part 93

1.5K 178 2
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၉၃

မနေ့ညက သူသည် ကောင်းစွာ အိပ်မပျော်သောကြောင့် ဖြစ်နိုင်သည်။  လင်းကျဲ့သည် လှည်းယာဉ်စထွက်သည်နှင့် အိပ်ပျော်သွားသည်။
လမ်းတစ်လျှောက်လုံးသည် ကြမ်းတမ်းနေပြီး လင်းကျဲ့က မျက်လုံးများကို ဖွင့်လိုက်သောအခါ လှည်းယာဉ်သည် ရပ်တန့်နေပြီးဖြစ်သည်။
“သခင်လေး နန်ရှန်း ကို ရောက်ပါပြီ”
လှည်းယာဉ်အပြင်မှ ကျန်းရန်၏အသံသည် ထွက်ပေါ်လာသည်။
လင်းကျဲ့သည် အညောင်းဆန့်လိုက်ပြီးနောက် လှည်းယာဉ် အပြင်ဘက်သို့ ထွက်လာသည်။  သူတို့သည် ခရိုင်ငယ်၏ ဝင်ပေါက်တွင် ရပ်နေခဲ့သည်။  ထိုဝင်ပေါက်၏ဘေးတွင် နန်ရှန်း ဟု ထွင်းထုထားသော ကျောက်တုံးတစ်ခုရှိသည်။
“ဒါက နန်ရှန်း ခရိုင်လား”
လင်းကျဲ့က မျက်တောင်ခတ်လိုက်သည်။
“ဟုတ်ကဲ့”
ကျန်းရန်က ခေါင်းညိတ်လိုက်သည်။
“သွားစို့၊ မှောင်တော့မယ်၊ အနားယူဖို့နေရာရှာရဦးမယ်”
ထိုအချိန်တွင် မြင်းဇက်ကြိုးကို ကိုင်ထားသော ရှန်းချင်းဟန်က ရုတ်တရက်ပြောသည်။
“ဟုတ်ကဲ့”
ကျန်းရန်က လျင်မြန်စွာတုန့်ပြန်လိုက်သည်။
မြင်းလှည်းမောင်းသူသည် နန်ရှန်း အနီးရှိ တည်းခိုခန်းတွင် ရပ်လိုက်သည်။  လင်းကျဲ့နှင့် ရှန်းချင်းဟန်သည် လမ်းလျှောက်၍ ဝင်သွားလေသည်။
နန်ရှန်း သည် ဝေးလံသော်လည်း အလွန်ချမ်းသာပုံပေါ်သည်။  လူများသည် လမ်းပေါ်တွင်သွားလာနေကြပြီး လမ်း၏ ဝဲယာဘက်များတွင်လည်း ဈေးသည်များဖြင့် စည်ကားနေသည်။  ဤမြို့လေးသည် ကြွယ်ဝသော မြို့ငယ်လေးဖြစ်သည်။
ကျန်းရန်သာ သူ့ကို ရှန်းချင်းဟန်သည် ခရိုင်တရားသူကြီး၏ အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူကိစ္စများ ပြည်သူများကို အနိုင်ကျင့်သည့်ကိစ္စကို  စုံစမ်းစစ်ဆေးရန်လာသည်ဟု ပြောမထားခဲ့ပါလျင် လင်းကျဲ့သည် ဤမြို့ငယ်လေးအား အေးချမ်းသည်ဟု ထင်မိပေလိမ့်မည်။
အနီးသို့ရောက်လာသောအခါ ထိုအရာသည် အလွန်စည်ကားသော ဈေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။  လင်းကျဲ့သည် ရှန်းချင်းဟန်၏ အနီးသို့ ပြေးသွားပြီး သူ၏လက်များကို ဆန့်တန်းလျက် ရှန်းချင်းဟန်အား ပြုံးပြ လိုက်သည်။
ကျန်းရန်သည် နောက်မှလျှောက်လာပြီး လင်းကျဲ့၏ ထူးဆန်းသော အပြုအမူကို မြင်လိုက်ရသည်။  ထိုအချိန်တွင် ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်၍ သက်ပြင်းချလိုက်သည်။  ထို့နောက် သူသည် သူ၏ခါးမှ ပိုက်ဆံအိတ်ကို ယူပြီး လင်းကျဲ့ဆီသို့ပေးလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
လင်းကျဲ့သည် ပိုက်ဆံအိတ်ကို ယူ၍ လက်တွင်ချိတ်ပြီးနောက် အစားအသောက်များရောင်းနေသောဆိုင်ဆီသို့ မြင်းတစ်ကောင်ကဲ့သို့ပြေးသွားသည်။
“သခင်လေး ဒါက….”
