည်။ ရှန်းချင်းဟန်၏အေးစက်သောမျက်လုံးများအား ကြည့်ပြီး လင်းကျဲ့၏နှလုံးခုန်သံသည် ထိန်းချုပ်၍ပင်မရပေ။ လင်းကျဲ့ ထိုကဲ့သို့ခံစားရသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ဒီတစ်ကြိမ်တော့ သူကိုယ်တိုင်သည် သူ၏ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်ထွက်နေသည်ဟု ခံစားနေရသည်။

လင်းကျဲ့သည် ထူးဆန်းနေသောနှလုံးခုန်သံကို ရှန်းချင်းဟန်ကြားသွားမည်စိုးသောကြောင့် ရင်ဘတ်ကို အမြန်ဖုံးကွယ်ပြီးဖိထားလိုက်သည်။ ယခုအချိန် လင်းကျဲ့၏ဦးနှောက်သည် ဗလာဖြစ်နေသောကြောင့် သူသည် ရှန်းချင်းဟန်၏အနီးမှ ဖြစ်နိုင်သမျှမြန်မြန် ထွက်ခွာသင့်သည်ကို မေ့လျော့နေ၏။

ရှန်းချင်းဟန်၏လှပသောမျက်ခုံးမျက်လုံးများ၊ ဖြောင့်စင်းနေသောနှာတံ၊ သွေးရောင်မရှိသည့် ပါးလွှာသော နှုတ်ခမ်းများ အစရှိသည့် ရင်သပ်ရှုမောဖွယ်အလှအပများကို ကြည့်၍ လင်းကျဲ့၏နှလုံးခုန်သံသည် ရုတ်တရက် လွဲမှားသွားသည်။

“ဒါက ကျွန်တော်…”

လင်းကျဲ့သည် တံတွေးကိုအမြန်မြိုချလိုက်ပြီးနောက် တိတ်ဆိတ်နေသော နှုတ်ခမ်းလွှာများသည် ပွင့်ဟလာ သည်။

“မင်းသား၊ သခင်လေး အဆင်ပြေရဲ့လားခင်ဗျာ”

ထိုအချိန်တွင် အပြင်ဘက်မှ ကျန်းရန်၏အသံထွက်ပေါ်လာသည်။ ကျန်းရန်၏အသံသည် လင်းကျဲ့၏ မျက်နှာအား ကျယ်လောင်စွာရိုက်လိုက်သကဲ့သို့ဖြစ်သွားပြီး လင်းကျဲ့ နောက်ဆုတ်လိုက်မိသည်။ သူသည် ရှန်းချင်းဟန်၏အနီးမှထလာကာ ထိုင်ခုံသို့ ပြန်သွားခဲ့သည်။

ရှန်းချင်းဟန်က သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီးနောက် တံခါးသို့ ကြည့်လိုက်ပြီး တိုးတိုးပြောသည်။

“အင်း၊ အဆင်ပြေပါတယ်”

“တော်သေးတာပေါ့”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now