Part-70

6.6K 792 15
                                    

Uni

“သူဌေးလေး”

‌”ဟင် အင်းပြော”

စကားပြန်လာပုံက စိတ်မပါ့တပါဖြစ်နေသည်။ သူမက လက်ဆွဲအိတ်လေးကို တင်းခနဲဆုပ်ကိုင်လိုက်ကာ

“ကျွန်မ ဒီနေ့တော့ အိမ်ပြန်ပါတော့မယ်။ သူဌေးလေး ဒီနေ့တော့ ဘာမှမဖြစ်ဘူးမဟုတ်လား။”

သူမ စကားကြောင့် သူဌေးလေးမျက်နှာကတခဏလောက်မှုန်မှိုင်းသွားသလိုပင်။ ဒီမေးခွန်းကို မေးရတာ သူမအတွက်လည်း အကြောင်းရှိပါသည်။ သူဌေးလေး ဆေးရုံက ဆင်းလာပြီးနောက်ပိုင်း သူမကို မလိုတော့တာမို့ အိမ်ပြန်ဖို့ပြင်ခဲ့သည်။ သို့သော် သူမ အိမ်ပြန်မယ်ပြင်တိုင်း သူဌေးလေးက တစ်ခုမဟုတ်တစ်ခုဖြစ်တတ်သည်။ သူမမှာ အထုတ်အပိုးတွေပြင်ပြီးမှ ပြန်ပြန်ထုတ်ရတာလည်းအကြိမ်ကြိမ်။ ခြေချော်တာ၊ လက်ရှတာ၊ ဟိုနားဒီနားက နာတာ။ စုံစိနေ‌အောင်လည်းဖြစ်တတ်ပါသည်။ သူမလည်း သူဌေးလေးနားမှာ ဆက်နေချင်ပေမဲ့ ဒါကတော့မဟုတ်သေးဘူးလေ။ ဘာလို့ သူဌေးလေးက တစ်ခုပြီးတစ်ခုဖြစ် နေရတာလဲ။

“အွန်း အိမ်ပြန်မယ်ဆိုလည်း ပြန်ပေါ့”

လေသံကစိတ်သိပ်မကြည်တဲ့လေသံပေမဲ့ အလုပ်ကိစ္စစိတ်ရှုပ်စရာရှိလို့ပဲ သဘောထားကာ အရိုအသေပေး၍ အိမ်ရှေ့သို့ ကားငှားရန်ထွက်လာခဲ့သည်။ ရာသီဥတုက အေးနေဆဲ။ ပါးစပ်ထဲမှ လေငွေ့တွေကို လေထုထဲသို့ အားရပါးရ မှုတ်ထုတ်လိုက်သည်။ သူမခံစားနေရတာတွေ အနည်းငယ်လောက်လျော့သွားသလိုလို။ ဒီအိမ်ကို စရောက်လာတုန်းက အချိန်တွေသည် မနေ့တစ်နေ့ကလို။ ဘာဖြစ်လို့များ အချိန်တွေဒီလောက်တောင် မြန်ရပါလိမ့်။ လက်ကနာရီကိုကြည့်လိုက်တော့ အလုပ်ဆင်းချိန်ရောက်ဖို့ ဝေးသေးသည်မို့ သူဌေးကတော်ကို နှုတ်မဆက်ဘဲ ပြန်သွားရတော့မည့်ပုံပေါ်သည်။ ဘယ်ကိုပြန်ရမှာလဲ ဆိုတာကတော့ သူမအတွက် အေးစက်စက်မေးခွန်းတစ်ခု။

သူ့အစ်မနဲ့အရင်ကနေခဲ့သည့် အိမ်ခန်းလေးကရော အန္တရာယ်ကင်းပါမည်လား။ သူမ မသိသလို သွားလည်းမသွားရဲတော့။ အစ်မဖြစ်သူနဲ့ ရှေ့လျောက်တွေ့ရဖို့မသေချာတော့သည်မို့ ရင်လည်းနင့်ရပါသည်။ လောဘ၏ နှိပ်စက်မှုကြောင့်လို့သာ ယူဆပါမည်။ အစ်မသည် သူမအပေါ် အလွန်ချစ်ပေမဲ့ လောဘကြောင့်သာ ဒီလိုမျိုးဖြစ်သွားခဲ့ရတာမဟုတ်လား။ ဒါဆို သူမ တစ်ယောက်တည်းလျှောက်ရတော့မဲ့ ဒီဘဝခရီးမှာ ဘယ်လိုအရာတွေနဲ့များ တွေ့ဦးမှာလဲ။

