အပိုင်း ၂၄၃/ အပိုင္း ၂၄၃

385 47 0
                                    

Unicode

အပိုင်း ၂၄၃ - မူမမှန်တဲ့ မုယွမ်ယောင်
မင်ယင်းက စာကြည့်ဆောင်ထဲကို ဝင်လာပြီး အရိုအသေပေး၏။ သူမ မသိလိုက်ဘာသာနဲ့ မုယွမ်ယောင်ကို မော့ကြည့်လိုက်မိတော့ သူမကို အပြုံးဖျော့ဖျော့လေးနဲ့ ကြည့်နေမှန်း တွေ့လိုက်ရသည်။ သူမမျက်လုံးတွေက အညစ်အကြေးတစ်ခုမှ မစွန်းထင်းသလို ကြည်လင်နေတာမို့ သူမစိတ်ကိုလည်း တည်ငြိမ်သွားစေသည်။
“ဝမ်ရယ်နဲ့ သခင်မလေးကို လျှောက်တင်ပါတယ်။ ကျွန်မ သခင်မလေးရဲ့အမိန့်အတိုင်း တသွေမတိမ်းလုပ်ခဲ့ပါပြီ၊ ချို့ယွင်းချက်သေးသေးလေးတောင် မရှာနိုင်စေရပါဘူး။ ဒါပေမယ့် လီယွမ်ယီက ကျွန်မကို စိတ်ဝင်စားပုံမရဘူး”
မုယွမ်ယောင်က သူမကို နှစ်သိမ့်ပေးလေသည်။
“လီယွမ်ယီက အလှတရားကို သဘောကျပေမယ့် သူက သာမန်လူတစ်ယောက်မှ မဟုတ်ပဲ။ လျန်ကျန်းဘုရင်ခံအဖြစ် နှစ်အတော်ကြာအောင် တာဝန်ထမ်းဆောင်ဖူးတာမို့ သူ့မှာ အတွေ့အကြုံတွေ၊ အရည်အချင်းတွေရှိတယ်။ သူ့အိမ်တော်မှာလည်း အလှလေးတွေ အများကြီးပဲ။ ဘယ်တစ်ယောက်ကိုမှ ဖိအားပေးခေါ်ထားတာ မဟုတ်သလို သူ့ကိုစုံမက်နေတဲ့ အမျိုးသမီးတွေလည်း ပေါမှပေါပဲတဲ့။ သူ ပရောပရည်လုပ်တတ်တဲ့အကြောင်းတွေ ကောလဟာလထွက်ပေမယ့် ဘယ်သူကမှ သူ့ကို ရိုင်းစိုင်းတယ်လို့ မပြောဖူးဘူး။ ဒါ့ကြောင့်မို့ သူ့နဲ့ဆို စိတ်ရှည်မှရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျင်းလင်မှာ ဆားအခွန်စစ်ဆေးဖို့ အချိန်ကြာဦးမှာမို့ မင်းအတွက် အခွင့်အရေးရှိမှာပါ”
မင်ယင်းက ခေါင်းညိတ်သည်။
“ဟုတ်ကဲ့ပါ သခင်မလေး”
