part 106

1.4K 210 7
                                    

Unicode

အခန်း - ၁၀၆

ညဉ့်နက်ချိန်တွင် လူသူကင်းမဲ့နေသာ တောတွင်းတွင် သားရိုင်းတိရိစ္ဆာန်များ၏ အသံသည် ကောင်းကင်သို့တိုင် လွင့်ပျံနေသည်။
မီးတုတ်များ ကိုင်ဆောင်ထားသော ဒါဇင်ချီသည့်ရဲမက်များသည် နှောင့်နှေးခြင်းမရှိဘဲ တော၏အနက်ဆုံးအပိုင်း များဆီသို့သွားရောက်နေသည်။
နောက်ဆုံးတွင် သူတို့သည် ပျက်စီးနေသောဘုရားကျောင်း ရှေ့တွင်ရပ်တန့်လိုက်သည်။
ဘုရားကျောင်းပျက်ကြီး၏တံခါးမှာ အခိုင်အမာပိတ်ထားပြီး ပြတင်းပေါက်များသည်လည်း အသေပိတ်ထားသည်။  ညအချိန်တွင် ဘုရားကျောင်းကြီးသည် ပို၍ပျက်စီးယိုင်ယွင်းနေပုံပေါ်သည်။
“တံခါးဖွင့်လိုက်”
ရှန်းချင်းဟန်သည် ဘုရားကျောင်းပျက်ကြီး၏ ဝင်ပေါက်ရှေ့တွင် ရပ်လိုက်သည်။  သူ၏အေးစက်သောမျက်လုံးအစုံ သည် ပိတ်ထားသောတံခါးကို စိုက်ကြည့်နေသည်။  သူသည် ရေကဲ့သို့တည်ငြိမ်နေသည်။  သို့သော် သူ၏ဘေးတွင် ရပ်နေသောကျန်းရန်သည် အေးစက်တောင့်တင်းနေသည်။  ယခုအချိန်တွင် ရှန်းချင်းဟန်သည် အလွန်စိတ်မရှည်သည်ကို ကျန်းရန်သာသိနိုင်သည်။
အကယ်၍ သူသည် စိတ်မဆိုး၊ စိတ်မရှည်မဖြစ်ခဲ့ပါက ကောင်းဖူက လင်းကျဲ့အား တောထဲတွင် ပိတ်လှောင်ထားခဲ့ သည်ဟု ပြောလိုက်သည်နှင့် ရှန်းချင်းဟန်သည် ဓါးကိုဆွဲထုတ်ပြီး ကောင်းဖူအား ခြိမ်းခြောက်မည်မဟုတ်ပေ။  သူသည် ကောင်းဖူအား သေခြင်းနှင့်ခြိမ်းခြောက်ခဲ့သည်။  ထို့နောက်ကျန်းရန်က သူ့အား တားဆီးခဲ့သောကြောင့် ရှန်းချင်းဟန်က ဓါးကိုပြန်သိမ်းခဲ့သည်။  သို့မဟုတ်ပါလျှင် ကောင်းဖူကို ရုံးတင်စစ်ဆေးရန်အတွက် မြို့တော်သို့ အစောင့်အကြပ်နှင့် ပို့ခြင်းခံရတော့မည် မဟုတ်ပေ။
ရှန်းချင်းဟန်၏ ဓါးထွက်လာသည် နှင့်တပြိုင်နက် ရဲမက်များသည် ချက်ချင်းပင် တံခါးကိုဖျက်ဆီးလိုက်ကြသည်။
ရှန်းချင်းဟန်၏အကြည့်သည် တံခါးမှမခွာပေ။
ကျန်းရန်က ရှန်းချင်းဟန်၏ ခံစားချက်မဖော်ပြသော မျက်နှာကို ကြည့်နေသည်။  သူ၏မျက်လုံးများသည် ဓါးကဲ့သို့ စူးရှနေပြီး တင်းကြပ်စွာ ဆန့်ထားကာ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များစီးကျနေသည်။  ထိုအချိန်တွင် ရှန်းချင်းဟန်၏ အင်္ကျီလက်ထဲမှ လက်သီးသည် တင်းကျပ်စွာဆုပ်ထားပြီး ဖြူဖွေးသော အရေပြားပေါ်တွင် အပြာရောင်သွေးကြောများထင်းနေသည်။
ဘုရားကျောင်းပျက်၏ တံခါးမှာနောက်ဆုံးတွင် ပျက်စီးပြီးပွင့်သွားသည်။
ရှန်းချင်ဟန်၏မျက်လုံးများသည် အနည်းငယ်တုန်ယင်နေပြီး အထဲသို့လျင်မြန်စွာဝင်သွားသည်။
