Part-63

6.3K 796 20
                                    

ခါးကိုညွတ်၍ အရိုအသေပေးနေသော နာရာ့ကို ကျောခိုင်းကာ သူ့အဖေအခန်းထဲဝင်လာခဲ့လိုက်သည်။ အဖေက တောင့်ခဲနေသော ကိုယ်နေဟန်ထားနှင့် TVကို ကြည့်နေတာဖြစ်သည်။ သူ့အဖေသူ့ကိုလှည့်ကြည့်လိုက်သော မျက်ဝန်းထဲတွင် ဝမ်းနည်းခြင်းတွေပြည့်သိပ်လျှက်ရှိသည်။ ဝမ်းနည်းတာသာမဟုတ်ဘဲ ရှက်တာ၊ ဒေါသနှင့် စိတ်မကောင်းဖြစ်ခြင်းတွေပါ ပါဝင်သည်။ အင်းလေ။ ကိုယ်မွေးထားတဲ့သားတစ်ယောက်က ကိုယ့်ကိုအသိမပေးဘဲ လက်ထပ်သွားတယ်ဆိုတဲ့အဖြစ်က ကောင်းတဲ့ကိစ္စကြီးမှမဟုတ်ဘဲ။

သူက လည်ချောင်းကိုအနည်းငယ်ရှင်းလိုက်ကာ သူ့အဖေလက်ကိုဖွဖွဆုပ်ကိုင်လိုက်သည်။ အဖေက အိပ်ယာပေါ်မှာလှဲနေရပေမဲ့ အရမ်းကြီးဆိုးဝါးသည့်အခြေအနေတော့မဟုတ်သေး။

“အဖေ ကျွန်တော်......အဲဒီလိုဖြစ်သွားတယ်။”
“အဖေလိုမခေါ်ပါနဲ့။ မင်းငါ့ကို အဲဒီလိုမသတ်မှတ်ဘူးမဟုတ်လား။”

အေးစက်စက်ပြန်ပြောလာသည့် အဖေ့စကားကြောင့် သူပြောစရာတွေပျောက်ရှကုန်သည်။ သူ့အမေနဲ့ရင်ဆိုင်ခဲ့ရတုန်းက သူ့ချစ်သူကအနားမှာရှိပေးခဲ့ပေမဲ့ အခုတော့ သူတစ်ယောက်တည်းရင်ဆိုင်ရတော့မှာပါလား။ သူ့အဖေမှာ သူနဲ့ပတ်သတ်တဲ့ စိတ်ဒဏ်ရာတစ်ချို့ရှိနေတာကို သူကောင်းကောင်းနားလည်ပါသည်။ ပျော်ရွှင်စရာမိသားစုလေးရဲ့ တစ်ဦးတည်းသော အချစ်ခံသားလေးအဖြစ်မှ မိဘတွေအိမ်ထောင်ကွဲဖြစ်သွားလို့ နာကျင်စွာခံစားသွားရတဲ့ မူလကိုယ်ရဲ့စိတ်ထားကိုလည်း သူကောင်းကောင်းနားလည်ပါသည်။

အဖေကလည်း သူ့ကိုယ်သူ မကောင်းတဲ့ဖခင်အဖြစ်နဲ့ အမြဲသံသယရှိနေသလို သားဖြစ်သူကလည်း သူ့အဖေမှာ နောက်မိန်းမနဲ့ကလေးရှိလာတာကြောင့် သူ့ကိုသားအဖြစ်မသတ်မှတ်တော့ဘူးဆိုတဲ့ အတွေးကြီးရှိနေသည်။ ဒီနှစ်ခုကြားမှာ ဒီသားအဖက အရမ်းကိုဝေးသွားကြသည်။ တစ်ခုခုဖြစ်လာလျှင် သူ့အဖေပြောသည့်စကားက “မင်းငါ့ကိုအဖေအဖြစ်မသတ်မှတ်ဘူးမလား” ဆိုတာဖြစ်ပြီး မူလကိုယ်ရဲ့စိတ်ထဲမှာလည်း တစ်ခုခုဆို သူက အပယ်ခံအဖြစ်ခံစားခဲ့ရသည်။ အမှန်တော့ ဒီခံစားချက်တွေက သားအဖကြားက ချစ်ခြင်းထက်ပိုပြီးအရေးကြီးလို့လား။ ဘာတွေပဲဖြစ်နေပါစေ။ အဲတာတွေကို လျစ်လျူရှုပြီး ကိုယ့်ဘက်ကပွေ့ဖက်ပေးလို့ရတာပဲလေ။