“အင်း သူ မင်းကို စိတ်ဝင်စားတယ်ဆို မနက်ဖြန်လာမှာ မဟုတ်ဘူး။ ဒီလိုလုပ်ရအောင် မနက်ဖြန်ကျ ပုံမှန်အတိုင်း ဧည့်သည်တွေကို ဧည့်ခံနေလိုက်၊ ဒါပေမယ့် ညနေကျ ရေထဲပြုတ်ကျပြီး နောက်ရက်နည်းနည်း နားဖို့ဖန်လိုက်။ နားလည်လား”
မင်ယင်းက စိုးရိမ်စွာနဲ့
“သခင်မလေး လီယွမ်ယီက ကျင်းလင်မြို့မှာ အကြာကြီးနေမှာ မဟုတ်ဘူး”
မုယွမ်ယောင်က ခေါင်းယမ်းရင်း
“ဒီကိစ္စကို အလျင်လိုလို့မရဘူး။ သူ သတိထားမိသွားရင် အချိန်ဘယ်လောက်သုံးသုံး အလကားဖြစ်သွားလိမ့်မယ်”
“ဟုတ်ကဲ့ ဒီအစေခံက သခင်မလေးစီစဉ်တဲ့အတိုင်း လိုက်နာပါ့မယ်”
ယွဲ့ဝမ်က မင်ယင်းကို ထွက်သွားဖို့ လက်ဟန်ပြလိုက်ပြီး သူ့အကြည့်က မုယွမ်ယောင်အပေါ် ကျရောက်သွားသည်။
မုယွမ်ယောင် ရင်ထဲတုန်လှုပ်သွား၏။ သူမက အပြုံးလေးနဲ့ ပြန်မော့ကြည့်ရင်း
“ဘာလို့ စစ်ယဲ့က ကျွန်မကို ဒီလိုကြီးကြည့်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး။ ယန်ကျိုးမြို့မှာ လှုပ်ရှားမှုတွေရှိနေပြီမို့ ငါ မနက်ဖြန် ရေကြောင်းနဲ့ သွားရတော့မယ်။ ဒီရက်တွေထဲ ကျင်းလင်မြို့မှာ ရှိမနေနိုင်လို့ လီယွမ်ယီကိစ္စကို မင်းဆီအပ်ခဲ့တော့မယ်”
“စိတ်ချပါ စစ်ယဲ့။ မနှောင့်နှေးစေရပါဘူး”
“အင်း ငါ မင်းကိုယုံတယ်”
“ဒါဆို ကျွန်မ ဒီကနေ စစ်ယဲ့ဆီက သတင်းကောင်းကို မျှော်နေပါ့မယ်”
ကျင်းရှို့ဥယျဉ်ကနေ အိမ်ကိုပြန်ရောက်တော့ မုယွမ်ယောင်စိတ်ထဲ တစ်ခုခု လေးလံနေပုံရသည်။ သူမ အခုလိုဖြစ်နေတာကို စုချင်က‌မြင်တော့ စိုးရိမ်စွာနဲ့
“ယောင်အာ သမီး ဘာဖြစ်ခဲ့လို့လဲ”
သူမ မေးနေစဉ်မှာပင် မျက်လုံးတွေက နာကျင်ရိပ်တွေသမ်းနေ၏။ ဒီရက်တွေထဲ နီယွင်ဖန်းကိစ္စနဲ့ အလုပ်ရှုပ်နေတာမို့ သမီးကို လျစ်လျူရှုမိသွားတာ။ ယွမ်ယောင်ကို ဂရုစိုက်ပေးသင့်တာကို...
