ပရိဘောဂ ဆိုင်ထဲတွင် ဟိုဟိုဒီဒီ သွားလောနေသော ဖုတ်ကောင်များမှလွဲ၍ လူတစ်ယောက်တောင်ပင် မရှိပေ။ ထိုဆိုင်ထဲရှိ ပရိဘောဂများမှာလည်း သပ်ရပ်စွာ စီရီထားရှိနေပြီး ယွင်ချဲ့ လိုအပ်သည်က ခုတင် တစ်မျိုးတည်း ဖြစ်သည်။ သို့သော် သူ၏အစ်မ၊ တူလေးနှင့် ယာဖေး တို့ကို စဉ်းစားမိလိုက်သည့် အခါ ဆိုင်ထဲရှိသည့် အရာအားလုံးကို သိမ်းဆည်း လိုက်ပြန်သည်။ ထိုမှသာ ကြိုက်နှစ်သက်ရာတို့ကို လွတ်လပ်စွာ ရွေးချယ်နိုင်မည် ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက်တွင် ကျန့်ယာဖေး၏ အိမ်သို့ ဘေးကင်းစွာပင် ပြန်လည်ရောက်ရှိ လာလေသည်။ အဖွဲ့သားတို့မှာ အိမ်ထဲတွင် ဆော့ကစားနေကြပြီး စားပွဲပေါ်တွင် မုန့်များစွာ စုပုံနေသဖြင့် ထိုနေရာတွင် ချူးဟောင်လင်း နေခဲ့သည်ဟု ထင်ရသည်။

"ဆရာ ကျွန်တော်တို့ သိခဲ့ရပြီ .. လုံယန် တောင်ခြေ လုံခြုံရေးစခန်းက လုံယန် ကောင်တီ အစိုးရက ဆောက်ထားတာ ဒီနယ်မြို့ဒေသထဲမှာ အကြီးဆုံးစခန်းပဲ စစ်တပ်လည်း အဲဒီကို အခြေမစိုက် ရသေးဘူးတဲ့ ... ကပ်မဆိုက်ခင် လုံယန်ကောင်တီက တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး သစ်သီးရင်းမြစ် ဖြစ်ခဲ့တာ လုံယန် တောင်တစ်ခုလုံးကလည်း သီးပင်တွေ အပြည့်ပဲ ... ရေဒီယိုနားထောင်ချက်အရ လုံယန်စခန်းက တောင်ရဲ့ဘေးမှာ ရှိတာတဲ့ တောင်အောက်ကိုဆင်းသွားရင် ကွင်းပြင်ကျယ်ကြီး ရှိသေးတယ်။ တောင်ပေါ်မှာလည်း တစ်နှစ်ပတ်လုံး သီးပင်တွေ အပြည့်ပဲဆိုတော့ အစားအသောက်ကို ကြည့်ရင် လုံယန်က မဆိုးဘူးပြောရမယ်"

မြေပုံကိုကြည့်ကာ အသံလွှင့်သည်ကို နားထောင်ပြီးနောက် ယန်းဟွိုင်အန်း တွေးဆကာ ပြောလေသည်။

ရှင်းဖုန်းနှင့် ယွင်ချဲ့လည်း ယန်းဟွိုင်အန်း အနားလာကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ယန်းဟွိုင်အန်း ရေးထားသော မှတ်စုများနှင့် မြေပုံကိုကြည့်လျက် ရှင်းဖုန်း ခေါင်းညိတ်ကာ ...

"လုံယန်တောင်က လုံမန်တောင်တန်းမှာ ရှိတာပဲ တပ်ဖွဲ့အများစုက အနောက်တောင်စခန်းမှာ နေကြတာ တကယ်လို့ တောင်ခြေစခန်းမှာ တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တောင် မြို့ကိုကာကွယ်ပေးတဲ့ အဖွဲ့တွေပဲရှိမှာ .. ဒါပေမယ့်လည်း ဘယ်စခန်းမဆို ရဲတွေကတော့ ရှိနေမှာပဲ အစိုးရက ဆောက်ထားတာ ဆိုတော့ လူတွေလည်း သာတူညီမျှ ဆက်ဆံခံရဖို့ များတော့ ငါတို့ မျှော်လင့်လို့ ရပါသေးတယ်"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now