အပိုင်း ၂၅၈/ အပိုင္း ၂၅၈

287 30 0
                                    

Unicode

အပိုင်း ၂၅၈ - ကျန်းနန်မြို့ဆားကုန်သည်တွေရဲ့ မြေဩဇာ

“ကောင်းပြီ!”
ဝေ့ချီနဲ့ ချောင်ပင်းတို့နှစ်ယောက်လုံးက ခေါင်းညိတ်ကာ သ‌ဘောတူလေသည်။ သူတို့တွေ ဒီအဆင့်ထိရောက်လာဖို့ အရည်အချင်းပြည့်မှီပြီး ကျန်းနန်ဆားအခွန်တွင်းရဲ့ အောင်နိုင်သူတွေဖြစ်လာမှတော့ သူတို့မှာလည်း သတ္တိရှိခြင်းအပြင် ကိုယ်ပိုင်ဗျူဟာကောင်းတွေ ရှိထားသည်။ ပထမမင်းသားသာ သူတို့ကို တကယ် ရှင်းပစ်ချင်ရင် သူတို့ဘက်ကလည်း ငြိမ်ခံနေမှာမဟုတ်။ ပထမမင်းသားနဲ့ လီမိသားစုရဲ့ အဓိကကျောရိုးကို မချိုးပစ်နိုင်ရင်တောင် တခြားအရိုးတွေကိုတော့ ချိုးပစ်နိုင်သေးသည်။

ဝူမင်ကျစ်က လေးလေးလံလံနဲ့ ခေါင်းညိတ်၏။
“တခြားရွေးချယ်စရာမရှိဘူး။ ပထမမင်းသားက ငါတို့ကိုတုပ်နှောင်ဖို့ ခဏတိုင်း ကြိုးစားနေတာ။ သူ့သဘောထားကို ကြည်ရသလောက် သူကလည်း ငါတို့ကိုကြောက်နေလို့ ငါတို့ကို နောက်ဆုံးအခြေအနေထိ မတွန်းပို့ရဲဘူး။ အခု ကျုပ်တို့တွေ ဆားဝယ်ဖို့ ငွေကိုမြှင့်နိုင်သလောက်မြှင့်ပြီး ဆားဝယ်တဲ့ အရာရှိတွေကို အပြစ်ပုံချကြတာပေါ့”

“ဟုတ်ပြီ ကျုပ်တို့ ချက်ချင်းဆောင်ရွက်လိုက်မယ်”

တခြားဆားကုန်သည်ငယ်တွေအဖို့ ငွေလျန်လုံလောက်အောင်စုဖို့ အားစိုက်ထုတ်ရမှာဆိုပေမယ့် သူတို့အတွက်ကတော့ ခေါင်းနည်းနည်းကိုက်ရုံပင်။ ဒါကို ဖြေရှင်းကိုင်တွယ်ဖို့ နည်းလမ်းအများကြီးရှိသည်။


မကြာခင်မှာပဲ ချီမင်က မုယွမ်ယောင်ဆီကစာကို လက်ခံရရှိခဲ့သည်။
“သခင်မလေးက ဆားကုန်သည်တွေ ရောင်းလိုက်တဲ့ ပိုင်ဆိုင်မှုတွေကို စုဆောင်းဖို့ ပြောထားတယ်”
ခဏကြာ တွေးကြည့်ပြီးနောက်မှာ ချီမင်တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။ မုယွမ်ယောင်အပေါ် လေးစားမှုကလည်း သူ့စိတ်ထဲတွင် ပိုပြီးတောင် နက်ရှိုင်းလာ၏။ မိန်းကလေးမုရဲ့အ‌မြော်အမြင်က နတ်ဘုရားတစ်ပါးလိုပဲ!

ဒီရက်ပိုင်းတွင် ဆားကုန်သည်တွေက သူတို့ပိုင်ဆိုင်မှုတွေကို ပေါက်စျေးထက် အများကြီးလျှော့ပြီး အလျင်စလို ထုတ်ရောင်းနေကြသည်။ နောက်ပြီး အဲ့ဒီဆားကုန်သည်တွေက လုံးဝရှားပါးပစ္စည်းတွေကို လက်ဝယ်ပိုင်ဆိုင်ထားကြ၏။ ဆားကုန်သည်တွေ ပိုင်တဲ့ဥယျာဉ်တွေဆို အသေးစိတ်မှုနဲ့ ပုံစံပိုင်းမှာပဲ အနည်းငယ် ကွဲပြားတဲ့ တော်ဝင်ဥယျာဉ်တော်နဲ့ ယှဉ်လို့ရလောက်တဲ့အထိဖြစ်သည်။
ချီမင်ရဲ့လက်ထဲမှာ မုယွမ်ယောင်အမိန့်နဲ့အတူ လျိုလျန်ယူလာတဲ့ ငွေစက္ကူရှိနေသည်။ ဒီငွေစက္ကူနဲ့‌ ချီမင်က ဆားကုန်သည်တွေဆီကနေ အကောင်းဆုံး ဥယျာဉ်တွေ၊ မြေတွေ၊ ဆိုင်ခန်းတွေ သူတို့ဆီက တိုက်ရိုက်ဝယ်ယူလိုက်ပြီး ငွေလျန်သိန်းပေါင်းများစွာ စုဆောင်းထားပြီးဖြစ်၏။