နောက်ကျောမှ အိမ်ကြီးဆီပြန်ကြည့်မိသည်။ အိမ်ကြီးသည် နေ့လည်ခင်းတွင်တောင် နေ၏အလင်းရောင်နှင့်အပြိုင် တောက်ပလျှက်။ ဒီအိမ်ထဲက ထွက်သွားရတော့မှာမို့ထင်သည်။ အိမ်၏နွေးထွေးမှုတွေနဲ့ ဆန့်ကျင်စွာ သူမရင်ထဲမှာ အေးစက်နေခဲ့သည်။ ခဏတာခိုလှုံခွင့်ရခဲ့သည့် ဒီနေရာလေးကို ဘယ်တော့မှ ပြန်လာရတော့မည်မထင်ပါ။ ဒါဆို သူဌေးလေးကိုရော သူမ ပြန်တွေ့နိုင်ပါမည်လား။

လက်ထဲက ပိုက်ဆံအိတ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။ ဒီညတော့ တည်းခိုခန်းမှာပဲ အိပ်ရမည်ထင်ပါသည်။ ညကျမှ အခန်းတစ်ခုခုငှားဖို့စီစဥ်ရဦးမည်။ သူနာပြုအလုပ်ကိုပဲ ဆက်လုပ်မှာသေချာသည့်အတွက် အလုပ်ကိုတော့ သူမ မပူပါ။ အခုတော့ သူမဟာ အိမ်ခြေယာမဲ့ တစ်ကောင်ကြွက်ပေါ့။ လောကကြီးသည် ဤကဲ့သို့လည်း ရုတ်တရက် ရက်စက်တတ်ပါသေးသည်လား။

ထယ်နမ်က လုပ်လက်စစာရွက်တွေကိုချပြီး ထရပ်လိုက်သည်။ သူအရမ်းကို ကြံရာမရဖြစ်နေသည်။ အုတ်နံရံနဲ့ခေါင်းနဲ့ပဲပြေးတိုက်လိုက်ရမလား။ ဒါမှမဟုတ် လှေကားပေါ်ကပဲ လျှောဆင်းလိုက်ရမလား။ အိပ်ဆေးဆယ်လုံးလောက်ပဲ ထသောက်လိုက်ရမလား။ ဘာလုပ်ရမယ်မှန်းမသိတော့။ နာရာတစ်ခါထွက်သွားမည်ကြံတိုင်း မထွက်သွားနိုင်အောင် လုပ်ခဲ့တဲ့ဒဏ်ရာတွေကလည်း များလှပြီ။ ဒီတစ်ခါသာ ထပ်လုပ်ဦးမယ်ဆိုရင် သူ့ကိုသံသယဖြစ်ကြမှာသေချာသည်။ ဒါပေမဲ့ နာရာ့ကို သူ မသွားစေချင်သေးဘူးလေ။ ဒီအတိုင်း သူမကို သူ့ဘေးနားမှာ တွေ့နေရတာကို သူသဘောကျတယ်။ ဒါ့ကြောင့် သူ သူမကို ဖွင့်ပြောတာပဲဖြစ်ဖြစ် လုပ်ချင်ပေမဲ့ တစ်ဖက်ကလည်း သူကြောက်နေမိသည်။

သူက ဘယ်သူ့ကိုမှ အဲ့လိုပြောဖူးတာမဟုတ်ဘူးလေ။ ပြီးတော့ သူ့မှာနာရာကြိုက်လောက်မဲ့ အရည်အချင်းတွေရောရှိရဲ့လား။ နာရာ့ကိုမချစ်ခင်တုန်းက သူသည် ခေါင်းအစခြေအဆုံး မကျေမနပ်ဖြစ်စရာ တစ်လက်မတောင်မရှိလောက်အောင် Confidence အပြည့်ရှိသူဖြစ်သည်။ ဒါပေမဲ့ နာရာ့ကိုချစ်လာပြီးနောက်ပိုင်း တစ်နေ့တစ်နေ့ နေရတာအဆင်မပြေတော့။ ဝတ်ထားတာအဆင်ပြေရဲ့လား။ ဆံပင်ပုံစံကျရဲ့လား။ ရေသောက်တာ စတိုင်ကျမကျက စလို့ စီးပွားရေးကိစ္စဖြေရှင်းပုံတွေကိုပါ စိတ်တိုင်းမကျတော့။

