Part-72

6.2K 796 9
                                    

Uni

မနက်မိုးလင်းတော့ သူ့လူတစ်ယောက်ကိုခေါ်ကာ မင်းမျိုးမင်းနွယ်တို့အားလူစု၍ ကျောက်သားခန်းမကို လာရန်လိုက်ဖိတ်ခိုင်းလိုက်သည်။ သူလည်း မနက်စာဖြစ်သော အစာတို့ကိုခပ်သွက်သွက်စားကာ စလွယ်ကိုလွယ်လျှက် သရဖူကြီးကို ခပ်တည်တည်နှင့်ဆောင်း၍ ကျောက်သားခန်းမကိုအဦးဆုံး သွားလိုက်သည်။ ကျောက်သားခန်းမကြီးသည် အတွင်းဘက်မှာလည်း တကယ်ကိုအကျယ်ကြီးဖြစ်သည်။ သူတို့၏ကိုးကွယ်ရာ ကံကြမ္မာနတ်မင်းဆိုသည်ကို ရုပ်ထုထုထားသည်။ ထိုရှေ့တွင်တော့ ခရုသင်းတို့ အရိုးအတိုအထွာတို့လို ဗေဒင်ဟောစရာပစ္စည်းအစုံအစိကို တွေ့မြင်ရသည်။ တစ်ခြားတိုင်းပြည်တွေလိုပင် သူတို့တိုင်းပြည်မှာလည်း ရှေ့ဖြစ်ကံကြမ္မာကြည့်တာမျိုးရှိပါသည်။

သို့သော်ဒီလိုကြည့်တာမျိုးက ဘုရင်ကိုယ်တိုင်က ဆန္ဒရှိလို့ကြည့်တာမဟုတ်လျှင် တစ်နှစ်မှာတစ်ကြိမ်ပဲကြည့်ခွင့်ရှိတာဖြစ်သည်။ အခုတော့ တစ်နှစ်တစ်ကြိမ်ဆိုသည့် ရှေ့ဖြစ်ကံကြမ္မာကြည့်ချိန်သည် အဝေးကြီးလိုသေးတာကြောင့် ထိုပစ္စည်းများသည် ဖုန်များပင်တက်နေသည်လားမသိ။ လှုပ်လှုပ်ရှားရှားအသံတွေနှင့်အတူ အပြင်မှ လူအုပ်တစ်စုဝင်လာသည်ကို တွေ့လိုက်ရသည်။ သူက ဟိုလှည့်ဒီလှည့်လုပ်နေရာမှ ပလ္လင်ပေါ်သို့ ဣန္ဒြေရရ ပြန်ထိုင်လိုက်သည်။ လူအုပ်သည် သူ့ကဲ့သို့ပင် အသားညိုညိုတွေဖြစ်ကြကာ ရှေ့ဆုံးမှဝင်လာသူကတော့ သူနှင့်မျက်နှာပါဆင်တင်တင်မို့ သူ့ညီရှီဝေးဖြစ်လောက်မည်ထင်သည်။

သူ့ညီက သူ့ဆီတန်းတန်းမတ်မတ်လာကာ မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။ လက်တွေကို ကြမ်းပြင်သို့ချထားကာ ဦးညွတ်လိုက်သည်။ သူကပြုံးကာခေါင်းညိတ်လိုက်ပြီး သူ့ဆီသို့လာရန် လက်တွေကို ဆန့်တန်းပေးလိုက်သည်။ သူ့ညီက ချက်ချင်းမတ်တပ်ရပ်ပြီး သူ့ကိုလာရောက်ပွေ့ဖက်လေသည်။ ဒီနိုင်ငံမှာ ယောကျ်ားသားချင်းပွေ့ဖက်တာ အဆန်းကြီးတော့မဟုတ်။ ညီအစ်ကို သူငယ်ချင်းအချင်းချင်း အတော်လေးရင်းရင်းနှီးနှီးရှိကြသည်။ ဘာကြောင့်ဆို အမဲလိုက်ထွက်တိုင်း ဒီလူတွေနှင့်ပင် သေအတူရှင်မကွာ လုပ်ကိုင်ကြရလို့ဖြစ်သည်။ ဒီတော့ သေဖော်သေဖက်တွေလို့ပြောမှ ပိုပြီးပီပြင်ဦးမည်။

