ယွင်ယောင်၊ ကျန့်ယာဖေးနှင့် ချန်ချန်တို့မှာ အခန်းထောင့်တွင် အိပ်ပျော်နေကြပြီး ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့က ဓါးကိုယ်စီ လွယ်ကာ နံရံကိုမီလျက် စောင့်ကြပ် နေကြလေသည်။ တစ်ယောက်ယောက် ချဉ်းကပ်လာသည်ဟု ခံစားမိသည်နှင့် ချန်ချန် မှလွဲ၍ ကျန်သော သူများ တစ်ပြိုင်နက်တည်း မျက်လုံးများ ပွင့်လာကြသည်။ ယွင်ချဲ့ ပြုံးကာ လက်ပြလိုက်ပြီး ကိစ္စကြီးကြီးမားမား မရှိကြောင်း ပြောပြကာ အသံတိုးတိုးဖြင့် ကျိုးဇယ်ယွီကို တစ်ခုခုခိုင်းစေလိုက်သည်။ ထို့နောက် ချန်ချန် အနား လျှောက်သွားကာ လက်ထဲ ပွေ့ချီလိုက်ရာ ချန်ချန်မှာ နှစ်ခြိုက်စွာ အိပ်မောကျ နေလေသည်။

"အင်း ... ဉီး ဉီး  .... အိပ်ငိုက် ...."

ချန်ချန် အိပ်ချင်မူးတူးဖြင့် ညည်းကာ မျက်လုံးများကို ဖွင့်လိုက်ပြီး လက်ဖြင့် ပွတ်လိုက်သည်။

"ဉီးဉီးတို့ တခြားနေရာ သွားကြမယ်နော်"

"ဟုတ် ..."

ချန်ချန် ရေရွတ်ကာ ပြန်အိပ်ပျော် သွားလေသည်။

"ယွင်ချဲ့ မြန်မြန်လာတော့ ... ဖုတ်ကောင်တွေ လာနေပြီ"

ရှင်းဖုန်း ပြောတော့မှသာ လုဟိုင်ရွှမ်းနှင့် အခြားသူများမှာလည်း အခြေအနေကို ရိပ်မိသွားကြလေသည်။ ယွင်ချဲ့လည်း ချန်ချန်ကို ကိုယ်ပေါ်တွင် တွဲကာ ချည်နှောင် ထားလိုက်သည်။

"သွားကြစို့"

ထွက်သွားကြရန် ပြင်လိုက်စဉ်တွင် တစ်ဖက်မှ အမျိုးသမီးများ အော်ဟစ်ကာ အကူအညီတောင်းကြလေသည်။

"ခဏနေပါဉီး  ကယ်ကြပါ... ကျေးဇူးပြုပြီး ကျွန်မတို့ကို ကယ်ပေးကြပါ”

"ကောင်မ  လာစမ်း”

"သေစမ်း”

"ကယ်ကြပါ ...."

ဖုတ်ကောင်များ လာနေသည်ကို သိသောကြောင့် တစ်ဖက်တွင် ရှိနေသော လူတို့မှာလည်း စိုးရိမ်လာကြလေသည်။ တစ်ခါမှပင် အကူအညီ မတောင်းခဲ့ဖူးသော အမျိုးသမီး နှစ်ယောက် ရုတ်တရက်ပြေးလာကြ သော်လည်း လမ်းတစ်ဝက်တွင် ထိုလူများ၏ ဖမ်းဆီးခြင်း ခံလိုက်ရသဖြင့် ယွင်ချဲ့နှင့် အခြားသူများလည်း ရပ်တန့် သွားလေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now