“မဟုတ်ဘူးအဖေ။ ကျွန်တော် ဘယ်တုန်းကမှအဲ့ဒီလိုမတွေးခဲ့ဖူးဘူး။ ဒါပေမဲ့.....”

“အဲ့ဒီလိုမတွေးခဲ့ဖူးဘူးဆိုရင်သားဖြစ်သူရဲ့မင်္ဂလာဆောင်ကို TV မှာလာမှကြည့်ရတဲ့အဖေမျိုးဘယ်မှာရှိနေလို့လဲ။ ဟမ်။”

“သားဖြစ်သူကို သေသေချာချာမမေးဘဲ ဆူဖို့ချည်းပဲသိနေတဲ့အဖေကလည်း အဖေတဲ့လား။”

တံခါးကအလောတကြီးပွင့်လာကာ သူ့အမေရဲ့စကားကိုကြားလိုက်ရသည်။ ကြည့်ရတာ သူ့မင်္ဂလာပွဲက TVမှာပါပြီးသည့်နောက် ဒီလိုပြဿနာတက်မည်ဆိုတာ ကြိုသိလို့လာဟန်တူသည်။

“မင်း ဒီကိုဘာကိစ္စလဲ။”

သူ့အဖေက မျက်နှာလွှဲကာ ခပ်တင်းတင်းမေးခွန်းထုတ်သည်။

“ကျွန်မသားရှိတဲ့နေရာကိုလာတာလေ။ ဘာလဲ။ မလာရဘူးလား။ ရှင် ဒီလိုသားကို ဆူပြောနေမယ်ဆိုတာသိလို့ လာခဲ့တာ။ သားအပြစ်ရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ကျွန်မတို့ခွင့်လွှတ်ပေးလို့မရဘူးလား။”

“ဒီကိစ္စက သူငါ့ကို အဖေအဖြစ်လူရာမသွင်းတာလေ။ ငါက ဘာကိုခွင့်လွှတ်ပေးရမှာလဲ။ ကောင်းပြီ။ ငါက သူ့အဖေအဖြစ်မထိုက်တန်ဘူး။ ငါ ဒီနေ့ကစပြီး သူ့အဖေမဟုတ်ဘူး။”

“ခေါင်းမာမနေပါနဲ့။ အဲ့လိုပြောလို့လည်း သားက ရှင့်သားမဟုတ်ဘဲ နေမှာလား။ ဒီမှာ ဒါက ဖြစ်ခဲ့ပြီးပါပြီ။ မင်္ဂလာပွဲရောက်မှ သားရဲ့မင်္ဂလာဆောင်အဖြစ်သိရတဲ့အတွက် အမေတစ်ယောက်အနေနဲ့နာကျင်ခဲ့ရသလို ရှင်လည်းအဲ့ဒီလိုပဲခံစားရမယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ သားတောင်းပန်တာကို နားထောင်ပေးလို့မရဘူးလား။ လူကြီးဆိုပြီး ကိုယ်ပြောချင်တာပဲ ပြောနေမှာလား။ တောင်းပန်တာကို လက်ခံပြီး အပြစ်ပေးသင့်ပေးပြီး ခွင့်လွှတ်လိုက်ရင် နွေးထွေးတဲ့ဆက်ဆံရေးဖြစ်လာမှာပဲကို ရှင်က မဖြစ်မနေဒီလိုလုပ်မှပဲရမှာတဲ့လား။ ကောင်းပြီလေ။ အဲလိုဆိုလည်း အဲ့လိုပဲလုပ်ကြတာပေါ့။ သေချာမှတ်ထားပါ။ ဒီဆက်ဆံရေးပြတ်တောက်သွားတာက သားကြောင့်မဟုတ်ဘူး။ ရှင်းပြခွင့်မပေးတဲ့ ရှင့်ကြောင့်။ လာသားလေး။ သွားကြစို့။”