အလုံးစုံသောလူတွေသည် သူ့ကိုအရိုအသေပေးပြီးနောက် လျှောက်လမ်း၏ ဟိုဘက်ဒီဘက်တွင် မတ်တပ်ရပ်၍ နေရာယူလိုက်ကြသည်။ ဟိုဟိုဒီဒီတို့ကို တီးတိုးပြောဆိုနေကြတာလည်း ရှိသည်။ နတ်ဆရာမလေး နက်ထန်ဆိုသူသည် ပါးလျသော အနက်ရောင်ခြုံထည်ကို ခေါင်းမှာလွှားထားသည်။ သူမသည် ပိန်ပိန်ပါးပါးရှိကာ အရပ်ရှည်၍ သွက်သွက်လက်လက်ရှိပုံရသည်။ ချောမောလှပသောမျက်နှာကိုလည်း ပိုင်ဆိုင်ထားကာ ထူးဆန်းသောမျက်လုံးများရှိသည်။ သူမ၏မျက်လုံးများသည် စူးစိုက်ကြည့်မိသူတိုင်းကို ဖောက်ထွင်းမြင်တော့မည်ကဲ့သို့ ထင်မှတ်ရသည်။ သူမနှင့် နတ်ဆရာမလေးများ အဖွဲ့တို့သည်လည်း ဘယ်ဘက်ခြမ်းမှာ ကပ်၍ နေရာယူထားကြသည်။

“ဘုရင်ကြီး ကျွန်တော်တို့ကို ဘာကိစ္စပြောမလို့ခေါ်တာပါလဲ။ ပြည်နယ်၁၀ခုလည်း ငြိမ်းချမ်းနေရဲ့နဲ့။”

သူ့ညီက သူ့အနားကို ကပ်၍တီးတိုးမေးသည်။ သူကပြုံးလိုက်ကာ

“ရှီဝေး အစ်ကို့ကို စစ်သူကြီးဘာလို့မရောက်သေးတာလဲ ဖြေပေးနိုင်မလား”

“အိုး သူအခုပဲလာနေပြီ”

သူခန်းမဆောင် အပေါက်ဝသို့ မျက်လုံးရွှေ့လိုက်သည်။ အမှန်ပင်။ သူတို့၏ စစ်သူကြီးသည် တဖြေးဖြေးလှမ်းလာနေသည်။ ထိုလူသည် ခန့်ညားသောမျက်နှာနှင့် ကြီးမားသော ဗလများရှိသည့်ခန္ဓာကိုယ်ရှိသည်။ အရပ်အတော်ရှည်သည်ဟု ပြောလို့ရသော သူ့ထက်ကိုပင် ခေါင်းနှစ်လုံးစာလောက်ပိုရှည်သူဖြစ်ရာ ပြောရရင် လူ့ဘီလူးအသေးစားတစ်ယောက်သဖွယ်ဖြစ်သည်။ သူသည်‌ မွေးကတည်းကတိုက်ခိုက်ခြင်းစွမ်းရည်တွေနှင့်မွေးလာသူဖြစ်ရာ အတော်လေးရဲရင့်၍ သတ္တိရှိသူဖြစ်သည်။
စစ်သူကြီးသည် သူ့ကိုအလျင်အမြန်အရိုအသေပေး၍ လူအုပ်ရှေ့နားတွင် နေရာယူလိုက်သည်။ သူလည်း စောင့်စရာလူမရှိတော့သည် ဖြစ်၍ လည်ချောင်းရှင်းကာ သူ့အမိန့်ကိုပြောရန်အသင့်ပြင်သည်။

“အရှင်မနေ့က ကံကြမ္မာနတ်ဘုရားကို အိပ်မက်မက်ခဲ့တယ်”

သူ့ပါးစပ်စ၍ဟတာနှင့်တစ်ပြိုင်နက် ခန်းမအတွင်းရှိ ကျွတ်စီကျွတ်စီအသံများ ငြိမ်သက်သွားသည်။ သူစကားပြောနေချိန်အတွင်း အပ်ကျသံတောင်မကြားရပေ။ သူပြောနေသည့်စကားမှာ ထူးဆန်းသောကြောင့်ဖြစ်ဟန်တူသည်။ သူ့ညီမှ စ၍လူအုပ်ကြီးတစ်ခုလုံး၏မျက်နှာများသည် အလွန်မင်သက်နေဟန်ရှိသည်။ သူက ဘယ်သူမှမရိပ်မိအောင် ရေးရေးလေးပြုံးလိုက်ကာ

