"ဘယ်ကလာ အရှင်က မင်းကိုအချစ်ဆုံးပဲလေ မင်းသိမှာပါ။
လာ ကိုယ့်ကို ဒီအရိပ်ထဲမှာ ခဏစောင့်နော် ကိုယ် ဟိုလူတွေကို ပစ်ကွင်းသွားပြလိုက်မယ် ကိုယ့်ကို အားပေးနေမယ်မလား"

ခေါင်းလေးကို ပုတ်ပေးကာ ပြောလိုက်တော့ ကလေးမက ဝမ်းသာအားရ ခေါင်းညိတ်သည်။ သူလည်း လေ့ကျင့်နေသည့် အုပ်စုထဲဝင်ကာ ဆရာလုပ်လိုက်သည်။ ဒီအုပ်စုထဲမှာ သူသာ ဘုရင်ပေမို့ အစစအရာရာ သူ့ထက်သာသူမရှိ ဒီတော့ သူညွှန်ကြားနေသည့် တလျှောက် ချီးကျူးသံများနှင့်ပြည့်နှက်နေသည်။ ဓားရေးကို ကျွမ်းကျင်လှပစွာ ပြသပြီးနောက် ကြွေးကြော်သံတွေ စီခနဲထွက်လာသည်။ မိဖုရားက ရေခွက်ကိုကမ်းပေးကာ သူမ၏ ဝတ်ရုံစနှင့် သူ့ချွေးတွေကို တယုတယ သုတ်ပေးသည်။ သူလည်း ရေသောက်ကာ မိဖုရားဆီမှ အမွှေးနံ့လေးကို ဒဿမ ငါးစက္ကန့်လောက် ရှူမိချိန်.....

"အားးးးးမြွေ မြွေ အရှင် မြွေ မြွေ"

မိဖုရား၏ အာပြဲလှသော အသံကြောင့် ရေတွေပင် ဖူးခနဲပြန်ထွက်လာရသည်။ ကြည့်လိုက်တော့ မြွေဆိုသည့် ငနဲသားမှာ မိဖုရားခေါင်းပေါ်တည့်တည့်တွင် စံမြန်းနေလေသည်။

ပုံမှန်ဆို မြွေလောက်ကတော့ ဘယ်သူမှအထူးအဆန်းလုပ်ပြီး ကြောက်မှာမဟုတ်သော်ငြား ခေါင်းပေါ်ရောက်နေမှတော့ အော်တော့မပေါ့။ မိဖုရားခမျာ အော်သာအော်နေရသည်။ နည်းနည်းမှ မလှုပ်ရဲ။

"မပူနဲ့ ကိုယ့်ကိုယုံလိုက် နော်"

ပါးစပ်ကပြောသလောက် လက်ကလည်းမြန်သည်။ စကားအဆုံး သူ့လေးမှ မြှားသည် မိဖုရားခေါင်းပေါ်မှမြွေကို အောက်သို့ ဘုတ်ခနဲ ကျအောင် လုပ်ပြီးပြီဖြစ်သည်။

"တော်ပါသေးရဲ့ အရှင်ရယ်" ဟူသော စကားနှင့်အတူ အနားဖက်လာသော မိဖုရားအား ပြန်လည်ထွေးပွေ့မိချိန် ပတ်ဝန်းကျင်အပူချိန် ချက်ချင်းကျဆင်းလာကာ စိုက်ကြည့်ခံရသလို ခံစားလိုက်ရသည်။ ဂယောင်ခြောက်ခြားဖြစ်သွားသော စိတ်နှင့်အတူ ပွေ့ထားသော မိဖုရားနားမှ ကမန်းကတန်းခွာရပ်လိုက်မိသည်။ တံတွေးကို အသံမြည်အောင်မျိုချကာ ဟိုဟိုဒီဒီလိုက်ကြည့်ရသေးသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now