ပျက်စီးနေသော ဘုရားကျောင်းထဲသို့ ဝင်သွားပြီးသည်နှင့် ရှန်းချင်းဟန်၏မျက်လုံးများသည် ပတ်ပတ်လည်ကို လျင်မြန်စွာကြည့်လိုက်သည်။  သူသည် ရင်းနှီးကျွမ်းဝင်နေသောပုံရိပ်ကို မတွေ့သောအခါ ရှန်းချင်းဟန်၏မျက်လုံး များသည် ပြင်းထန်စွာလှုပ်ခတ်သွားသည်။
ထို့နောက် လူတိုင်းသည် ဝင်လာကြပြီး သေးငယ်သော အခန်းထောင့်လေးများပင် မလွတ်စေရန် စတင်ရှာဖွေကြ သည်။
“ကောင်းဖူက ကျွန်တော်တို့ကို လှည့်စားခဲ့တာလား”
ကျန်းရန်သည် လင်းကျဲ့၏ပုံရိပ်အား မတွေ့သောအခါ ခဏမျှငြိမ်သက်သွားသည်။
ရှန်းချင်းဟန်၏ အကြည့်သည် မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသောကြိုးနှင့် အပျက်အစီးများပေါ်သို့ကျရောက်သွားသည်။
“ဒီအရူးကတော့”
ရှန်းချင်းဟန်က လျင်မြန်စွာလျှောက်သွားပြီးနောက် ပြတ်တောက်နေသောကြိုးကိုကောက်ယူ၍ ဂရုတစိုက် ကြည့်လိုက်သည်။  နောက်ဆုံးတွင် သူသည် ကြိုးတွင်စွန်းပေနေသောသွေးစများကို မြင်သွားသောအခါ ရှန်းချင်းဟန်၏မျက်နှာသည် ရုတ်ချည်း အေးစက်သွားသည်။
ရှန်းချင်းဟန်သည် မတ်တတ်ရပ်လိုက်ပြီး အနည်းငယ်ပွင့်နေသောပြတင်းပေါက်ကို မြင်လိုက်ရသည်။  သူက အံကြိတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“သခင်လေးအတွက် လွတ်မြောက်ဖို့ ခက်ခဲတယ်မလား”
ကျန်းရန်က မှင်သက်နေသည်။
သို့သော်သူ၏ နှလုံးသားထဲတွင် သူတို့၏အိမ်ရှေ့စံမိဖုရားကို မလေးစားဘဲမနေနိုင်ပေ။  ဤကမ္ဘာပေါ်တွင် အိမ်ရှေ့စံ မင်းသမီးအား ထိန်းနိုင်မည့်သူ တစ်ယောက်မှမရှိပေ။  ခိုင်မာသည်။
“အနီးတစ်ဝိုက်မှာရှာကြည့်၊ မင်းဒီအရူးကို တွေ့အောင်ရှာခဲ့”
ရှန်းချင်းဟန်သည် အမိန့်ပေးလိုက်ပြီးနောက် အင်္ကျီလက်ကိုပြင်းထန်စွာခါလိုက်ပြီး ဘုရားကျောင်းပျက်ထဲမှ ထွက်လာခဲ့သည်။  လရောင်အောက်တွင် မှုန်မှိုင်းနေသောမျက်နှာသည် ကျန်းရန်၏မျက်လုံးထဲသို့ မဝင်ခဲ့ပေ။
ကျန်းရန်သည် တံတွေးမြိုချမိလိုက်ပြီး တုန်ယင်နေသည်။  သူသည် ရှန်းချင်းဟန်၏ဒေါသကို ခံစားမိနေပြီး လင်းကျဲ့အား ရှာတွေ့သောအခါ လင်းကျဲ့သည် သတ်ခံရလိမ့်မည်ဟု တွေးလိုက်မိသည်။
အဆုံးမရှိသော တောနက်ကြီးဖြစ်ပြီး ညအချိန်ဖြစ်နေသည်။
ရှန်းချင်းဟန်သည် ပတ်ဝန်းကျင်အနီးတဝိုက်ကို စိုးရိမ်တကြီးနှင့် အလျင်အမြန်ရှာကြည့်နေသည်။  သူ၏နှလုံးသားထဲမှ ထိုးထွက်လာသည့် စိတ်မရှည်မှုကို ဖိနှိပ်နေရသည်။  သူ၏ထိန်းချုပ်မှုမှ ကင်းလွတ်နေသောခံစားချက်သည် သူ့အား အသက်ရှူရခက်စေသည်။
အဆုံးမရှိသောနေရာတွင် လိုက်၍ရှာနေလျက် ရှန်းချင်းဟန်၏ဦးနှောက်သည် ပထမဆုံးအကြိမ် ဗလာဖြစ်နေ သည်။
“……..”