ကျန်းရန်သည် စိတ်ရှုပ်သွားသည်။  မင်းသားသည် မည်သည့်အချိန်က ဤမျှလိုက်လျောညီထွေ ဖြစ်သွားပါသနည်း။
“မင်း တည်းခိုခန်းကို အရင်သွားနှင့်လိုက်၊ ငါ သူ့ကို ပြဿနာထပ်မရှာအောင်လို့ စောင့်ကြည့်ထားလိုက်မယ်”
ရှန်းချင်းဟန်သည် မလှမ်းမကမ်းရှိ လင်းကျဲ့၏ကျောပြင်ဆီမှ အကြည့်များကို ရုတ်သိမ်းလိုက်သည်။  ထို့နောက် သူသည် ကျန်းရန်အား ကြည့်၍ ပြောလိုက်သည်။
ကျန်းရန်သည် ရှန်းချင်းဟန် ထွက်သွားသည်ကို မြင်သည်နှင့် မြင်းဆီသို့ ဦးတည်သွားလိုက်ပြီး မနီးမဝေးမှ တည်းခိုခန်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ဆိုင်ထဲတွင် လင်းကျဲ့သည် အသီးဆိုင်ရှေ့တွင် ရပ်နေပြီး ကြီးမားသောပန်းသီးကို ကိုက်၍ ဆိုင်ရှင်ဦးလေးကြီးနှင့် စကားပြောနေသည်။
“ဦးလေး၊ ပန်းသီးက အရမ်းချိုတာပဲ”
လင်းကျဲ့သည် နောက်ထပ်ကြီးကြီး ကိုက်လိုက်ပြီး သူ၏လက်ထဲတွင် ပန်းသီးအမြောက်အများကို ကိုင်၍ ပြုံးနေသည်။
“သခင်လေးက အရသာကောင်းကောင်း ခံတတ်တာပဲ၊ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် ကြွားတယ်မထင်ပါဘူး၊ ဒီလမ်းထဲမှာ အချိုဆုံးပန်းသီးတွေက ကျွန်တော့်ဥယျာဉ်ခြံထွက်ပဲ၊ ဒီနှစ်ပထမဆုံး ခူးရတဲ့ပန်းသီးတွေက အရမ်းကြွပ်တယ်”
ထိုဦးလေးသည် မျက်လုံးများသည် ပြုံးနေပြီး ရိုးသား၍ ကြင်နာတတ်ပုံပေါ်သည်။
“တကယ်လား၊ ဦလေးတော့ ပိုက်ဆံတွေ အများကြီးရတော့မှာပဲ”
လင်းကျဲ့က ပြောသည်။
“အင်း ဘယ်မှာ ပိုက်ဆံအများကြီး ရှာနိုင်ရမှာလဲ၊ သခင်လေးလက်ထဲမှာ ရှိတဲ့ ပန်းသီးတွေက ခြံထဲက နောက်ဆုံး ရတဲ့ပန်းသီးတွေ ဖြစ်ချင်ဖြစ်သွားနိုင်တယ်”
ထိုအခိုက်အတန့်တွင် ဆိုင်ရှင်ဦးလေး၏ အမူအရာမှာ မှုန်မှိုင်းသွားပြီး မျက်နှာမှာလည်း ဖျော့သွားသည်။
“ဘာဖြစ်လို့လဲ”
လင်းကျဲ့က အံသြသွားသည်။
“သခင်လေးလေသံကို နားထောင်ရတာ တခြားဒေသက လာတာလား”
ဦးလေးသည် လင်းကျဲ့အား ကြည့်လိုက်သည်။
“ဦးလေးရဲ့ အကြားစွမ်းရည်က တကယ်တော်တာပဲ၊ ကျွန်တော်က အခြားဒေသကပါ၊ အခုက ကျွန်တော် နန်ရှန်း ဒေသကိုဖြတ်ပြီး အပန်းဖြေဖို့ ရောက်လာတာပါ”
လင်းကျဲ့က အပြုံးနှင့် ပြောလိုက်သည်။
“သခင်လေး နန်ရှန်း ကနေဖြစ်နိုင်သမျှမြန်မြန်ထွက်သွားတာပိုကောင်းလိမ့်မယ်၊ နန်ရှန်းက အပန်းဖြေဖို့ ကောင်းတဲ့နေရာမဟုတ်ဘူး”
ဆိုင်ရှင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ဒါပေမယ့် ကျွန်တော် မြင်ရသလောက်တော့ နန်ရှန်း က ကြွယ်ဝပြီးစည်ကားနေပုံပဲ၊ ပြီးတော့ လူတွေကလည်း ပျော်ရွှင်နေတာပဲ၊ အပန်းဖြေဖို့ကောင်းတဲ့နေရာတစ်ခုပါ၊ ဘာလို့များ ဦးလေးက အပန်းဖြေဖို့ မသင့်တော်ဘူးလို့ ပြောနိုင်ရတာလဲ”