ဒီလိုလုပ်ရင် နာရာသဘောကျမလား။ ဒါမှမဟုတ် နာရာ့အကြိုက်က ဟိုဟာဖြစ်နေမလား။ မနက်အိပ်ယာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်တာကစပြီး ညအိပ်ယာဝင်သည်အထိ နာရာဆိုသည့်နာမည်ကိုသာ စိတ်ထဲတဖွဖွရွတ်ကာ စခန်းသွားနေရသည်။ သူတကယ်အဆင်မပြေတော့။ အခန်းသန့်ရှင်းနေသည့်သူမကို အလုပ်လုပ်နေသလိုဟန်‌ဆောင်ကာ စာရွက်တွေနောက်က ခိုးကြည့်ရတာ သူသဘောကျသည်။ ညညဆို အိပ်ချင်ယောင်ဆောင်ပြီး စောင်မလွတ်လွတ်အောင်လုပ်ကာ သူမ စောင်လာခြုံပေးအောင် ခွင်ဆင်ရတာ သဘောကျသည်။

တစ်ခုခုသဘောကျလို့ ရယ်မောကြတဲ့အခါ သူမ ရယ်တာ‌လေးကို ငေးရတာာ သဘောကျသည်။ တစ်ခါတစ်လေ သူမ ထိကိုင်ခဲ့သည့် စာအုပ်တွေကို နှုတ်ခမ်းနားကပ်ရင်း သို့မဟုတ် သူမထိကိုင်ခဲ့သည့် ခေါင်းအုံးလေးကို ပွေ့ဖက်ရင်း သူမ အကြောင်းတွေးရတာ သဘောကျသည်။ စီးပွားရေးအကြောင်းတွေးနေရင်း စိတ်မောလာရင်တောင် နာရာသာဆိုဘယ်လိုအားတက်စရာစကားလေးတွေပြောဦးမှာ လို့တွေးကာ သတိရသည်။ ရှင်းရှင်းပြောရလျှင် သူဘာဆက်လုပ်ရမလဲ သူ မသိတော့။ သူမကို သူ့အနားမှာဆက်ပြီး ရှိနေစေချင်ပေမဲ့ ဆက်ပြီးရှိနေပေးပါလို့လည်း မပြောရဲပေ။ လက်က ဖုန်းcontectတစ်ခုကို အလိုလိုနှိပ်မိသွားသည်။ “တူတူ” ဆိုသည့်အသံနှစ်ချက်ဆင့်ဝင်သွားပြီးနောက် တစ်ဖက်က ဖုန်းဖြေသံကို စကြားရသည်။

“Hello မင်းဘာကိစ္စရှိလို့လဲ”

တစ်ဖက်က သူ့ဖအေတူမအေကွဲ အစ်ကို၏အသံသည် တင်းမာသည်လည်း မဆို နူးညံ့သည်လည်း ပြောလို့မရ။ အစကတည်းက သိပ်ကြည့်လို့မရပေမဲ့ ဒီလိုကိစ္စမျိုးတွင်တော့ အားကိုးရမည့်သူမှာ သူတစ်ယောက်တည်းမဟုတ်လား။ နှုတ်ခမ်းထက်က အပြုံးတစ်ခုကို စိတ်ပါလက်ပါပြုံးကာ ပြန်ဖြေလိုက်သည်။

“မင်းကူညီမှဖြစ်မဲ့ ကိစ္စလေးရှိလို့”
.
.
“ဖုန်းပြောလို့ပြီးပြီလား”

ဂျွန်ဝူးက ဘေးကမေးနေပြီမို့ ပြောလက်စကို ပြီးအောင်အမြန်ပြောလိုက်ကာ ဖုန်းချလိုက်သည်။ ဂျွန်ဝူးက သူ့ရှေ့ကို စာချုပ်တစ်ခုထိုးပေးသည်။ သူက သေချာစွာဖတ်ကာ လက်မှတ်ထိုးလိုက်သည်။ ဆရာဝန်က ရက်ချိန်းတစ်ခုကို ထပ်မံပေးကာ သူတို့ကို ပြန်လွှတ်လိုက်တော့သည်။ တစ်နေ့လုံး ဒီကိစ္စအတွက် လုံးပန်းနေတာကြောင့် နားချိန်တောင် သိပ်မရချင်။ သူက အားရပါးရသမ်းလိုက်ကာ ကားထဲရောက်မှ သူ့ချစ်သူပေါင်ပေါ်လှဲအိပ်တော့မည်ဟု တွေးထားသည်။