အမေက သူ့လက်ကိုဆွဲကာ အခန်းပြင်ထွက်ဖို့လုပ်ပေမဲ့ သူက နေရာမှာတင်ရပ်နေမိဆဲ။ သူအဖေ့ကို တောင်းပန်ချင်ပါသေးသည်။ ဘာလို့သူ မလုပ်ရမှာလဲ။ သူသာမတောင်းပန်ခဲ့ဘူးဆို နောက်အချိန်တွေမှာ တောင်းပန်ခွင့်ရပါ့မလား။ နောင်တရမဲ့ အခြေအနေရောက်မှ ဝရုန်းသုန်းကား မ‌တောင်းပန်ချင်ဘူး။ မူလကိုယ်မလုပ်နိုင်ခဲ့တာကို သူလုပ်ပေးမယ်။ သူ သူ့အဖေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးလေးတည်ဆောက်ချင်တယ်။ သူ့အဖေရှိနေတုန်းမှာ အရာအားလုံးကိုမျက်ကွယ်ပြုပြီး သူ သူ့အဖေကိုချစ်ပေးချင်သေးတယ်။

“ကျွန်တော် အမေနဲ့မလိုက်နိုင်ပါဘူး။ တောင်းပန်ပါတယ်အမေ။”

“ဒီလူကြီးက ဘာများကောင်းနေလို့ သံယောဇဥ်တွယ်နေရတာလဲ ဟမ်? ဒီလောက်မကောင်းနေတာကို။”

အမေက သက်ပြင်းတစ်ချက်ချကာ သူ့လက်ကိုဖြေးဖြေးချင်းလွှတ်ပေးလိုက်သည်။

“ကောင်းပြီလေ။ မင်းတို့က သားအဖဆိုတော့လည်း ငါဝင်ပါစရာအကြောင်းမရှိပါဘူး။ သေချာပြောကြပါ။”

အမေကအခန်းတံခါးကို ဒုန်းခနဲဆောင့်ပိတ်ကာ အခန်းပြင်ထွက်သွားသည်။ အခန်းတွင်းအခြေအနေက အေးစက်တိတ်ဆိတ်နေပေမဲ့ ရင်ဘတ်တွေထဲမှာတော့ ပူလောင်နေကြတာ သေချာပါသည်။

“အဖေ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။”

အင်းထယ်က ဒူးထောက်လိုက်ကာ သူ့အဖေကို တောင်းပန်သည်။ အဖေကတော့ TV   ကိုသာစိုက်ကြည့်ရင်း တုံ့ပြန်မှုမရှိဖြစ်နေဆဲ။

“ကျွန်တော့်ဆန္ဒသာဆို အဖေတို့ကိုအသိမပေးဘဲနေပါ့မလား။ အရမ်းအလျင်လိုသွားလို့။ ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်တဲ့အခြေအနေမျိုးမှာရှိနေခဲ့လို့ ဒီလိုတွေဖြစ်သွားတာပါ။ အဖေကို ကျွန်တော်ချစ်ပါတယ်။ အဖေသာ ခွင့်လွှတ်ပေးမယ်ဆို ဘာမဆိုလုပ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အဖေ။”

“ငါ အချိန် နည်းနည်းလိုသေးတယ်။”