ဆားကုန်သည်တွေလည်း နောက်ဆုံးတော့ ငွေလျန်ဆယ့်ငါးသန်းကို စုနိုင်သွား၏။ ယွဲ့ဝမ်က အချိန်ကျပြီလို့ ခန့်မှန်းကာ လူလွှတ်ပြီး ဆားဝှက်ထားတဲ့နေရာကို သူတို့အား အကြောင်းကြားခိုင်းလိုက်သည်။

ရက်အနည်းအတွင်းမှာပဲ ‌ငွေလျန်ဆယ့်ငါးသန်းရောက်လာပြီး ယွဲ့ဝမ်တစ်ယောက် စိတ်လှုပ်ရှားနေခဲ့ရသည်။

မုယွမ်ယောင် လက်ထဲက အိမ်စာချုပ်၊ မြေစာချုပ်တွေကို ရေတွက်နေသည်။ သူမမျက်လုံးတွေကလည်း အပြုံးတွေနဲ့ ပြည့်လွှမ်းနေ၏။ ခဏကြာပြီးနောက် သူမက ပစ္စည်းတွေကို အစီအစဉ်တကျနဲ့ ဗီရိုထဲမှာ သော့ခတ်သိမ်းထားလိုက်သည်။

ကျင်းလန်က အခန်းထဲ ဖြည်းဖြည်း ဝင်လာပြီး
“သခင်မလေး ဧည့်သည်တစ်ယောက် လက်ဆောင်နဲ့ ရောက်လာပါတယ်။ သူက လျန်ကျန်းဘုရင်ခံ လီတာ့ရန်ရဲ့ငယ်သားလို့ ‌‌ပြောပါတယ်”

မုယွမ်ယောင်အပြုံးက ခပ်ရေးရေး ဖျော့တော့သွားပြီး
“ငါ နေမကောင်းဖြစ်နေတာ နှစ်ရက်ကြာရှိပြီး အပြင်လူနဲ့တွေ့ဖို့အဆင်မပြေဘူးလို့ ပြောလိုက်။ အဲ့လူကို လာရာလမ်းအတိုင်း ပြန်သွားခိုင်းလိုက်”

“ဟုတ်ကဲ့ပါ သခင်မလေး”
ကျင်းလင်ဆားအခွန်စစ်ဆေးမှုက လွန်ခဲ့တဲ့နှစ်‌ရက်ကတည်းက ပြီးသွားပြီမို့ လီယွမ်ယီလည်း ရွေးချယ်စရာမရှိဘဲ ယန်ကျိုးမြို့ဆီ ပြန်သွားရပြီ။ အစကတော့ သူက ကျင်းရှို့ဥယျာဉ်ဆီလာပြီး မုယွမ်ယောင်နဲ့တွေ့သွားချင်ပေမယ့် ခေါင်းမူးတာ သက်သာလာချင်းမှာပဲ ဆားနဲ့သဲအစားထိုးတဲ့ ကောလာဟလတွေ ထွက်လာတာမို့ ဝိညာဉ်တစ်ခြမ်းလွင့်သွားလုနီးပါး ထိတ်လန့်သွားရ၏။


ကောလာဟလတွေသာ အမှန်ဆိုရင် တော်ဝင်နန်းတော်ကိုရော၊ ပြည်သူလူထုတစ်ရပ်လုံးကိုပါ တုန်လှုပ်သွားစေနိုင်သည်။ ဧကရာဇ်ရဲ့ရွှေနားတော်ထိ ပေါက်ကြားသွားလို့ ဧကရာဇ်အမျက်ထွက်သွားရင် လီမိသားစုကတောင် သူ့ကိုကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ထိုသတင်းရရချင်း ယန်ကျိုးမြို့ဆီ အမြန်ပြန်ပြေးလာခဲ့တာဖြစ်သည်။