မုယွမ်ယောင်က အလျင်အမြန် ခေါင်းမော့ကြည့်ပြီး ပြုံးပြလိုက်ကာ
“အမေ သမီးအဆင်ပြေပါတယ်။ နည်းနည်းပင်ပန်းသွားရုံပါ”
“တစ်ခုခုဖြစ်ရင် အမေ့ကို ပြောရမယ်နော်။ စိတ်ထဲကြိတ်ခံစားမနေနဲ့ ဟုတ်ပြီလား”
စုချင် သူ့သမီးအကြောင်း သေချာသိသည်။ ယွမ်ယောင်သာ ပြောချင်စိတ်မရှိဘူးဆိုရင် သူမ ဘယ်လောက်မေးမေး ရမှာမဟုတ်ဘူး။ သူမတွေးနေတာတွေကို ရှင်းရှင်းလင်းလင်းပြောပြပြီး ယွမ်ယောင်ကို ကိုယ်တိုင်ချင့်ချိန်စေရုံသာ တတ်နိုင်သည်။
မုယွမ်ယောင်က စုချင်ပုခုံးပေါ်မှီရင်း နွေးထွေးမှုကို ခံစားနေသည်။
“အမေ စိတ်မပူပါနဲ့၊ သမီး တကယ်ပင်ပန်းနေရုံပါ။ ရက်နည်းနည်းလောက်နားလိုက်ရင် အဆင်ပြေသွားမှာ”
“ကောင်းပြီ ဒါဆို အမေအခု စားဖို့တစ်ခုခု သွားလုပ်လိုက်ဦးမယ်။ စားပြီးတာနဲ့ အခန်းထဲပြန်နားလိုက်တော့ ဟုတ်ပြီလား”
“ဟုတ်ကဲ့ အမေ”
မုယွမ်ယောင်က နာနာခံခံနဲ့ ခေါင်းညိတ်ပြပေမယ့် စုချင်ထွက်သွားတာနဲ့ အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ဘာမှမဖြစ်သလို ဟန်ဆောင်နေရင်တောင် နှလုံးသားထဲမှာတော့ ခြေရာလက်ရာတွေ ကျန်နေဆဲပင်။ သူမ ယွဲ့ဝမ်ကိုမြင်တိုင်း နှစ်သစ်ကူးတုန်းက ပိုပေးခဲ့တဲ့ ဒါဇင်ချီတဲ့ရေခဲမီးအိမ်တွေကို မသိလိုက်ဘာသာ ပြန်တွေးမိသွားသည်။ အစက မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် သေချာပြန်တွေးမိမှ နှလုံးသားထောင့်တစ်နေရာမှာ တစ်ချိန်လုံးတောက်နေမှန်း သိရတော့ သူမ ဆက်ပြီး မတည်ငြိမ်နိုင်တော့။ ယွဲ့ဝမ်နဲ့ အဆက်အသွယ်ပြတ်သွားရင် သူမ မေ့နိုင်သွားမှာ။ တမင်သပ်သပ် ဖိနှိပ်ထားတာမျိုးမဟုတ်ပဲ အချိန်က တိုက်စားသွားသရွေ့ အခုလို ထူးဆန်းနေမှုကြီးက ပျောက်ကွယ်သွားမှာ။ ဒါပေမယ့် အခုလက်ရှိ ထိုသူနဲ့ အလုပ်တွဲလုပ်နေရတာမို့ ခဏခဏတွေ့နေရမှာ။ သူမသာ ယွဲ့ဝမ်နဲ့ အဆက်အဆံ မဖြတ်ခဲ့ရင် ဘာဆက်ဖြစ်မှာလဲ...
ဒီရက်တွေထဲ ယွဲ့ဝမ်ရှေ့ သူမအရည်အချင်းတွေ တစ်ခုပြီးတစ်ခု ထုတ်ပြလိုက်ရပြီး သံသယဝင်အောင် လုပ်မိသွားသည်။ သို့ပေမယ့် ထိုအချိန်တုန်းက ယွဲ့ဝမ်က သူမကို ထိခိုက်အောင်မလုပ်ဘူးဆိုပြီး စိတ်ထဲမှာ သေချာနေသည်။ ထိုအတွေးကြီးက သူမကို တကယ်ကြီး တုန်လှုပ်သွားစေ၏။
