အပိုင်း ၂၂၂/ အပိုင္း ၂၂၂

552 63 0
                                    

Unicode

အပိုင်း ၂၂၂


  “ကောင်းတယ် ကောင်းတယ် ကောင်းတယ်!”
ချောင်ယွမ်ယောင်က   ထိုစကားသုံးခွန်းကိုပြောပြီး အကျယ်ကြီး ရယ်မောကာ မီးဖွားခန်းထဲကို ဝင်ဖို့လုပ်သည်။
“ငါ ဖုရန်ကို သွားတွေ့လိုက်ဦးမယ်။   သူ့အတွက် တကယ်ခက်ခဲခဲ့မှာပဲ”

မုယွမ်ယောင် သူ့မွေးစားအဖေကို မြန်မြန်တားလိုက်ရ၏။
“မွေးစားအဖေ စိတ်ပူဖို့မလိုပါဘူး။   မွေးစားအမေက အခုမှ မီးဖွားပြီးခါစဆိုတော့ မီးဖွားခန်းထဲမှာ   မရှင်းလင်းရသေးတဲ့အရာတွေ အများကြီးရှိတယ်။ နောက်ပြီး မွေးစားအဖေက   အအေးဓာတ်ရှိတော့‌ မောင်လေးကို အေးခဲသွားစေမှာ စိုးရတယ်။ အရင်ဆုံး အဝတ်သွားလဲလိုက်ပါဦး၊   သမီး မီးဖွားခန်းကို ရှင်းခိုင်းလိုက်ဦးမယ်”

ချောင်ယွမ်နျန် ကိုယ့်ဖာသာ ပြန်ငုံ့ကြည့်လိုက်မှ အရှိရာဝတ်စုံ ဝတ်ထားဆဲမှန်း   သတိထားမိသွားသည်။ သူက ခေါင်းပြန်မော့ပြီး ‌ပြောလာ၏။
“စိတ်ပူလွန်သွားမိလို့ပါ။   အုပ်ချုပ်ရေးရုံးတော်က ပြန်ရောက်ခါစမို့ အဝတ်လဲချိန် မရှိလိုက်ဘူး။ ဒီပုံစံနဲ့   ဖုရန်ကိုတွေ့ဖို့ အဆင်မပြေဘူး၊ အရင်သွားလဲလိုက်ဦးမယ်”

“ဟုတ်ပါပြီ။

မုယွမ်ယောင် မီးဖွားခန်းထဲ ပြန်ဝင်သွားတော့ သခင်မကျင်းက   အပင်ပန်းလွန်ပြီး အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ ကလေးလေးကလည်း သူမဘေးမှာ   နှစ်လိုဖွယ်ကောင်းစွာ အိပ်ပျော်နေ၏။ သူ့မျက်နှာလေးက ရဲတွတ်ပြီး ရှုံ့တွနေသည်။   နည်းနည်းရုပ်ဆိုးပေမယ့် ချစ်ဖို့ကောင်းဆဲပင်။

မုယွမ်ယောင်က သခင်မကျင်းရဲ့ အခြေအနေကိုသိရဖို့   သွေးခုန်နှုန်းစမ်းဖို့လုပ်သည်။

ယင်းဟုန်က အခန်းထဲဝင်လာပြီး မုယွမ်ယောင်ရှေ့ ဒူးထောက်ကာ   အရိုအသေပေးလေသည်။

မုယွမ်ယောင်က ကျင်းလန်နဲ့ ကျင်းချောင်ကို လက်ဟန်ပြပြီး ယင်းဟုန်ကို   ထူစေသည်။ သူမက အကုန်လုံးကို အခန်းအပြင်ဘက် ခေါ်လာပြီး
“အစ်မယင်းဟုန် ဘာဖြစ်လို့လဲ”

“ဒီအစေခံ သခင်မလေးကို ကျေးဇူးတင်မိလွန်းလို့ပါ။ ဒီနေ့   သခင်မလေးရဲ့ အကူအညီသာမရှိရင် သခင်မနဲ့သခင်လေး အန္တရာယ်ဖြစ်မှာ ကြောက်မိပါရဲ့”
သူမက ကိုယ်လုပ်တော်ကျိုးနဲ့ လက်သည်ရဲ့   လုပ်ရပ်တွေကို မြင်လိုက်သည်။ မုယွမ်ယောင်ကယ်လို့သာ မဟုတ်ရင် သခင်မ   မဆုံးပါးရင်တောင် သခင်လေးက အသက်ရှင်ခွင့်ရှိလိုက်မှာ မဟုတ်ဘူး။

“မွေးစားအမေနဲ့ မောင်လေး ဒုက္ခရောက်နေတာကို ငါလည်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး။   မင်း ကျေးဇူးစကားပြောနေရင် သူစိမ်းဆန်တာပေါ့”

