part 107

1.4K 211 7
                                    

Unicode

အခန်း - ၁၀၇

ရှန်းချင်းဟန်က လင်းကျဲ့သည် ရုတ်တရက်ပြေးလာမည်ဟု ထင်ထားမိပုံမပေါ်ပေ။  အလိုအလျောက်သိစိတ်အရ သူသည် လက်များကိုဆန့်တန်းပြီး ဖမ်းလိုက်၍ လင်းကျဲ့ကို သူ့လက်မောင်းများကြားထဲတွင် ဖက်ထားလိုက်သည်။
လင်းကျဲ့သည် ရှက်ရွံ့ရမှန်း မသိတော့ဘဲ မျက်ရည်များကျဆင်းလျက် နှာခေါင်းတရှုံ့ရှုံ့ဖြင့် ငိုကြွေးနေသည်။
“ဟီးဟီး ကျွန်တော်ဆာလောင်လွန်းလို့ ထင်ယောင်ထင်မှားဖြစ်နေတာလား၊ ခင်ဗျားရှန်းခင်းဟန်ပါနော်၊ တကယ် ဟုတ်ပါတယ်နော်”
လင်းကျဲ့သည် ရင်ခွင်ထဲမှထွက်၍ ရှန်းချင်းဟန်၏မျက်နှာကို မော့ကြည့်လိုက်သည်။  သူ၏မျက်လုံးများသည် နီရဲနေပြီး မျက်ရည်များနှင့် ပြည့်နေသည်။
ရှန်းချင်းဟန်၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး တစ်စုံတစ်ခုကို မြိုသိပ်နိုင်ရန်ကြိုးစားနေသကဲ့သို့ သူ့နဖူး ပေါ်ရှိအပြာရောင်သွေးကြောများသည် ပေါက်ထွက်လုမတတ်ဖောင်းနေသည်။  အချိန်အတော်ကြာပြီးနောက် သူက စကားနှစ်ခွန်းကို အားတင်း၍ပြောသည်။
“လွှတ်စမ်း”
“တကယ်ရှန်းချင်း ဟန်ပဲ”
ထိုအေးစက်သော စကားလုံးများကို ထပ်မံကြားလိုက်သည်နှင့် လင်းကျဲ့က သူ့ရှေ့မှလူသားသည် ရှန်းချင်းဟန်ဖြစ် သည်ကို သေချာသွားသည်။  သူက ရှိုက်လိုက်သည်။
သူ၏မျက်လုံးများသည် လှုပ်ခတ်နေသည်။  ရှန်းချင်းဟန်သည် စိတ်ဆိုးနေမည်ဖြစ်သည်။  ရုတ်တရက် လင်းကျဲ့က ရှန်းချင်းဟန်ကို တင်းကျပ်စွာဖက်လိုက်သည်။  ရှန်းချင်းဟန်သည် မှင်သက်တောင့်တင်းသွားသည်။
“ကျွန်တော်ခင်ဗျားကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ”
လင်းကျဲ့သည် ရှန်းချင်းဟန်၏ ခန္ဓာကိုယ်ပေါ်တွင် ဖက်တွယ်နေပြီး သူ၏အသံသည် ငိုကြွေးမှုကြောင့်ကွဲအက် နေသည်။
သူ၏လက်များသည် ဖယ်ချခြင်း ခံလိုက်ရပြန်သည်။
“ထိခိုက်မိတာရှိသေးလား”
ရှန်းချင်းဟန်၏အသံသည် ဖြစ်တောင့်ဖြစ်ခဲပင် နူးညံ့သိမ်မွေ့နေသည်။
လင်းကျဲ့သည် ခဏမျှမှင်သက်သွားပြီးနောက် ခေါင်းရမ်းပြသည်။
“တကယ်မရှိဘူးလား”
ရှန်းချင်းဟန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“အင်း၊ ကျွန်တော်အဆင်ပြေပါတယ်”
လင်းကျဲ့က ခေါင်းညိတ်လိုက်သည်။
“လက်တွေ”
ရှန်းချင်းဟန်က ရုတ်တရက်ပြောလိုက်သည်။
“ဘာ”
လင်းကျဲ့က အံ့သြသွားပြီး နားမလည်ပေ။
“လက်တွေထုတ်လိုက်”
ရှန်းချင်းဟန်က ပြောသည်။