“နတ်ဘုရားက အရှင့်ကိုပြောကြားတယ်။ နောင်၁နှစ်ခွဲအတွင်းမှာ စစ်ပွဲတစ်ခုဖြစ်လိမ့်မယ်။ ငါတို့တိုင်းပြည်ကို လာတိုက်မဲ့‌လူတွေရှိတယ်။ ဒီ့အတွက် ငါတို့လူတွေရဲ့လေ့ကျင့်မှုကို ပိုပြီးမြှင့်ပေးရလိမ့်မယ်။ နောက်ပြီး ကံကြမ္မာနတ်ဘုရားက စုံတွဲတစ်တွဲ အရှင့်ကိုချီးမြှင့်လိုက်တယ်။”

သူကဆက်မပြောသေးဘဲ လူအုပ်ကိုဝေ့ဝိုက်ကြည့်လိုက်သည်။ သူ့ညီကအလွန်စိတ်လှုပ်ရှားနေသည့် လေသံဖြင့်

“ဘုရင်ကြီး ဆက်ပြောပါဦး”

“ရှီဝေး မင်းနဲ့ နက်ထန်တို့ကို နတ်ဘုရားက လက်ထပ်ဖို့ချီးမြှင့်လိုက်တယ်။ ဒီကောင်းချီးကို လက်ခံလိုက်ပါ။”

ခန်းမတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတွေက အံ့အားသင့်နေရာမှ တဖြေးဖြေးပျော်ရွှင်လာကြသည်။ သူတို့၏ နတ်ဘုရားသည် သူတို့အား ကောင်းချီးတွေချီးမြှင့်ခဲ့ပြီဖြစ်သည်။ ဒီအတွဲကို နတ်ဘုရားအလိုတော်ကျ လက်ထပ်ပေးပြီး စစ်ပွဲကို နိုင်အောင်လုပ်ရမည်။ သူတို့၏ ရင်ထဲတွင် စစ်သွေးများနှင့် ပျော်ရွှင်မြူးကြွခြင်းတို့ တွဲလျှက်ရှိနေကြသည်။

“နက်ထန် မင်း အရှင့်အမိန့်ကို လက်ခံရဲ့လား”

သူက အခုထိမလှုပ်မရှားရပ်နေဆဲဖြစ်သော ကောင်မလေးဘက်ကို လှည့်ကာပြောလိုက်သည်။ သူမက အလျင်စလိုမဖြစ်ဘဲ ဖြေးဖြေးချင်း ဒူးထောက်ကာ ကြည်လင်သောအသံဖြင့်

“လက်ခံပါတယ်အရှင်”

လူအုပ်ကြီး၏ ပျော်ရွှင်မြူးထူးနေသော အသံများထွက်ပေါ်လာသည်။ သူ့ညီ၏မျက်နှာမှာလည်း ပျော်ရွှင်သောအရိပ်တို့ ဖုံးဖိမရအောင်ဖြစ်နေသည်။

“ကဲ ဒီလိုဆို ဒီမင်္ဂလာပွဲကို အရှင်ကိုယ်တိုင် ဦးဆောင်ပြီးကျင်းပပေးမှပဲ။ ရိုးရာပွဲအတွက် လပြည့်နေ့ကို ရွေးလိုက်မယ်။ သန်ဘက်ခါပဲဆိုတော့ မင်းတို့အကုန်လုံး ကူညီပေးလိုက်ကြ။ နက်ထန်၊ ရှီဝေးနဲ့ စစ်သူကြီးကလွဲရင် ကျန်တဲ့လူတွေသွားလို့ရပြီ။”

သူ့အသံဆုံးသည်နှင့် လူအုပ်ကြီးသည် တညီတညွတ်တည်း အရိုအသေပေးကာ တရွေ့ရွေ့ထွက်သွားကြသည်။

“အရှင် စစ်ပွဲကိစ္စ”

