Part 97

1.6K 258 1
                                    

Unicode

အခန်း (၉၇)

"ချဲ့"

အပင်၏ ပင်မနှလုံးသားကို ရသည်နှင့် ယွင်ချဲ့ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ယွင်ချဲ့ကို မျက်စိဒေါက်ထောက် ကြည့်နေသော ရှင်းဖုန်း အပြေးအလွှား ရောက်လာပြီး ယွင်ချဲ့ မြေပြင်နှင့် မထိရိုက်မီ အမြန် ဖမ်းဆုပ် နိုင်လိုက်သည်။

"မင်းတော်တော် ရူးမိုက်တာပဲ .. မင်းအားကုန်နေရင် ကုန်နေတဲ့အကြောင်း ကြိုသတိပေးလို့မရဘူးလား"

ယွင်ချဲ့ကို ဖက်ထားရင်း ရှင်းဖုန်း ကရုဏာ ဒေါသဖြင့် ပြောလေသည်။ ပင်ပန်း နွမ်းနယ်ခြင်းကြောင့် ယွင်ချဲ့ လဲကျရသည်မှာ ဒုတိယအကြိမ်ပင်။

"နောက်ဆို မဖြစ်တော့ဘူးလေ .. သန္ဓေပြောင်း အပင်တွေကို ဘယ်လို နှိမ်နင်းရမလဲဆိုတာ ခင်ဗျား သိသွားပြီပဲ .. နောက်တစ်ခါကျ ခင်ဗျားတို့ကို လွှဲထားလို့ ရပြီ"

ရှင်းဖုန်း ရင်ခွင်ထဲမှ ယွင်ချဲ့ အားနည်းစွာ ပြုံးပြလိုက်သည်။ အဆင့် ၃ နှင့် မလုံလောက်သေးပေ။ ယွင်ချဲ့မှာ စွမ်းအား များစွာကို အသုံးပြုထားရသည့် အပြင် ယခုတိုက်ခိုက်ခြင်း မတိုင်မီကလည်း ကောင်းမွန် လုံလောက်စွာ အနားယူထားခြင်း မရှိပေ။ သို့သော် သူတို့ ရင်ဆိုင်ခဲ့ရသည့် သန္ဓေပြောင်း အပင်က အဆင့် ၂ သာ ရှိသေးသည်။ အကယ်၍ အဆင့် ၃ နှင့် ရင်ဆိုင်ရသည့်အခါ သို့မဟုတ် များစွာသော သန္ဓေပြောင်း အပင်များနှင့် ရင်ဆိုင် ရသည့်အခါ သူခံနိုင်ရည် ရှိသည်ထက် ကျော်လွန်၍ လုပ်ပေးလျှင်တောင်မှ အောင်မြင်ရန် အခွင့်အရေး အလွန်နည်းသည်။ ထို့ကြောင့် သူတို့တွေ ပိုမို သန်မာလာရန် လိုအပ်သည်။

"အခုထိ ကြွားနေတုန်း"

ရှင်းဖုန်း ဘာမှ မလုပ်ပေးနိုင် သော်လည်း ယွင်ချဲ့ တင်ကို တစ်ချက်ရိုက်ကာ ဆူလိုက်ပြီး လမ်းလျှောက်နိုင်ရန် ဆွဲထူပေးလိုက်သည်။

"နည်းနည်းလောက် အားတင်းလိုက်ကြဉီး ... ငါတို့တွေ အခြားတစ်နေရာမှာ နားမှဖြစ်မယ်"

ယွင်ချဲ့မှာ အားလျော့နေပြီး လန်ယဲ့ဟန်နှင့် ကျန်သော သူများမှာလည်း ခြေကုန်လက်ပန်းကျ နေကြလေသည်။ အားအင် ဖြည့်တင်းရန်နှင့် ကောင်းမွန်စွာ အနားယူရန် အတွက် တစ်နေရာတွင် နားနေရန် လိုအပ်ပြီး ဆေးရုံမှာ ရွေးချယ်၍ မသင့်တော်ပေ။ ပြင်ပလူနာဆောင် ပြိုကျသွားစဉ်က အတွင်း လူနာဆောင်မှ ဖုတ်ကောင်များစွာ ထွက်သွားကြသည့် အပြင် ဆေးရုံထံသို့ လာနေကြသော ဖုတ်ကောင်များလည်း ရှိနေသဖြင့် အပြင်ဘက်တွင် ဖုတ်ကောင် အများအပြား ရှိနေကြလိမ့်မည်။ ရှန်းရွေနှင့် လေတာ့ရှန်တို့ အဆင့် ၃ သို့ ရောက်သွားကြသည် ဖြစ်သော်လည်း ထိုနေရာတွင် ကြာကြာနေလျှင် သူတို့အတွက် ပို၍ အန္တရာယ်များ လိမ့်မည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now