“ဟုတ်အစ်မ။ ဒါဆို...ကျွန်တော် မျက်နှာသစ်လိုက်ဦးမယ်နော်။ ခဏလေးထိုင်စောင့်ပေးပါဗျ။”

“ရပါတယ်ရှင့်။ ကျေးဇူးပါနော်။”

“ဟုတ်ကဲ့ဗျ။”

သူကမျက်နှာအမြန်သစ်ကာ အဝတ်ပင်မလဲနိုင်သေးပဲ အိမ်ကြီးထဲဝင်လိုက်သည်။ တံခါးကိုဖွင့်လိုက်သည်နှင့် ကျွီခနဲအသံကြီးက ကြောက်စရာပေမဲ့ လူနှစ်ယောက်မို့လားမသိ။ သိပ်ကြောက်ဖို့မကောင်းသလိုပင်။  အိမ်ကြီး၏အတွင်းပိုင်းသည် မွစာတွေကြဲနေသည်။ နံရံဆေးကွာကျသည့် အပိုင်းအစများ အုတ်အကျိုးအပဲ့များက ကြမ်းပြင်ပေါ်တွင် ဗြဲလရမ်းကျနေသည်။ အိမ်၏ပရိဘောဂတွေဖြစ်သော ခုံတွေ၊ စားပွဲတွေကို အဝတ်ဖြူအုပ်ထားရာ ပို၍မသိုးမသန့်ခံစားနေရသည်။

“နရန်း သမီးလေး အမေခေါ်တာကြားလား”

အစ်မကြီးက စပြီးအော်ခေါ်နေသည်။ သူကတော့ အိမ်၏အတွင်းပိုင်းကိုသာ စိတ်ဝင်တစားနှင့် လိုက်ကြည့်နေသည်။ သစ်သားခုံတွေရှိသော ဧည့်ခန်းအလွန်မှာ ဘာမှန်းညာမှန်းမသိသော အခန်းလွတ်ကြီးနှစ်ခုကို ထပ်တွေ့ပြန်သည်။ ဒီအခါမှာတော့ ဟိုယခင် အိမ်ပြင်စဉ်ကကျန်ခဲ့သော ဆေးသုတ်တံတွေ၊ နံရံသုတ်ဆေးတွေတွေ့ရသည်။ တချို့နံရံတွေသည် သုတ်လက်စဆေးတန်းလန်းနှင့် ဖြစ်နေသည်။

အခန်းတွေသည် လုံးဝကိုအလွတ်တွေဖြစ်ကာ မှန်ပြတင်းပေါက်တွေကတဆင့် အလင်းတွေဝင်နေသောကြောင့်  ဓာတ်မီးသုံးစရာမလိုသေးပေ။ ထမင်းစားခန်းနှင့်တူသော အခန်းကြီးမှာတော့ ထမင်းစား စားပွဲကြီးကို အဝတ်အုပ်မထားတာကြောင့် ပင့်ကူမျှင်တွေ အထပ်လိုက်မြင်နေရသည်။  ရေချိုးခန်း၊ အိမ်သာ စသဖြင့် အောက်ထပ်တစ်ခုလုံးနှံ့နေသော်လည်း ကလေးမလေးအရိပ်အယောင်မမြင်ရပေ။

“မောင်လေး, နရန်းက အပေါ်မှာများလားမသိဘူး။ အဲတာကြောင့် သူ မကြားတာများလား။ အစ်မတို့ အပေါ်ထပ်တက်ရအောင်လေ။”

သူအနည်းငယ်စဉ်းစားလိုက်သည်။ ဒီအချိန်အထိ သူတို့ သရဲတစ်ကောင်မှမတွေ့ရသေးပေ။ အရိပ်သော်လည်းကောင်း၊ အသံသော်လည်းကောင်း မမြင်မကြားရသေး။ ကြည့်ရတာ မနက်ခင်းမို့ဖြစ်နိုင်သည်။ ဒီတော့ အပေါ်ထပ်တက်ရာမှာလည်း ဘာမှပြဿနာမရှိနိုင်ပေ။ ပြီးတော့ ကူညီတယ်ဆိုမှတော့ အဆုံးထိကူညီသင့်တယ်မို့လား။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now