“ယောကျ်ားလေးလို့ထင်လား မိန်းကလေးလို့ထင်လား။”

ဂျွန်ဝူး ထိုမေးခွန်းတို့ကိုမေးလာချိန်ဝယ် သူအပြင်းအထန်စဥ်းစားလိုက်သည်။ သူ့ရဲ့ဂျီတိုက်မှုကြောင့် ကလေးယူဖို့ကိစ္စကို အစောကြီးရွှေ့ပေးလိုက်ရတာမို့ ဂျွန်ဝူးမျက်နှာက ဒီနေ့တစ်နေ့လုံး မှောင်မဲနေသည်။ သူလည်းသိပါသည်။ လက်ထပ်စမှာတော့ ဂျွန်ဝူးလည်း သူနဲ့အတူ နှစ်ယောက်ထဲ နေချင်သေးမှာပဲလေ။ ဒါပေမဲ့ လက်ထပ်ခဲ့တာ ဒီတစ်ဘဝထဲမှ မဟုတ်ဘဲ။ ကလေးယူဖို့ကတော့ တစ်ဘဝမှမလုပ်ဖူးဘူးလေ။ ဒီတော့ သူ ကလေးယူချင်တာလည်း အပြစ်မှမဟုတ်ဘဲ။ ပြီးတော့ မော်ဒန်ကမ္ဘာရောက်တုန်း ကလေးယူထားမှ။ မဟုတ်ရင် နောက်ကမ္ဘာက ခေတ်ဟောင်းကမ္ဘာဖြစ်နေမှ ကလေးယူလို့မရဘဲနေမှာပေါ့။

“မသိဘူးလေ။ ကလေးပဲ ကျားမ မခွဲပါနဲ့ ခင်ဗျားရဲ့။ ဘာလေးပဲဖြစ်ဖြစ် ခင်ဗျားနဲ့ တူရင်ပြီးရော။”

အလိုက်သိစွာ လက်မောင်းတွေကိုဆွဲမှီရင်းသားပြောလိုက်တော့ ဂျွန်ဝူးက သူ့ခေါင်းလေးကို ငုံ့နမ်းကာ ပြုံးသည်။ ကားပေါ်မှာ သူ့ရည်မှန်းချက်အတိုင်း ဂျွန်ဝူးပေါင်တွေပေါ်ကို ခေါင်းအုံးအိပ်ခဲ့ရသည်။ ဂျွန်ဝူးက သူ့ဆံပင်တွေကို မျက်လုံးမစူးစေရန် ညင်ညင်သာသာသပ်ပေးကာ “ကိုယ့်ကိုပစ်မသွားရဘူးနော်” လို့ပြောခဲ့သည်။ ဒီဘဝမှာတော့ သူ့ချစ်သူက သူပစ်သွားမှာကို အတော်လေးကြောက်ပုံရပါသည်။

တကယ်တော့ သူအဲဒီလူကို ပစ်ချင်ရင်တောင် ပစ်လို့မရတော့တာ သူပဲသိပါသည်။ သူဘာလို့ပစ်ရမှာလဲ။ သူ့ရဲ့ခင်ပွန်းသည် ဒါမှမဟုတ် သူ့သားလေးရဲ့ဖခင်ကိုလေ။ နောက်တစ်နည်းပြောရရင် သူ့နှလုံးသားရဲ့အရှင်ကိုပေါ့။ ဒါကြောင့် ဂျွန်ဝူးဒီလိုပြုမူတိုင်းမှာ သူက ဂျွန်ဝူးကို တင်းတင်းကြပ်ကြပ်လေးဖက်ပေးပြီး သူဂျွန်ဝူးကို ဘယ်လောက်ချစ်ကြောင်းပြလေ့ရှိသည်။ အချိန်သည် တဖြေးဖြေးကုန်ဆုံးလာသည်။