လရောင်သည် တဖြည်းဖြည်း အောက်သို့ကျသွားသည်။
လင်းကျဲ့သည် ဘယ်လောက်ကြာသည်အထိ သွားနေခဲ့သည်ကို မသိတော့ပေ။  သူ၏အားအင်သည်လည်း ကုန်ခန်းမောပန်းနေသည်။  သူသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်နှင့် လမင်းမှလွဲ၍ ကျယ်ပြန့်သောတောကိုသာ တွေ့နေရသည်။  အလင်းရောင်သည်သည် သူ၏ခြေထောက်နှစ်ဘက်ကိုမတွေ့ရဘဲ လုံးဝလဲပြိုကျသွားသည်။
နေ့တစ်ဝက်မျှ အစာမစားခဲ့ရသော လင်းကျဲ့သည် ဆာလောင်မှုတိုးပွားလာသည်။  ခေါင်းမှဒဏ်ရာသည်လည်း ပို၍ကိုက်ခဲလာပြီး လက်များသည်လည်း နာကျင်နေသည်။
ဆာလာင်မှု၊ပင်ပန်းမှု၊ ရေငတ်ခြင်းနှင့် နာကျင်ခြင်း
လင်းကျဲ့သည် ခံစားချက်များ ရောယှက်နေသည်။
လင်းကျဲ့သည် နောက်ထပ် လမ်းမလျှောက်နိုင်တော့ပေ။  သူသည် သစ်ပင်တစ်ပင်ကို ကျောမှီ၍ ထိုင်ချလိုက်သည်။
သူသည် လက်ကိုဆန့်၍ မြေပြင်ပေါ်တွင် လက်ထောက်လိုသော်လည်း သူ၏လက်သည် မညီညာသောမြေပြင်ကို ထိလိုက်သည်နှင့်တပြိုင်နက် နာကျင်မှုကြောင့် လက်ကို ပြန်ဆုတ်လိုက်ရသည်။
“နာတယ်၊ နာတယ်”
လင်းကျဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏လက်ကို ခြေထောက်ပေါ်တွင် တင်ထားလိုက်သည်။  သူသည် ကောင်းကင်မှ လမင်းကိုကြည့်ပြီးနောက် သရဲကိုပင် မမြင်ရနိုင်သောနေရာကို ကြည့်လိုက်သည်။  လင်းကျဲ့ သည် သက်ပြင်းချလိုက်ရုံမှအပ မတတ်နိုင်ချေ။
“ဒီနေရာက ဘာလဲဟ”
ညဘက်တွင် ဦးတည်ချက်အာရုံသည် မကောင်းပေ။  သူသည် မည်သည့်နေရာသို့ သွားနေသည်ကို မသိနိုင်အောင် ပင် လင်းကျဲ့၏ခေါင်းသည် မူးဝေနေသည်။  ပတ်ဝန်းကျင်ကိုကြည့်၍ လင်းကျဲ့သည် ငိုချင်နေသည်။
“ထားလိုက်တော့၊ မနက်အရုဏ်တက်ချိန်အထိ စောင့်တာပေါ့”
လင်းကျဲ့သည် နောက်ဆုံးတွ င်ရုန်းကန်နေခြင်းကို လက်လျှော့လိုက်ပြီး ရုပ်ပိုင်းဆိုင်ရာခွန်အားကို ဖြုန်းတီးခြင်း မရှိဘဲ သစ်ပင်အောက်တွင် လဲလျောင်းလိုက်သည်။
“ရှန်းချင်းဟန် ငါ့ဆီကိုရောက်လာမလားတွေးမိတယ်”
ကောင်းကင်ရှိလမင်းကို ငေးကြည့်လျက် လင်းကျဲ့သည် ရေရွတ်မိသည်။
“တကယ်လို့ သူရှာတွေ့ရင် ငါသေနေလောက်ပြီ”