နက်ထန့်စကားမဆုံးမီသူက လက်ကာပြလိုက်သည်။

“မကောင်းတဲ့ နက္ခတ်တွေပြနေမှာပဲ။ ဟုတ်လား”

နက်ထန်က မျက်နှာမကောင်းပုံရကာ ဘာမှဆက်မပြောဘဲ အသာခေါင်းညိမ့်သည်။ သူက နတ်ဘုရားရုပ်ထုကြီးကို အသေအချာကြည့်ရင်း ခဏငြိမ်သက်နေလိုက်သည်။

“ငါတို့နိုင်မှာပါ”

သူမှအပါး ကျန်သည့်လူ ၃ယောက်လုံး ငြိမ်သက်သွားကာ ကြက်သီးတွေထလာသည်။ သူတို့၏ဘုရင်သည် သူတို့၏နတ်ဘုရားရှေ့တွင် မားမားမတ်မတ်ရပ်ကာ ယုံကြည်ချက်ရှိသောမျက်လုံးအစုံတို့ဖြင့် ခပ်ပြုံးပြုံးဟောကိန်းထုတ်နေသည်။ စစ်သူကြီး၏မျက်ဝန်းများလက်တောက်လာသကဲ့သို့ သူ့ညီ၏အမူအရာမှာလည်း ခုနကလို စိုးရိမ်မှုတွေရှိမနေတော့ဘဲ ယုံကြည်ချက်တွေပြည့်လာဟန်တူသည်။

“ငါတို့က ဘော်ဟူလာ တွေပါ။ ငါတို့မနိုင်တဲ့ စစ်ပွဲ မရှိဘူး”

ဒုတိယတစ်ခွန်းမှာ နက်ထန့်မျက်နှာပါ ပြုံးလာလေသည်။ သူတို့၏ ဘိုးဘေးများသည် သဲကန္တာရတွေကို ဖြတ်ရင်း ဒီကိုရောက်လာဖို့ စစ်ပွဲတွေများစွာဆင်နွှဲခဲ့ဖူးသည်။ အလွန် ထူးချွန်ပြောင်မြောက်သည့်လူမျိုးတစ်ခု။

“ငါနဲ့ စစ်သူကြီးက မနက်ဖြန်မှာ တောင်အောက်က နိုင်ငံတစ်ခုကို ခရီးထွက်မယ်။ အချိန်က ၁နှစ်ခွဲပဲရတော့တယ်။ ငါတို့သွားတာ ဘယ်နှရက်ဖြစ်မလဲတော့မပြောတတ်ဘူး။ အိပ်မက်ထဲမှာတွေ့တဲ့ တိုင်းပြည်က ဘယ်ဟာလဲဆိုတာသိဖို့လိုမယ်။ ကြာကောင်းလည်း ကြာနိုင်တာပဲ။ ဒါမှမဟုတ် ထပ်သွားရင်လည်း သွားရနိုင်တယ်။ ရှီဝေး မင်းက ငါမရှိတုန်းမှာ ဘော်ဟူလာကို စောင့်ရှောက်ပါ။ ငါမင်းကို အကုန်အပ်ထားမယ်”

ရှီလာက သူ့ညီ၏ပုခုံးပေါ်သို့ လက်တင်ကာ ဖြေးဖြေးချင်းပြောလိုက်သည်။ သူ့ညီကတော့ အန္တရာယ်များသည့်ကိစ္စမို့ လက်ခံချင်ပုံမရ။

“အစ်ကို ဒီကိစ္စကအရမ်းအန္တရာယ်များလွန်းတယ်။ ဘယ်လိုဖြစ်မှာလဲ။ သူများနိုင်ငံကို အကြာကြီးသွားတာ ကောင်းမှာမဟုတ်ဘူး။ တောင်အောက်မှာ ငါတို့လူမျိုးကို မကြိုဆိုဘူးဆိုတာ မင်းလည်းသိသားနဲ့။ သိပ်ပြီးလွယ်ကူမှာမဟုတ်ဘူးလို့ ငါထင်တယ်”