“အင်း ခင်ဗျားမကြည့်လို့မရဘူးလား”
လင်းကျဲ့က လေကို နှုတ်ခမ်းထောင့်မှ မှုတ်ထုတ်လိုက်သည်။  အကယ်၍ သူလက်များထိခိုက်လာသည်ကို မြင်လျှင် သူသည် နောက်တစ်ကြိမ် အငေါက်ခံရမည်လား။
“လင်းကျဲ့”
ရှန်းချင်းဟန်က ရုတ်တရက် လင်းကျဲ့၏နာမည်ကိုခေါ်လိုက်သည်။  လင်းကျဲ့ကမတုန့်ပြန်ပေ။  ရှန်းချင်းဟန်သည် လင်းကျဲ့ခါးကို ဆွဲယူလိုက်ပြီး သူသည် မဖုံးကွယ်ထားနိုင်တော့ပေ။  သွေးထွက်နေသောလက်သည် ရှန်းချင်းဟန် ၏ အကြည့်ထဲတွင်ပေါ်လာသည်။  မီးလောင်ထားသောဒဏ်ရာ၊ ကြိုးကြောင့် သွေးထွက်သည်အထိ ပွန်းပဲ့ရာများနှင့် အိုးကွဲစများနှင့် ခြစ်မိသောဒဏ်ရာများသည် ရှန်းချင်းဟန်ကို ထိတ်လန့်စေသည်။
ထိုအခိုက်အတန့်တွင် ရှန်းချင်းဟန်၏ မျက်နှာကို ဖုံးကွယ်ထားရန် ခက်ခဲသည်။
“တကယ်တော့ ဒါကကြောက်စရာကောင်းပေမယ့် အရမ်းမပြင်းထန်ပါဘူး၊ သွေးလည်းမထွက်တော့ပါဘူး”
“မင်းဘာလို့အမြဲအမှတ်မရှိတာလဲ”
လင်းကျဲ့က ပြောနေစဉ်မှာပင် အနည်းငယ်စိတ်ဆိုးနေသောအသံက သူ့နားထဲသို့တိုးဝင်လာသည်။
လင်းကျဲ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး နှလုံးခုန်ခြင်းသည်လည်း ရပ်သွားသည်။  သူသေပြီ။
လင်းကျဲ့ကခေါ်မော့လိုက်သည်။  မျှော်လင့်ထားသည့်အတိုင်းပင် သူသည် အေးစက်မှုန်ကုပ်နေသောမျက်နှာကို မြင်လိုက်ရသည်။  သူက လေကိုနှုတ်ခမ်းထောင့်မှ မှုတ်ထုတ်လိုက်ပြီးနောက် ရှန်းချင်းဟန်ကို တိတ်တိတ်လေး လွှတ်လိုက်ပြီးနောက် ရယ်မောလိုက်သည်။
“အာ အင်း၊ ကျွန်တော်ပြောတာနားထောင်ပါဦး”
“ငါက သတ္တိရှိဖို့ကြိုးစားလိုက်တဲ့ အချိန်တိုင်း မင်းက မနေခဲ့ချင်ဘူးမလား၊ ပြီးတော့ မင်းက ဒီအတိုင်းလေး မင်းကို ငါလာကယ်တာကို ဘာလို့မစောင့်နိုင်ရတာလဲ၊ အခု မင်းကိုယ်မင်း ဘယ်လိုပုံစံပေါက်အောင်လုပ်လိုက်တာလဲ”
ရှန်းချင်းဟန်က လင်းကျဲကိုစိုက်ကြည့်နေပြီး သူ၏မျက်လုံးများသည် နီရဲနေသည်။
လင်းကျဲ့သည် ရှန်းချင်းဟန်၏ အသံကြောင့် အသက်ပင်မရှူနိုင်တော့ပေ။  သူက ရှန်းချင်းဟန်၏မျက်လုံးများကို မကြည့်ဝံ့ဘဲ တံ​တွေးမြိုချလိုက်ပြီးနောက် အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။
“တကယ်လို့ ခင်ဗျားရောက်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ကျွန်တော် အဖမ်းခံထားရတာကိုမြင်ရင် ခင်ဗျားပိုပြီး ဒေါသထွက်မှာပေါ့”
“ငါမင်းကိုလာကယ်လိမ့်မယ်လို့ မင်းမတွေးခဲ့ဘူးလား၊ ငါ…..”