တင်းယွဲ့လန်က သူမရဲ့ နောက်ဆုံးထွက် ဒီဇိုင်းကိုယူပြီး ရောက်လာသည်။ သူမက မုယွမ်ယောင် ပြတင်းပေါက်ကို ငေးနေတာမြင်တော့ ‌မမေးဘဲ မနေနိုင်တော့။
“မိန်းကလေးမု ဘာဖြစ်လို့လဲ တွေးစရာရှိနေတဲ့ပုံပဲ”
“ဆိုင်ရှင်တင်းရောက်လာတာပဲ။ အမေ့ကို လာရှာတာလား”
“ဟုတ်တယ် ဒီရက်တွေထဲ ငါတို့တွေ အလှတရားစာအုပ်အကြောင်း စဉ်းစားနေကြတာ။ ဒီဇိုင်းတွေလည်း စီစဉ်ပြီးသွားပြီမို့ မိန်းကလေးမု ကူစစ်ဆေးကြည့်ပေးဖို့ပဲ လိုတော့တာ”
မုယွမ်ယောင်က သူမကိုယ်သူမ စိတ်ငြိမ်အောင်လုပ်ပြီး စာအုပ်ကိုယူကာ ဂရုတစိုက်ဖတ်လိုက်၏။ သူမ မအံ့သြပဲ မနေနိုင်တော့
“ရှင်ဆွဲထားတာတွေက အရမ်းလှတာပဲ။ ကျွန်မတောင် ဒီထက်ပိုကောင်းတာ မစဉ်းစားနိုင်တော့ဘူး။ ဒါတွေအားလုံးက ဆိုင်ရှင်တင်း တွေးထားတာတွေလား”
“အများစုက ဟိုကောင်မလေး ချိုက်ချင်းရဲ့ အကြံတွေ။ သူက စကားနည်းပေမယ့် သူ့အကြံတွေက တကယ်အဆင့်မြင့်တယ်။ အခုဆို ငါတောင် သူ့ကို လေးစားနေမိပြီ”
မုယွမ်ယောင်လည်း အံ့သြသွား၏။ ချိုက်ချင်းက တင်းယွဲ့လန်ရဲ့နောက် လိုက်ပြီး နီယွင်ဖန်းက ကိစ္စတွေကို ကိုင်တွယ်နေတာမို့ သူမရှေ့ ပေါ်လာခဲသည်။ ထို့ကြောင့် သူမ ချိုက်ချင်းအကြောင်း သိပ်မကြားမိတာဖြစ်သည်။
“ဒီလိုဆိုမှတော့ ဆုကောင်းကောင်းချရမှာပေါ့။ နောက်ကျရင် နီယွင်အလှစာရင်းကို သူ့ဆီအပ်ထားလိုက်တော့မယ်”
တင်းယွဲ့လန်က ရယ်ရင်း
“သူဌေးလေးက တကယ်ကြီး ပျင်းပျင်းလာတာပဲ။ ဟုတ်ပါတယ်လေ သူဌေးတစ်ယောက် လုပ်သင့်တဲ့အရာပါပဲ”
မုယွမ်ယောင်တစ်ယောက် မပြုံးဘဲ မနေနိုင်တော့။
“ဆိုင်ရှင်တင်းက ကျွန်မကိုဆို စဖို့ပဲ”
“ပူးရှန့်လုံက ဟွိုက်အန်းမြို့နဲ့ ယန်ကျိုးမြို့မှာ ဆိုင်ဖွင့်ဖို့အတွက် အလုပ်ရှုပ်နေတယ်လို့ သခင်မကပြောတယ်။ အသေးအဖွဲ့ကိစ္စတွေက ရှုပ်ထွေးတတ်တယ်။ မိန်းကလေးမု အလုပ်ရှုပ်နေရင်တောင် ကိုယ့်ကိုကိုယ်တော့ ဂရုစိုက်ရမယ်နော်။ နှစ်သစ်ကူးတုန်းကလို လိုက်စိတ်ပူမနေပါနဲ့တော့”
“ကောင်းပါပြီ နားလည်ပါပြီ ကျွန်မ နောက်ထပ် မဖျားရဲတော့ပါဘူး”