လင်းကျဲ့သည် ရှန်းချင်းဟန်၏ မှုန်မှိုင်းနေသောမျက်နှာကို တွေးမိလိုက်သည်နှင့် တုန်ယင်သွားပြီးနောက် သူ၏မျက်နှာကို လက်များကြားတွင်မြှုပ်နှံထားသည်။  သူသည်မည်မျှနောင်တရသည်ကို မသိတော့ပေ။
“ဒီထက်ပိုပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို တွေးသင့်မှန်းငါသိပါတယ်၊ အဲ့ဒါဆိုရင် ငါဒီလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး၊ ပိုပြီးတွေးထားသင့်တယ်”
လင်းကျဲ့က သက်ပြင်းချလိုက်ပြီး ခေါင်းကို အကြိမ်ကြိမ်ခါရမ်းလိုက်သည်။
“အာ မှားတာပဲ၊ ငါမှားတာ”
ထိုအချိန်မှာပင် လင်းကျဲ့၏အစာအိမ်သည် စတင်ငိုကြွေးခဲ့ပြီး ဆက်လက်ငိုကြွေးနေသည်။
“………”
လင်းကျဲ့က လေကို နှုတ်ခမ်းထောင့်မှမှုတ်ထုတ်လိုက်ပြီးနောက် ခေါင်းကိုလှဲချပြီးပြောသည်။ 
“ငါအရမ်းဗိုက်ဆာတာပဲ၊ ငါတော့ငတ်နေပြီ”
“ငါဒီမှာပဲသေတော့မှာလားမသိတော့ဘူး”
လင်းကျဲ့သည် ငြီးငွေ့နေပြီး သူ့ကိုယ်သူ ရေရွတ်ပြောဆိုနေသည်။
“သေသေပေါ့၊ လူတွေကသေရမှာပဲ၊ ဒါပေမယ့် ငါက အရသာရှိတဲ့ မုန့်တွေအများကြီးစားရဦးမယ်၊ ရှန်းချင်းဟန်ကလည်း ငါ့ပေါ်မှာအကြွေးတင်နေသေးတယ်၊ ဒီလိုမျိုးသေသွားရတာ ငါ့အတွက်တော့အရှက်ရစရာပဲ”
ထိုသို့တွေးလိုက်သည်နှင့် လင်းကျဲ့က စိတ်ဓါတ်ကျစွာဖြင့် သက်ပြင်းချလိုက်သည်။
“ဗိုက်ဆာလိုက်တာ၊ ငါငိုချင်နေပြီ”
လင်းကျဲ့သည် လဲလျောင်းနေပြီး ဆာလောင်နေသည်။  သူ၏နှာခေါင်းသည် အနည်းငယ်ချဉ်လာပြီး မျက်လုံးများ မှာလည်း နီရဲလာသည်။  သူက နှာခေါင်းရှုံ့လိုက်သည်။
“မင်းဒီမှာဘာလုပ်နေတာလဲ”
ရုတ်တရက် အေးစက်သော အသံတစ်ခုသည် ထွက်ပေါ်လာသည်။  မဟုတ်ဘူး အတိအကျဆိုရပါလျှင် ဟိန်းဟောက်သံဟု ပြောလျှင် ပို၍သင့်တော်သည်။
လင်းကျဲ့သည် ခဏမျှ မှင်သက်နေသည်။  ထို့နောက် သူသည် သတိဝင်လာပြီး ရှေ့ကိုကြည့်လိုက်သည်။  သူသည် အဖြူရောင်ဝတ်ဆင်ထားပြီး မှုန်ကုပ်နေသောမျက်နှာနှင့် အသက်ပြင်းပြင်းရှူကာ သူ၏ရှေ့တွင်စိတ်ဆိုးစွာရပ်နေ သောရှန်းချင်းဟန်ကို မြင်လိုက်ရသောအခါ လင်းကျဲ့သည် စိတ်မထိန်နိုင်ဘဲ ငိုလိုက်မိသည်။  ထို့နောက် သူသည် မတ်တတ်ရပ်ပြီး ရှန်းချင်းဟန်ဆီသို့ ပြေးဝင်လိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားOnde histórias criam vida. Descubra agora