လင်းကျဲ့၏စကားများသည် ရှန်းချင်းဟန်၏ ဒေါသအား လောင်စာထပ်ထည့်လိုက်မိပုံပေါ်သည်။  သူ၏ဒေါသသည် ပို၍အရှိန်မြင့်လာသည်။  ရှန်းချင်းဟန်၏ မျက်နှာသည်မှုန်ကုပ်နေသည်။  သို့သော် သူသည် စကားများကို ပြောလိုက်သည်နှင့် ဒေါသများလျော့သွားပြန်သည်။
“အင်း၊ မင်းက နားထောင်မှာမဟုတ်ဘူး”
ရှန်းချင်းဟန်က သက်ပြင်းချလိုက်ပြီးနောက် သူ၏ခါးမှ သန့်ရှင်းနေသော လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူ လိုက်သည်။
လင်းကျဲ့သည် တစ်စုံတစ်ခုအား ပြောလိုသော်လည်း မပြောလိုက်နိုင်ပေ။
“လက်ပေး”
ရှန်းချင်းဟန်၏ အသံသည် အေးစက်ကြည်လင်နေသည်။
လင်းကျဲ့က ချက်ချင်းလက်ကို ထုတ်ပေးလိုက်သည်။  ရှန်းချင်းဟန်က ခေါင်းငုံ့၍ ညစ်ပတ်ပြီးသွေးစွန်းနေသော ဒဏ်ရာကို လက်ကိုင်ပုဝါဖြင့် ညင်သာစွာသုတ်ပေးလိုက်သည်။
ရှန်းချင်းဟန်သည် ညင်သာစွာပြုမူသော်လည်း လင်းကျဲ့သည် ညည်းသံအား မထိန်းလိုက်နိုင်ပေ။
“မလှုပ်နဲ့”
ရှန်းချင်းဟန်က မျက်မှောင်ကြုတ်လိုက်သည်။
လင်းကျဲ့က ရှန်းချင်းဟန်၏ မျက်နှာကိုမကြည့်ဝံ့ဘဲ ခေါင်းညိတ်ပြသည်။
လင်းကျဲ့သည် ကြောက်ရွံ့နေပြီး ခေါင်းကိုအနည်းငယ်မော့လိုက်သည်။  ရှန်းချင်းဟန်၏မျက်နှာသည် မှုန်ကုပ်နေ ဆဲဖြစ်ပြီး သူ့ဝတ်ရုံမှ ထောင့်စွန်းအစတစ်ခုကို ဖြဲယူလိုက်ပြီးနောက် လင်းကျဲ့လက်ပေါ်မှဒဏ်ရာကို စည်းနှောင် ပေးလိုက်သည်။
“သွေးထွက်တာတော့ရပ်သွားပြီ၊ ပြန်ရောက်မှပဲ ဆေးထည့်ကြတာပေါ့”
ရှန်းချင်းဟန်က အင်္ကျီစဖြင့် စည်းနှောင်ပေးလျက် အေးစက်စွာပြောသည်။
“အိုး”
လင်းကျဲ့က ခေါင်းညိတ်လိုက်သော်လည်း သူ၏အကြည့်သည် ရှန်ချင်းဟန်အပေါ်တွင်သာရှိနေသည်။  ရှန်းချင်းဟန် တွင် လင်းကျဲ့၏အကြည့်အား သူ့ဆီမှမလွှဲစေနိုင်သည့် မှော်စွမ်းအင်အချို့ရှိပုံပေါ်သည်။
သူ၏စိတ်ထဲတွင် ထူးဆန်းသောခံစားချက်သည် ပို၍များပြားပျံ့နှံ့လာသည်။
ထိုခံစားချက်မှာ တဖြည်းဖြည်း နှစ်မြှုပ်သည့် ခံစားချက်ဖြစ်ပုံပေါ်သည်။
လင်းကျဲ့နှင့် ရှန်းချင်းဟန်သည် လရောင်အောက်တွင်လမ်းလျှောက်နေသည်။
လင်းကျဲ့က ပတ်တီးကိုညင်သာစွာထိတွေ့ပြီး တစ်လှမ်းချင်းလျှောက်လှမ်းနေသည်။
လမ်းတစ်လျှောက်လုံးတွင် ရှန်းချင်းဟန်၏ မျက်နှာသည်တည်တင်းနေပြီး မည်သည့်ခံစားချက်မှ မဖော်ပြဘဲ တိတ်ဆိတ်နေသည်။  လေငြိမ်နေပြီး ပိုးမွှားများ၏အသံကိုပင်မကြားရပေ။
“ဒီ……”