“ရပါတယ်။ ငါ့မှာ နည်းလမ်းတွေရှိပြီးသားပါ။ မင်းသာလက်ထပ်ပြီး ဘော်ဟူလာကို နက်ထန်နဲ့အတူစောင့်ရှောက်ပါ။ ငါနည်းလမ်းတစ်ချို့နဲ့အတူ ပြန်လာခဲ့မယ်။ ငါတို့လူတွေကို လေ့ကျင့်တာတွေကိုပါ မင်းတာဝန်ယူလိုက်။ စစ်သူကြီးက ငါနဲ့အတူလိုက်မှာဆိုတော့ ဒီလေ့ကျင့်မှုတွေမှာ သက်ရောက်မှုလျော့သွားမှာ ငါမလိုလားဘူး။ ပြီးတော့ တစ်ချို့မိန်းကလေးတွေကိုပါ သင်ထားနိုင်ရင် အကောင်းဆုံးပဲ။ အင်အားက များမှဖြစ်လိမ့်မယ်။ ဒီအကြောင်းတွေအကုန်လုံးကို နယ်စားဆယ်ယောက်ကိုပါ အကြောင်းကြားထား။ ဘာမှမလွဲစေနဲ့။ ပြီးတော့ ထောင်ခြောက်ဆင်တာတွေကိုတော့ ငါတို့ပြန်လာမှလုပ်ကြမယ်။ အကုန် ညီပါစေ။”

“ကောင်းပါပြီ အစ်ကို”

“အိုကေ ငါမင်းကိုယုံတယ်”

“အိုကေ? ဘာတွေပြောတာလဲ အစ်ကို”

ရှီဝေး၏အသံကြောင့် သူ၏ပြုံးနေသောမျက်နှာလေး မဲ့ရွဲ့သွားသည်။

“ဘာမှမဟုတ်ဘူး။ ထပ်မမေးနဲ့”

“ဟုတ်ကဲ့ပါ”

အလုံးစုံမှာကြားအပြီးမှာတော့ အခန်းကိုပြန်၍ ခရီးထွက်ဖို့ပစ္စည်းတွေစုရဆောင်းရသည်။ သူဒီခရီးမှာမျှော်လင့်တာက သူတို့မသိသေးသည့် နည်းပညာတစ်ခုခုနှင့် တစ်ဖက်နိုင်ငံ၏ စစ်ရေးသတင်းကိုပင်ဖြစ်သည်။ ဒါ့ထက်ဘာမှပိုမမျှော်လင့်ထားပေ။

ဟူလာတောင်မှ ဆင်းလျှင် တောင်ခြေမှာ သစ်တောအုပ်တစ်ခုရှိသေးသည်။ ထိုနေရာကို ဖြတ်မှ တောင်ခြေရှိ နိုင်ငံလေးသို့ ရောက်မည်။ ထိုနိုင်ငံလေးမှာ ဟိုးအရင်ကတည်းက သူများ၏လက်အောက်ခံဖြစ်ပြီးနေပြီဖြစ်သည်။ မြို့ထဲဝင်ဝင်ချင်း လူတွေ၏ ထူးဆန်းသည့်အကြည့်များဖြင့် အကြည့်ခံရသော်လည်း သူလိုကိုယ်လိုအဝတ်အစားများဝယ်ယူဝတ်ဆင်လိုက်သည့်အခါမှာတော့ လူတွေကြားထဲ အလွယ်တကူရောနှောနိုင်သွားသည်။

သူက စာအုပ်အရောင်းဆိုင်တစ်ခုအားသွားကာ နိုင်ငံတွေအကြောင်းရေးထားသည့် စာအုပ်နှင့် စစ်ရေးအမြင်စာအုပ်တွေကိုဝယ်ယူလိုက်သည်။ တည်းခိုခန်းတစ်ခုတွင် တည်းကာ နှစ်ရက်လောက်လေ့လာလိုက်သည်။