လင်းကျဲ့က မေးသည်။
“သခင်လေးက မသိလို့ပါ၊ နန်ရှန်း ခရိုင်က သခင်လေးမြင်တွေ့သလောက် မငြိမ်းချမ်းဘူး၊ ကောင်းပါပြီ၊ ထားလိုက်ပါတော့၊ သခင်လေး မြန်မြန်ထွက်သွားတာ ကောင်းလိမ့်မယ်”
ဆိုင်ရှင်သည် ထိုအကြောင်းအား အများကြီးပြောချင်ပုံမရပေ။  လင်းကျဲ့သည်လည်း ဆက်မမေးတော့ပေ။ 
“ဟုတ်ကဲ့၊ ကျွန်တော့်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လင်းကျဲ့သည် ပန်းသီးများကို ကိုင်လျက်လှည့်ထွက်လာခဲ့သည်။  မမျှော်လင့်စွာပင် သူသည် မနီးမဝေးတွင် ရှန်းချင်းဟန်ကို မြင်လိုက်ရသည်။
“ခင်ဗျားက ဒီမှာဘာလုပ်နေတာလဲ”
လင်းကျဲ့၏ နှလုံးသည် ရှန်းချင်းဟန်ကြောင့် ရပ်တန့်လုနီးပါးဖြစ်သွားသည်။
“မင်းကို စောင့်ကြည့်နေတာ”
တည်ငြိမ်၍ အမူအရာကင်းမဲ့သော မျက်နှာနှင့် ရှန်းချင်းဟန်က ပြောလိုက်သည်။
“ကျွန်တော် ဘာမှပြဿနာမရှာပါဘူး”
လင်းကျဲ့သည် သူ့လက်ထဲမှ ပန်းသီးတစ်လုံးကို ယူ၍ ကိုက်လိုက်သည်။
“…….”
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှမပြောဘဲ လင်းကျဲ့ဆီသို့ လျှောက်လာခဲ့သည်။
သူက အနားသို့ ရောက်လာသောအခါ လင်းကျဲသည် ပန်းသီးကိုကိုက်၍ တီးတိုးပြောလိုက်သည်။
“ကျွန်တော် ပြောလိုက်တာကို ခင်ဗျားကြားသွားတာလဲ”
“အင်း”
ရှန်းချင်းဟန်က အေးစက်စွာပြောသည်။ 
“ခင်ဗျားဘာတွေတွေးနေတာလဲ”
လင်းကျဲ့က မျက်ခုံးကို ပင့်လိုက်သည်။
“အတည်ပြုဖို့”
ရှန်းချင်းဟန်က ပြောသည်။
“အရမ်းလေးနက်မနေနဲ့၊ ကျွန်တော် ခင်ဗျားကို နားမလည်နိုင်ဘူး”
လင်းကျဲ့သည် မကျေမနပ်ဖြင့် နှာခေါင်းကိုရှုံ့လိုက်သည်။
“ဒီကိစ္စထဲမှာ ဝင်မရှုပ်နဲ့”
ရှန်းချင်းဟန်သည် လင်းကျဲ့အား ရုတ်တရက် လှမ်းကြည့်လိုက်သည်။
“ကျွန်တော်က ဒီကို ဝင်စွက်ဖက်ဖို့လာတာ၊ ခင်ဗျားက ကျွန်တော့်ကို ဝင်မရှုပ်ဖို့ပြောတယ်ဆိုတော့ အဲ့ဒါက မဖြစ်နိုင်ဘူး”
လင်းကျဲ့က အံ့သြသွားသည်။  သူက တုန့်ပြန်လိုက်ပြီးနောက် သူသည် အရှိန်ကို မြှင့်၍ တည်းခိုခန်းဆီသို့ ထွက် သွားသည်။
“ဘာကြောင့် မင်းအဲ့လောက်မနာခံတာလဲ”
ရှန်းချင်းဟန်သည် စိတ်ဆိုးနေသော လင်းကျဲ့၏ ကျောပြင်ကိုကြည့်၍ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
ကျန်းရန်သည်သည် တည်းခိုခန်းမှ ထွက်လာသည်နှင့်တပြိုက်နက် သူသည် လင်းကျဲ့လာနေသည်ကို မြင်လိုက်ရ သည်။  သူသည် မျက်တောင်ခတ်လိုက်ပြီး လင်းကျဲ့အား မေးလိုက်သည်။
“သခင်လေး သခင်လေးရှန်း ဘယ်မှာလဲ”
“သေပြီ”
လင်းကျဲ့သည် ကျန်းရန်အား ကြည့်ပင်မကြည့်ဘဲ အေးစက်စွာပြောသည်။
“သေပြီ?”