အေးစက်စက်အသံနဲ့ပြောလာတဲ့သူ့အဖေက သူ့ဘက်ကိုတစ်ချက်မှတောင်ငဲ့မကြည့်ခဲ့။ သူနားလည်ပါသည်။ ဘာပဲပြောပြော ဒီအချိန်က အဖေ့အတွက်ခက်ခဲမှာပဲလေ။ ဒါကြောင့် ဆက်ပြီးအနေခက်အောင်လုပ်မနေတော့ဘဲ အခန်းထဲမှထွက်လာလိုက်သည်။ အခန်းထဲရှိအဘိုးကြီးမျက်နှာမှာ မျက်ရည်တွေလိမ့်ဆင်းလာတာကိုတော့ ထိုအဘိုးကြီးကိုယ်တိုင်သာ သိပါလိမ့်မည်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အင်းထယ်ရဲ့စိတ်တွေလည်း လန်းဆန်းမနေတော့။ ဒီလိုတွေဖြစ်မယ်ဆိုတာကို ကြိုသိထားပေမဲ့ တကယ်ဖြစ်လာချိန်မှာ ခံနိုင်ရည်အားက သိပ်တော့မရှိ။

“ယောကျ်ားလေးတစ်ယောက်နဲ့ လက်ထပ်တယ်တဲ့လား။ နေပါဦး ချူအင်းထယ်။ မင်း ဘယ်တုန်းက ဂေးသွားတာလဲ။”

စိတ်မကြည်ပါဘူးဆိုမှ မိထွေးတော်က လာပြီး ခနဲ့နေသေးသည်။ ရတယ်လေ။ နာရာ့ကို ယောကျ်ားလေးအဖြစ်ခွဲစိတ်ပေးပြီး ထယ်နမ်နဲ့ပေးစားပစ်ရမလား ။ ဘယ်သူအပေါ်ထပ်ရောက်မယ်ဆိုတာ ကြည့်ကြမယ်လေ။ အဲတာမှ ဒီမိန်းမကြီး ပါးစပ်ပိတ်သွားမှာ။

“ခင်ဗျား အဲ့စကားကို ကျွန်တော့်ခင်ပွန်းရှေ့မှာပြောဖို့ သတ္တိမွေးထားပါ။ သူက လုပ်ငန်းရှင်လို့သာဖော်ပြထားတာနော်။ တကယ်တမ်း သူက ဂိုဏ်းတစ်ခုခုရဲ့ခေါင်းဆောင်လည်းဖြစ်နေနိုင်တာပဲလေ။ အဟား”

အင်းထယ်က ခပ်ရွဲ့ရွဲ့ရယ်လိုက်ကာ လက်ညှိုးနှင့်လက်ခလယ်တို့ကို သုံး၍ I’m Watching You သင်္ကေတကိုဖော်ပြသည်။ အရွဲ့ခံလိုက်ရသော မိထွေးတော်ကြီးကတော့ လည်တနင်နင်ဖြင့်ဒေါသကြီးနေဆဲ။

အပြင်ထွက်လိုက်တော့ အမေက ကားဘေးနားမှာရပ်စောင့်နေတာကို မြင်လိုက်ရသည်။

“အိမ်ပြန်ရအောင် သားလေး။ အမေမင်းကို ဒီမှာထပ်ထားခဲ့ဖို့ သတ္တိမရှိတော့ဘူး။ ပြန်လိုက်ခဲ့။”

“အမေ ကျွန်တော်.......”