“ကျွန်မအမှားပါ၊ စိတ်လှုပ်ရှားလွန်းလို့ ဘာစကားမှ   မစဉ်းစားနိုင်တော့လို့ ဖြစ်သွားတာပါ။ ခွင့်လွှတ်ပေးပါ သခင်မလေး”

“မင်းက မွေးစားအမေအပေါ် သစ္စာရှိတဲ့သူပါ။ သူ့ခန္ဓာကိုယ်   ကျန်းမာ‌အောင် စောင့်ရှောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ မင်း   ဆုချီးမြှင့်ခံရရင်တော့ ငါ့ကို လက်ဖက်ရည်တိုက်ဖို့ မမေ့နဲ့နော်”
ယင်းဟုန်က မုယွမ်ယောင်ရဲ့ မျက်နှာသာပေးမှုကို   ခံစားလိုက်ရသည်။ မုယွမ်ယောင်က ကျန်းနန်မှာ အလွန်ကျော်ကြားတဲ့ လက်ဖက်ရည်အိမ်တော်ကြီးကို   ပိုင်ဆိုင်ထားတာမို့ ဘယ်လို လက်ဖက်ရည် အမျိုးအစားမဆို သောက်နိုင်သူဖြစ်သည်။   အခုပြောလိုက်တာကလည်း နှစ်ယောက်ကြားရင်းနှီးမှုကို ပြနေသည့်သဘောသာ ဖြစ်၏။
“ကျွန်မ ပူးရှန့်လုံဆီ ‌ရောက်ဖြစ်တဲ့အခါကျ   သခင်မလေးကို စျေးအကြီးဆုံး လက်ဖက်ရည်တိုက်ပါ့မယ်”

မုယွမ်ယောင် မပြုံးဘဲမနေနိုင်တော့
“ဒါဆို အဲ့လိုသတ်မှတ်လိုက်ပြီနော်။   ပူးရှန့်လုံမှာ ငါကိုယ်တိုင် စျေးအကြီးဆုံး လက်ဖက်ရည်လုပ်ပြီး ဧည့်ခံမယ်၊   ပိုက်ဆံကတော့ နင်ရှင်း”
“သေချာတာပေါ့”
သူမရဲ့ပါးတွေက အနည်းငယ်ရဲလာသည်။
“ကျွန်မ သခင်မလေးကို   ဝယ်တိုက်နိုင်ပါတယ်”

“ကောင်းတယ် ဒါဆိုမှတ်ထားလိုက်ပြီနော်”

နှစ်နာရီကြာအောင် အိပ်ပြီးတဲ့နောက်မှာ သခင်မကျင်း နိုးလာသည်။   သူမ နိုးလာတော့ ကောင်းကင်ကြီးက လုံးဝမှောင်နေပြီး မုယွမ်ယောင်က သူမနဲ့ သိပ်မဝေးတဲ့နေရာမှာ   ထိုင်နေ၏။

“မွေးစားအမေ နိုးပြီလား။ ယင်းဟုန် စွပ်ပြုတ်သွားယူချည်ဉီး၊   မွေးစားအဖေကိုပါ အကြောင်းကြားခဲ့”

“ဟုတ်ကဲ့ပါ သခင်မလေး”

“ယောင်အာ တစ်နေ့လုံး ပင်ပန်းသွားမှာပဲ။ မင်း   အိမ်ပြန်နားနေပြီထင်တာ”

“မွေးစားအမေ နိုးမလာသေးတော့ စိတ်ပူလို့လေ။ အဲ့တာကြောင့်   စောင့်ပေးနေတာ”
မုယွမ်ယောင်က သခင်မကျင်းဘေးမှာ သွားထိုင်ပြီး   ကလေးလေးကိုမကာ သူ့အမေရင်ဘက်ပေါ် တင်ပေးလိုက်သည်။

သခင်မကျင်းတစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွား၏။   ကံကောင်းတာက ကလေးလေးက လိမ်လိမ်မာမာနဲ့ အိပ်နေဆဲပင်။
“သူလေးကတော့ တအားအိပ်မောကျနေတာ။   ငါတို့မှာတော့ သူ့ကြောင့် ဘယ်လောက် လန့်သွားရတယ်မှတ်လဲ”

ပြောနေစဉ်မှာပဲ ကလေးက ရုတ်တရပ်ကြီး နိုးလာပြီး   နှာဖူးကြောကြီးတွန့်ပြီး စငိုတော့သည်။ မုယွမ်ယောင်တစ်ယောက် လန့်ဖြန့်ပြီး   မျက်လုံးပြူးသွားကာ ခြေတစ်လှမ်းတောင် နောက်ဆုတ်သွားမိ၏။

သခင်ကျင်းက အစကတော့ ကြောက်နေတာပင်။ မုယွမ်ယောင်ရဲ့ အမူအရာကိုမြင်မှ   အနည်းငယ် ကြောင်အသွားပြီး အကျယ်ကြီး ရယ်လေသည်။ အရင်ကဆို မုယွမ်ယောင်ကို   တည်တည်ငြိမ်ငြိမ်နဲ့ပဲ မြင်ဖူးတာမို့ မကြောက်တတ်ဘူးဆိုပြီး ထင်ထားတာဖြစ်၏။ တကယ်က   သူကိုယ်သူ ထိန်းချုပ်ထားတာ ဖြစ်နေတာပဲ။
“ယင်းဟုန် နို့ထိန်းကိုလွှတ်လိုက်”