ကျန်းရန်၏မျက်နှာမှာ ဖြူဖျော့သွားသည်။
လင်းကျဲ့သည် တည်းခိုခန်းဆီသို့ လျှောက်သွားပြီးနောက် ရုတ်တရက် နောက်လှည့်လိုက်သည်။
“အဲဒါအကုန်လုံး မင်းအတွက်ပဲ”
လင်းကျဲ့သည် သူ့လက်များထဲမှ ပန်းသီးများကို ယူ၍ ကျန်းရန်လက်ထဲသို့ထည့်လိုက်သည်။  ထို့နောက် သူက လက်ဗလာဖြင့်ထွက်သွားသည်။
“သခင်လေး ဒီပန်းသီးတွေက ……”
ကျန်းရန်သည် အဖြေရှာ၍မရဖြစ်နေသည်။ 
“ပန်းသီးတွေက ဘာဖြစ်လို့လဲ။”
“အင်း ခဏလေး၊ သခင်လေးက မင်းသားသေပြီလို့ ပြောသွားတာလား”
ကျန်းရန်၏ဦးနှောက်သည် အလုပ်မလုပ်နိုင်သေးခင်မှာပင် ရှန်းချင်းဟန်၏ ရှည်လျားဖြောင့်မတ်သော ပုံရိပ်သည် သူ၏ရှေ့တွင် ရပ်နေသည်။
ကျန်းရန်သည် တောင့်တင်းသွားပြီး ကြီးမားသည့် ဖိနှိပ်မှုကို ခံစားလိုက်ရသည်။
“သခင်လေး”
ကျန်းရန်က ရယ်ပြလိုက်သည်။
“အခု ငါ့ကို ဘာတွေပြောသွားတာလဲ”
ရှန်းချင်းဟန်သည် ကျန်းရန်အား ကြည့်၍ အေးစက်စွာပြောသည်။
“သခင်လေးကို လျှောက်တင်ပါတယ်၊ အချို့စကားတွေက ကျွန်တော်မျိုးအနေနဲ့ ပြန်ဖြေဖို့မလွယ်ပါဘူး”
ကျန်းရန်သည် ရှန်းချင်းဟန်၏ စူးရှသောအကြည့်ကို ရှောင်ရှားရန်ကြိုးစားလိုက်သည်။
“ကိစ္စမရှိပါဘူး၊ အမှန်အတိုင်းသာဖြေပါ”
ရှန်းချင်းဟန်၏မျက်လုံးများက လှုပ်ခတ်သွားသည်။
“အဟမ်း…..”
ကျန်းရန်သည် လည်ချောင်းရှင်းလိုက်သည်။  သူသည် အချိန်အတော်ကြာတုံ့ဆိုင်းနေပြီးနောက် ပြောလာသည်။
“လင်းသခင်လေးက သခင်လေးကို သေပြီလို့ပြောသွားပါတယ်”
“သေပြီ?”
ရှန်းချင်းဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဟုတ်ကဲ့”
ရှန်းချင်းဟန်သည် သူ့၏အသက်အား နှုတ်ယူမည်ကို ကြောက်နေသောကြောင့် ကျန်းရန်၏အဖြေသည် အနည်း ငယ်တုန်လှုပ်နေသည်။ 
ရှန်းချင်းဟန်သည် အသက်ပြင်းပြင်းရှုပြီး လက်ဖြင့် နဖူးကို ရိုက်လိုက်သည်။  ထို့နောက်သူသည် တည်းခိုခန်း အတွင်းသို့ ဝင်သွားပြီး အေးစက်စွာပြောသည်။
“ကောင်းပြီ၊ ဒီကိစ္စကို အရင်ဖြေရှင်းပြီးမှ သူ့ကို သင်ခန်းစာပေးကြတာပေါ့၊ ကျန်းရန်”
“ဟုတ်ကဲ့”
ကျန်းရန်က အမြန်ဖြေလိုက်သည်။
“သူ့ကို စောင့်ကြည့်ထား၊ ဘာမှမလုပ်စေနဲ့”
ရှန်းချင်းဟန်က ကျန်းရန်အား ကြည့်၍ ပြောသည်။
“ဟုတ်ကဲ့”
ကျန်းရန်က ခေါင်းညိတ်ပြသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now