တင်းယွဲ့လန်ရဲ့ စိတ်ပူပင်မှုကို ခံစားမိတာမို့ မုယွမ်ယောင်နှလုံးသားက ပြေလျော့သွားသည်။
မုယွမ်ယောင်ကို အခုလိုပုံစံနဲ့မြင်မှ တင်းယွဲ့လန်လည်း စိတ်အေးလက်အေး ဖြစ်သွား၏။
“ဒီရက်တွေ အတက်အကျတွေများနေတာ။ အရမ်းခက်ခဲတယ်လို့ တွေးခဲ့ရင်တောင် နောက်ကျပြန်တွေးကြည့်တော့ ပုံမှန်လိုပဲ ဖြစ်သွားတယ်။ အဲ့တုန်းက အခက်အခဲ၊ နာကျင်မှုတွေ မေ့သွားရောပဲ”
မုယွမ်ယောင် နှုတ်ခမ်းထောင့်တွေ ပင့်တက်သွားသည်။ တင်းယွဲ့လန် အရင်ကကိစ္စတွေ ပြန်သတိရနေမှာစိုးလို့ သူမတို့တွေ စကားကို သတိထားပြီး ပြောနေခဲ့ကြတာဖြစ်သည်။ အခု သူကိုယ်တိုင် ပြောလာမှတော့
“သခင်မ အတိတ်ကို မေ့နိုင်သွားပြီလား”
“အကုန်လုံးကို မမေ့ပစ်နိုင်သေးဘူးဆိုပေမယ့် အနည်းနဲ့အများတော့ နေနိုင်သွားပါပြီ။ သေချာပြန်တွေးကြည့်ရင် အတိတ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုသာသာပဲလို့ ခံစားရတယ်။ အဲ့အချိန်က နာကျင်မှုမျိုး မရှိတော့ဘူး”
တင်းယွဲ့လန်က အပြုံးဖွဖွပြုံးရင်း ပြန်ဖြေလာသည်။ သူမအမူအရာက စိတ်သက်သာရာရနေပုံပေါ်၏။
မုယွမ်ယောင်က သူမအတွက် ဝမ်းသာသွား၏။
“သခင်မရဲ့စရိုက်က တကယ်လေးစားဖို့ကောင်းတာပဲ”
“သူဌေးလေးလည်း ပြဿနာနဲ့ကြုံရင် ပွင့်လင်းရမယ်နော်။ မဖြစ်သေးတဲ့ကိစ္စတွေက ကောင်းမှာလား၊ ဆိုးမှာလား ဘယ်သူသိနိုင်မှာလဲ”
တင်းယွဲ့လန်က မုယွမ်ယောင်ရဲ့ ပြဿနာကို မသိပေမယ့် အမူအရာကိုကြည့်ရုံဖြင့် အတော်လေး အရေးပါတဲ့ကိစ္စမှန်း သိနိုင်သည်။ ကိုယ်ပိုင်အတွေ့အကြုံကို မှီခိုပြီးပဲ မုယွမ်ယောင်ကို နှစ်သိမ့်ပေးနိုင်သည်။
“အင်း ကျွန်မ မလိုအပ်ဘဲ စိုးရိမ်မိနေရုံပါပဲ”
အနာဂတ်မှာ ဘာတွေပဲဖြစ်ဖြစ် အခုချိန်မှာတော့ သူမနဲ့ ယွဲ့ဝမ်ရဲ့ဆက်ဆံရေးက ခွဲခြားလို့မရနိုင်ဘူး။ ဆားအခွန်ကိစ္စရောဆိုတော့ ရှေ့ဆက်တိုးဖို့ပဲ တတ်နိုင်သည်။ သူမ လုပ်နိုင်တာဆိုလို့ စိတ်နှလုံးသားကို ကောင်းကောင်းထိန်းချုပ်ထားရုံပဲ တတ်နိုင်သည်။ အရင်ဘဝမှာ သနားစရာကောင်းတဲ့ အခြေအနေကို ဖြတ်ကျော်ခဲ့ရပြီးပြီ။ အခုလက်ရှိက ထိုအချိန်တွေထက်တော့ ပိုကောင်းသေးတယ် မဟုတ်လား။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now