ရှန်းချင်းဟန်သည် လမ်းဆက်လျှောက်နေစဉ်မှာပင် သူ၏အင်္ကျီလက်သည် ရုတ်တရက်ဆွဲခြင်းခံလိုက်ရသည်။  သူက ဘေးသို့ကြည့်လိုက်သောအခါ သူ၏အင်္ကျီလက်ကို ဆွဲထားသောလင်းကျဲ့အား တွေ့လိုက်ရသည်။
“ဘာလဲ”
ရှန်းချင်းဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ကျွန်တော် ခင်ဗျားကို စိတ်ပူစေမိသလား”
ရှန်းချင်းဟန်အားကြည့်လျက် လင်းကျဲ့ကပြောသည်။
ရှန်းချင်းဟန်သည် မှင်သက်သွားပြီး မည်ကဲ့သို့ဖြေရမည်ကို မသိပေ။
လင်းကျဲ့၏မျက်လုံးများသည် တဖျတ်ဖျတ်လက်နေပြီးနောက် ရယ်လိုက်သည်။
“တကယ်တော့ ကျွန်တော် အဲ့ဒီအချိန်တုန်းက အမှားလုပ်မိခဲ့ပြီလို့ တွေးနေတာ၊ ပြီးတော့ ညဉ့်နက်သန်းခေါင်မှာ ကျွန်တော့်ကို ကယ်ဖို့ ခင်ဗျားရောက်လာခဲ့တယ်”
“မင်း ဘာပြောချင်တာလဲ”
ရှန်းချင်းဟန်ကမေးလိုက်သည်။
“ကောင်းပြီ”
လင်းကျဲ့သည် အသက်ပြင်းပြင်းရှူလိုက်ကာ ဦးညွှတ်ပြီးပြောသည်။
“ကျွန်တော်မှားသွားပါတယ်’
“……….”
ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်၍ ဘာမှမပြောပေ။
“ဘာလို့ ခင်ဗျားကျွန်တော့်ကို စာအုပ်ကူးရေးဖို့ အပြစ်မပေးတာလဲ၊ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ဘယ်သူ့ကိုမှ အကူအညီမတောင်းတော့ပါဘူး”
လင်းကျဲ့က လက်ကိုထောင်၍ ကျိန်လိုက်သည်။
“ဒါပေမယ့် ခင်ဗျားစကားတစ်ခွန်းမှ မပြောတာက ကြောက်စရာကောင်းတယ်”
ရှန်းချင်းဟန်၏ မျက်ခုံးများသည် အနည်းငယ်မြင့်တက်သွားသည်။
“ဒါမှမဟုတ်ရင် ခင်ဗျား ကျွန်တော့်ကို အစာသုံးရက်မစားဖို့ အပြစ်ပေးမလား”
ရှန်းချင်းဟန်သည် စကားမပြောဘဲရှိနေဆဲဖြစ်သည်။  လင်းကျဲ့က အကြီးမားဆုံးလိုက်လျောမှုကို ပြုလုပ်ခဲ့သည်။
ထိုအသံထွက်လာသည်နှင့် လင်းကျဲ့၏အစာအိမ်သည် အသည်းအသန် ငိုကြွေးတော့သည်။
ရှန်းချင်းဟန်က လင်းကျဲ့ကိုစိုက်ကြည့်နေသည်။
လင်းကျဲ့သည် ရှက်ရွံ့သွားသည်။
“ကောင်းပြီ၊ တကယ်လို့ ခင်ဗျားကျွန်တော့်ကို အပြစ်ပေးချင်ရင်လည်း ကျွန်တော်ဗိုက်ပြည့်တဲ့အထိ စောင့်ပေးနိုင်မလား”
လင်းကျဲ့သည် ဗိုက်ကိုကိုင်၍ နှုတ်ခမ်းဆူလိုက်သည်။
ရှန်းချင်းဟန်သည် ရယ်ချင်စိတ်ကိုမထိန်းနိုင်ဘဲ ပြုံးလိုက်မိပြီးနောက် အခြားဘက်သို့လှည့်ကာထွက်သွားသည်။ 
“သွား သွားတော့”
“ခင်ဗျားက ဘာရယ်တာလဲ”
လင်းကျဲ့သည် နေရာမှာပင် မှင်သက်နေပြီးနောက် သူ့နောက်သို့ပြေးလိုက်သွားသည်။
“ခင်ဗျားဘာကိုရယ်နေတာလဲလို့”
Zawgyi

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now