‌စာအုပ်အရ ဘော်ဟူတောင်၏မြောက်ဘက်တွင် ဂျူယာနိုင်ငံရှိသည်။ ထိုနိုင်ငံ၏အလံပုံစံမှာလည်း မီးတောက်ပုံပဲမို့ ပစ်မှတ်ထားရမည့်နိုင်ငံဖြစ်သည်။ ဂျူယာနဲ့ မိတ်ဖက်ကတော့ ဆန်ဒိုဟုခေါ်သည့်နိုင်ငံဖြစ်ကာ နိုင်ငံက ကြီးပေမဲ့ ဘုရင်ကအဖြစ်မရှိဟု ကြားရသည်။ တစ်နေ့တစ်နေ့ မူးရူးပျော်ပါးနေသဖြင့် နိုင်ငံတကာ၏ မျက်စောင်းထိုးခံနေရသော နိုင်ငံလည်းဖြစ်သည်။ ဂျူယာရဲ့မင်းသမီးက ဆန်ဒိုရဲ့မိဖုရားခေါင်ကြီးဖြစ်သဖြင့် စစ်ကူဆိုသော သတ္တဝါများသည် ဆန်ဒိုကဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ သူတို့ရှိနေသည့်နိုင်ငံအသေးစားလေးကလည်း ဆန်ဒိုလက်အောက်ခံပဲဖြစ်သည်။ ဒီနားတစ်ဝိုက်မှာတော့ နီးနီးနားနားဆို၍ သူတို့နိုင်ငံအပါအဝင် လေးနိုင်ငံသာရှိသည်။ နည်းနည်းဝေးဝေးတွင်တော့ နယ်မြေများစွာရှိသေးသည်။ ဒါတွေကိုတော့ သူလိုက်ဖတ်မနေတော့။ ဘာကိုအရင်လုပ်ရင်အဆင်ပြေမလဲ စဥ်းစားကြည့်လိုက်သည်။

မူလဇာတ်ကြောင်းအတိုင်းသာဆို ဆန်ဒိုကသာ စစ်ကူမလာရင် သူတို့နိုင်ငံအဆင်ပြေမှာသေချာသော်လည်း သူတို့လူတွေ အကျအဆုံးများမည့်ကိစ္စကတော့ သိပ်ပြီးအဆင်မပြေ။ ဘာပဲဖြစ်ဖြစ် ဆန်ဒိုနဲ့ ဂျူယာကို မိတ်ခွဲဖို့ကိုလည်း စဥ်းစားရမည်။ ကိုယ့်ဘက်ကထိုးစစ်ရော ခံစစ်ကိုပါ ရအောင်လုပ်နိုင်မှ စိတ်ချရလိမ့်မည်။ နှစ်ခုကို ခွဲဖို့ဆိုရင် ဘာကပိုပြီး အဆင်ပြေမလဲ သူစဥ်းစားလို့မရ။ တကယ်လို့ ဆန်ဒိုကို ခိုးဝင်ပြီး မိဖုရားကိုသတ်လိုက်လျှင် ဆန်ဒိုနှင့်ဂျူယာစစ်ဖြစ်မည်မှန်သော်ငြား  အရည်အချင်းမရှိသည့်ဆန်ဒိုဘုရင်ကြောင့် ဂျူယာနိုင်ငံကပင် နိုင်သွားမှာမြင်ယောင်နေသည်။

ထိုအခါ ဂျူယာက ပိုမိုအင်အားတောင့်လာကာ ကိုယ့်ကိုသတ်မည့်ဓားကို ကိုယ်ပြန်သွေးလိုက်သလိုဖြစ်မှာ မလွဲပေ။ ဒီတော့ ဒီအကြံကိုစွန့်ရပေဦးမည်။

“အရှင် နားတော်မူပါဦး။ ခုလေးတင် ဆံပင်မွှေးတွေ လေးပင်လောက်ကျွတ်လာပြီ”

စစ်သူကြီးက စစ်အမြင်စာအုပ်တွေကို ဖတ်နေရင်း မျက်နှာသေနှင့် လှမ်းပြောတော့ သူက စာအုပ်ပေါ်ကျနေသည့် ဆံပင်မွှေးလေးတွေကို နှမြောတသစွာ ပြန်ကိုင်ကြည့်မိသည်။ သူ့ချစ်သူနှင့်မတွေ့ခင် ထိပ်ပြောင်လို့မဖြစ်သေးတာကြောင့် စာအုပ်ကိုသိမ်းကာ အိပ်ယာဝင်လိုက်သည်။ မနက်ဖြန်မှ ဂျူယာကို သွားရင်း အသုံးဝင်မည့်သတင်းလေးဘာလေး စုရချေဦးမည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now