“မင်းအဖေကို စိတ်ပြေအောင်လုပ်ဖို့ ဒီအိမ်မှာနေစရာမလိုဘူးသားလေး။ အဓိကက မင်းငါ့ရှေ့မှာရှိဖို့လိုတယ်။ သွားကြရအောင်။”

သူအနည်းငယ်စဥ်းစားလိုက်သည်။ အဖေ့ကိုစိတ်ပြေအောင်လုပ်ဖို့ ဒီမှာပဲအချိန်ပြည့်ရှိစရာမလိုမှန်းသိပါသည်။ တာဝန်ကြောင့်သာ ဒီမှာနေဖို့ဆုံးဖြတ်ထားပေမဲ့ စိတ်ရှုပ်နေတာမို့ အမေ့အိမ်ကိုပဲလိုက်သွားလိုက်သည်။ စိတ်ထဲမှာတော့ ဂျွန်ဝူးကို တမ်းတနေဆဲ။ တကယ်လို့သာ ဂျွန်ဝူးသူ့ကို နှစ်သိမ့်ပေးမယ်ဆိုရင် ဒီခံစားချက်နင့်နင့်ကြီး ပျောက်သွားလောက်ပါရဲ့။

“ဘာ? နောက်တစ်ခေါက်ထပ်ပြောကြည့်ပါ။”

ဆူယောင်းမျက်နှာက ပြုံးနေပေမဲ့ မယုံနိုင်သောအပြုံးဖြစ်နေသည်။ ကုတင်ပေါ်မှာထိုင်နေသည့် ထယ်နမ်ကတော့ တည်ငြိမ်အေးဆေးစွာရှိနေဆဲ။

“ငါမင်းကို လက်မထပ်နိုင်ဘူး။”

“အဟား ခဏနေပါဦး။ အဲတာ ကျွန်မပြောရမဲ့စကားပါ။ ဘာလို့ပြောင်းပြန်တွေလာပြောနေတာလဲ။ အခု ကျွန်မလို မိန်းမကိုငြင်းလိုက်တယ်? ဟုတ်လား။”

ဆူယောင်းအတော်လေး ခံပြင်းသွားသည်။ သူလည်း ထယ်နမ်ကို လက်မထပ်ချင်ဘူးဆိုပေမဲ့ ဒီလိုစကားမျိုးကြားရမည်လို့တော့ မမျှော်လင့်ခဲ့မိပါ။ ဒါပေမဲ့ ဒါလည်းကောင်းတာပဲမဟုတ်လား။ လက်ထပ်စရာမလိုတော့ဘူးလေ။ သူမ ကိုကိုအင်းထယ်နဲ့နီးစပ်ဖို့အခွင့်အရေးတစ်ခုခုတော့မျှော်လင့်နိုင်တာပဲ။

“ကောင်းပြီ။ အတော်ပဲ။ ကျွန်မလည်း အစ်ကို့ကို လက်မထပ်နိုင်တာမို့ စေ့စပ်ပွဲကို ဖျက်သိမ်းကြတာပေါ့။ အဲဒီအစား အစ်ကို့အမေကိုသာသေချာပြောပြထားလိုက်ပါ။ နောက်ကို ကျွန်မအိမ်ကို လာမရှုပ်စေနဲ့။”

ဆူယောင်းက စိတ်သက်သာစွာနဲ့ထွက်လာခဲ့ပေမဲ့ ဖုန်းထဲကိုဝင်လာတဲ့ Message တစ်ခုကြောင့် အပေါက်ဝရှိ နာရာ့ကို တွန်းတိုက်ကာ လှေကားအောက်ကို အမြန်ဆင်းသွားလိုက်သည်။ နာရာကတော့ မထင်မှတ်ဘဲ အတိုက်ခံလိုက်ရတာကြောင့် လဲကျသွားသည်။ သူဌေးလေးနဲ့ မမလေးက အတူတူလမ်းလျှောက်ကြမှာမဟုတ်ဘူးလား။ ဘာလို့ မမလေးက အလောတကြီးထွက်သွားရတာလဲ။ ထယ်နမ်က နာရာလဲကျသွားတာကို ကြားလိုက်ရတာမို့ စိတ်ပူစွာထရပ်လိုက်ပြီးမှ သူမျက်စိမမြင်ရတာကို ပြန်တွေးမိပြီး ခုတင်ပေါ်ပြန်ထိုင်လိုက်သည်။ သူ့မျက်နှာတွင် အေးစက်စက်အရိပ်အယောင်များထင်ဟပ်လျက်။

နာရာက အမြန်ထကာ ထယ်နမ့်အနားကိုသွားလိုက်သည်။

“သူဌေးလေး အောက်ဆင်းပြီးလမ်းလျှောက်မယ်ဆို။ ဘာလို့ မမလေးက......”