ယန်ကျိုးမြို့ဆီ အပြန်လမ်းမှာတော့ သူ စာတစ်စောင် ရုတ်တရက် လက်ခံရရှိခဲ့၏။ ထိုစာထဲမှာ ဆားဝယ်ထားတဲ့ အရာရှိတွေက ဆားအစား သဲကိုသုံးပြီး အမြတ် ကြီးကြီးမားမား ထွက်အောင်လုပ်ဖို့ ကြံနေတဲ့အကြောင်း သေသေချာချာ ရေးထားသည်။ ခိုးထားတဲ့ ဆားတွေကို သိုလှောင်ထားတဲ့ နေရာကိုတောင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသေး၏။

စာက သူ့လက်ထဲမှာ မီးသွေးခဲပူကြီးလိုဖြစ်နေပြီး တစ်ချိန်လုံး စိတ်မအေးနိုင်ခဲ့ပေ။ သူ ယန်ကျိုးမြို့ကို သင်္ဘောစိုက်စိုက်ချင်း အရာရှိတွေ၊ စစ်သည်တွေလွှတ်ပြီး စာထဲကသိုလှောင်ရာနေရာဆီ သွားရှာစေခဲ့သည်။ အစက မတွေ့လောက်ဘူး ထင်ထားပေမယ့် ဆားအပြည့်ရှိနေတဲ့ သိုလှောင်ရုံကြီးကို အမှန်တကယ် တွေ့လိုက်ရ၏။ ယန်ကျိုးမြို့ကအရာရှိတွေလည်း ကြောက်လန့်နေကြသည်။ လီယွမ်ယီ‌သင်္ဘောစိုက်တယ် ကြားတာနဲ့ အပြေးအလွှား ကြိုဆိုဖို့သွားကြပေမယ့် ဘာမှတောင်ပြောခွင့်မရသေးခင်မှာဘဲ လီယွမ်‌ယီက မြို့ရဲ့တောင်ဘက်ဆိပ်ကမ်းရှိ စွန့်ပစ်သိုလှောင်ရုံကြီးဆီ ဦးတည်သွားပြီး အထဲကဆားတွေ အများကြီးကို ရှာတွေ့သွားသည်။ အရာရှိ တော်တော်များများကတော့ မတ်မတ်မရပ်နိုင်တော့တဲ့အထိတောင် တုန်လှုပ်နေကြ၏။

လီယွမ်ယီက ဆားတောင်ပုံယာပုံကြီးကို ကြည့်ရင်း သူ့မျက်လုံးတွေထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ ပြည့်နေသည်။ နောက်ဆုံးမှာတော့  လုံးဝအေးစက်တဲ့အကြည့်အဖြစ် ပြောင်းသွားပြီး ယန်ကျိုးဆားသယ်‌ယူပို့ဆောင်ရေးသံတမန် စွန်းထုံကို ဒေါသတကြီး အော်လေသည်။
"ဆားသယ်‌ယူပို့ဆောင်ရေးသံတမန်စွန်းထုံ! ကိုယ့်ပြစ်မှုကို ကိုယ်တိုင်သိလား!"

ယန်ကျိုးဆားသယ်‌ယူပို့ဆောင်ရေးသံတမန် စွန်းထုံက ရုတ်ချည်း ဒူးထောက်ကျသွားပြီး မေး၏။
"လီတာ့ရန် ကျုပ် ဘာပြစ်မှုကျူးလွန်မိတာလဲ သိပါရစေ"

"မောင်‌မင်းက တော်ဝင်နန်းတော်ရဲ့ ဆားအခွန်စစ်ဆေးမှုကို အခွင့်ကောင်းယူပြီး တရားဝင်ဆားတွေ အများကြီးဝယ်ပြီး ပို့ဆောင်နေစဉ်မှာ ရှီကျန်းမြစ်ထဲကို ဆားသင်္ဘော မြုပ်သွားပါတယ်ဆိုပြီး လိမ်လည် လျှောက်တင်တယ်။  မုန်တိုင်းကြီးပြီးသွားရင် အမြတ်ကြီးကြီးရနိုင်ဖို့ မျှော်လင့်ပြီး သင်္ဘောပေါ်မှာ ဆားတင်ပြီး  တကယ့်ဆားတွေကို ဒီမှာလာဝှက်ထားတယ်၊ ကံကောင်းလို့ ကျုပ် သတင်း ကြိုရပြီး ခင်များအကြံအောင်မြင်မှာကို တားဆီးနိုင်လိုက်တာ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now