သူပေးထားသည့်အကြံတွေနဲ့ ထယ်နမ်နဲ့နာရာ နှစ်ဦးသဘောတူချစ်သူတွေဖြစ်သွားကြသည်။ နောက်ပြီး သူတို့က မစ္စဂျာဆိုတဲ့ တံတိုင်းကြီးကို ခက်ခက်ခဲခဲ အနိုင်ယူကာ ပျော်ရွှင်စွာလက်ထပ်ခဲ့ကြသည်။ ဒီအတွဲလေးက သူတွဲပေးခဲ့တဲ့ တစ်ခြားအတွဲလေးတွေလိုပဲ ဟိုးသံသရာအဆုံးထိ လက်တွဲသွားကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အရာအားလုံးသည် သူတောင် ဘာမှလုပ်စရာသိပ်မလိုလိုက်။

ရင်နာစရာတစ်ခုက သူယူထားတဲ့ခန္ဓာကိုယ်မှာ နှလုံးရောဂါစွဲလာတာဖြစ်ကာ ထိုရောဂါနှင့်ပင် သူငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရသည်။ သူသေဆုံးတော့မည့်အချိန်တွင် ဖြစ်ခဲ့သည့် မြင်ကွင်းတစ်ခုလုံးကို အခုထိ မျက်လုံးထဲ စွဲနေသေးသည်။ သူ့ချစ်သူက မျက်ရည်ဝိုင်းသော မျက်လုံးအစုံဖြင့် သူ့အား အသက်မရှိသလိုကြည့်ကာ သူ့လက်တွေကိုလည်း မလွှတ်တမ်း ဆုပ်ကိုင်ထားသည်။ အကြောက်လွန်နေတဲ့ သူ့ချစ်သူကို ဒီတစ်ခါတော့ သူနှစ်သိမ့်ခွင့်မရလိုက်။ အလယ်တန်းကျောင်းသားတောင်ဖြစ်နေပြီဖြစ်သော သားဖြစ်သူကိုခွဲရတာက ပိုရင်နင့်ဖို့ကောင်းသည်။ သူ့ချစ်သူကိုသာ ပြန်တွေ့ဖို့သေချာပေမဲ့ သူ့သားလေးကိုတော့ အပြီးတိုင်ခွဲခွာခြင်းမဟုတ်လား။

သူသေဆုံးတော့ တိမ်တွေကြားကနေရာလေးထဲသို့ မသွားခင်မှာ သူ့ချစ်သူကို တစ်ချက်ကြည့်ခဲ့သည်။ ငိုနေတာတောင် အသံမထွက်အောင်ငိုကာ သူလန့်သွားမှာစိုးလို့ဆိုပြီး တဖွဖွရေရွတ်နေသည့် သူ့ချစ်သူနှင့် ကုတင်ကိုမှီရင်းငိုကျွေးနေသော သူ့သားလေးတို့ မြင်ကွင်းသည် ခေါင်းထဲကမထွက်။ ဒီအဖြစ်က သူ့အပေါ်အချိန်အကြာကြီး လွှမ်းမိုးသွားသည်။ ‌‌နောက်တစ်ဘဝကို မသွားနိုင်သေးဘဲ တိမ်တွေလွင့်နေတာကိုကြည့်ရင်း စိတ်တွေကို ဖြေဖျောက်ခဲ့ရသည်။

“ခင်ဗျားသွားသင့်ပြီနော်။ ထပ်ကြာဦးမလို့လား။ မြန်မြန် တာဝန်တွေကိုလုပ်ပြီး ဟိုကိုပြန်ကြရအောင်။ အဲ့လိုမှ ခင်ဗျားထပ်ပြီး မခံစားရမှာပေါ့။”

သူက သူ့ဘေးနားရှိပျံဝဲနေသော ဇီးကွက်လေးကို မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဘာရယ်မဟုတ်ဘဲ လက်က ဗိုက်ပူလေးကို တစ်ချက်ညှစ်ကာ သက်ပြင်းချရင်းပြန်လွှတ်ပေးလိုက်သည်။
“အိုခေလေ သွားကြတာပေါ့”

“ဒီကမ္ဘာက နည်းနည်းကြမ်းမယ်ထင်တယ်”

“ငါ အကြမ်းခံပါတယ်”

ဤသို့ဖြင့် ကောင်လေးတစ်ယောက်နှင့် ဇီးကွက်ဗိုက်ပူလေးတစ်ကောင်တို့သည် တိမ်တွေကြားမှ ဖျတ်ခနဲပျောက်သွားလေတော့သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now