“မပြောပါနဲ့။”

“ရှင်?”

“အဲ့မိန်းမအကြောင်းပြောမနေဘဲ ဒီအတိုင်း မင်းနဲ့ငါနဲ့ပဲလျှောက်ရအောင်။”

ထယ်နမ်က နာရာ့လက်ကိုဆွဲကာ ခုတင်ပေါ်က ဆင်းဖို့ပြင်သည်။ သူပြောသည့် ‘မင်းနဲ့ငါနဲ့’ ဆိုသည့်စကားစုလေးကြောင့် နာရာတစ်ယောက် ကယောင်ကတန်းတွေဖြစ်ကုန်တာကိုတော့ သူသိနိုင်မည်မထင်ပါ။

ဆူယောင်းတစ်ယောက် အောက်ထပ်ကိုအမြန်ဆင်းလာလိုက်သည်။ ဖုန်းကMessage ကိုပြန်စစ်ကြည့်လိုက်တော့ မှားပို့တာမျိုးလည်းမဟုတ်။ ဒါပေမဲ့ သူမ ဒါကိုအမှန်လို့မယုံကြည်နိုင်သေးပါ။ ကိုကိုအင်းထယ်က လက်ထပ်ပြီးပြီ? ဘယ်သူနဲ့လဲ။ ဘာဖြစ်လို့လဲ။ ဘာလို့သူမ ဘာမှမသိလိုက်တာလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကိုသိဖို့ရာ ကာယကံရှင်ကိုလိုက်ရှာပါသော်လည်း မတွေ့တာကြောင့် လက်လျှော့ပြီး အင်တာနက်ကသာ အဖြေရှာဖို့လုပ်လိုက်သည်။ ကောင်လေးနှစ်ယောက်၏ လက်ထပ်ပွဲ Videoလေးဟာ သူမအတွက်တော့ မျက်ရည်ကျစရာဖြစ်နေခဲ့သည်။

ဒါကြောင့်လား။ ဒါကြောင့်မို့ ကိုကိုအင်းထယ်က သူမကိုမချစ်ခဲ့တာလား။ ဘာလို့ ဘာဖြစ်လို့များသူမဘဝက ဒီလိုဖြစ်နေရတာလဲ။ သူမလိုချင်တာလေးက ကိုကိုအင်းထယ်ရဲ့အချစ်ကိုတင်ပါ။ ဘာတွေမှားနေလို့ ဒီလိုဖြစ်သွားရတာလဲ။ ဒါဆို ဒီအချစ်က သူမဘက်ကသာ ဖြစ်ပေါ်လာတာပေါ့။ ကိုကိုအင်းထယ်က သူမကို တကယ်မချစ်ဘူးပေါ့?။ မဖြစ်နိုင်ဘူး။ ဒီကိစ္စကို လုံးဝမယုံနိုင်သေးဘူး။ ငယ်ငယ်ကတည်းက နီးစပ်လာတဲ့ သူမတို့နှစ်ယောက်ကြားမှာ သူမကသာ ကိုကိုအင်းထယ်ကို ချစ်မိတယ်ဆိုတာ မယုံနိုင်ပါဘူး။ သေချာအောင်‌တော့ စမ်းသပ်ကြည့်သင့်တယ်မဟုတ်လား။

တဇွတ်ထိုးလုပ်တတ်သည့်ကောင်မလေးတစ်ယောက်၏ မျက်လုံးတောက်တောက်လေးများသည် တစ်စုံတစ်ခုကြောင့် ပိုမိုတောက်ပနေခဲ့လျှက်..........။


Uni

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now