မုယွမ်ယောင်လည်း သတိလက်လွတ်ပြုမူပြီးမှ အနည်းငယ် ရှက်သွား၏။   သူမက အလျင်စလို စကားလွှဲလိုက်သည်။
“မွေးစားအမေ နို့ထိန်းက ယုံရလား”
သခင်မကျင်းရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ   မီးဖွားချိန်ထိ အတွေ့အကြုံတွေကို ကြည့်ခြင်းအားဖြင့် သတိထားပြီးနေတာ   အကောင်းဆုံးပင်။

“သူက ငါ့အစေခံဖြစ်ဖူးတယ်။ အမြဲတမ်းသစ္စာရှိခဲ့တာ။ သူ   အရွယ်ရောက်တော့လည်း ငါကိုယ်တိုင် အိမ်ထောင်ဖက်ကောင်းနဲ့ ထိမ်းမြားပေးခဲ့တာ။ အခု   သူတို့တစ်မိသားစုလုံး အိမ်တော်မှာ တာဝန်ထမ်းဆောင်နေပြီ၊ သူတို့က   ယုံကြည်လို့ရပါတယ်”

“ကောင်းတယ်”
ခဏကြာတော့ နို့ထိန်းက ဝင်လာသည်။   မုယွမ်ယောင်က သူမကို သေချာစစ်ဆေးကြည့်ရှုနေပြီး ကြည်လင်တဲ့မျက်လုံး၊   သန့်ရှင်းတဲ့ လက်တွေကိုတွေ့မှ နို့ထိန်းကို ကလေးချီခွင့်ပေးလိုက်သည်။

ကလေးရဲ့ နို့သောက်ချင်စိတ်က နည်းသေးသည်။ ချောင်ယွင်နျန် ရောက်လာချိန်မှာ   နို့ထိန်းက ကလေးကိုနို့တိုက်ပြီးလို့ အိပ်ရာပေါ်တောင် ပြန်ထားပြီးပြီပင်။

မုယွမ်ယောင်ကလည်း ပြန်ခွင့်တောင်းလိုက်သည်။
“မွေးစားအဖေနဲ့အမေ   အချိန်လည်းလင့်နေပြီ။ တခြားပြောစရာရှိရင် နောက်ကျမှ ပြောကြတာပေါ့။ အခု‌တော့ သမီး   ပြန်လိုက်ပါဦးမယ်”
“ကောင်းပြီ”
သခင်မကျင်းလည်း အခုချိန်မှာ ဘာမှ အစောတလျင်   ဖြစ်စရာ မရှိသေးတာမို့ ယင်းဟုန်ကို ညွှန်ကြားလိုက်၏။
“သခင်မလေးကို လုံလုံခြုံခြုံနဲ့ အိမ်ပြန်ရောက်အာင်   လိုက်ပို့ပေးလိုက်”

“စိတ်ချပါ သခင်မ”

သူတို့ အိမ်ပြန်‌ရောက်တော့ စုချင်က ထွက်ကြိုလေသည်။
“ယောင်အာ သခင်မကျင်း ဘယ်လိုနေသေးလဲ”

“အမေ စိတ်မပူပါနဲ့။ အစက အန္တရာယ်ရှိပေမယ့် အခုတော့ အမေရော ကလေးရော   ကျန်းကျန်းမာမာရှိနေပြီ”

“တော်သေးတာပေါ့၊ ကောင်းတယ် ကောင်းတယ်။ သခင်မကျင်းအတွက်   မီးဖွားဖို့ တကယ်ခက်ခဲခဲ့မှာပဲ။ ကျန်းကျန်းမာမာရှိလို့ တော်သေးတာပေါ့”

မုယွမ်ယောင် ချောင်အိမ်တော်မှာ ကြုံခဲ့ရတာတွေကို   ပြန်ပြောပြလိုက်သည်။ စုချင်က သက်ပြင်းချကာ
“အမေ တကယ်ကို နားမလည်နိုင်ဘူး၊   ကလေးလေးတစ်ယောက်ကို ဘာလို့အဲ့လောက် ဝိုင်းမုန်းနေရတာလဲ မသိပါဘူး”
ကျင်းမိသားစုရဲ့ ထောက်ခံမှုသာမရှိရင်   ကိုယ်လုပ်တော်ကျိုး အဲ့လောက်ထိ အကြောက်အလန့်မရှိ ဗြောင်ကျကျလုပ်ရဲမှာ မဟုတ်ပေ။

“မိသားစုကြီးတွေရဲ့ အတွင်းကိစ္စတွေကို ဘယ်သူမှ   သေချာမသိနိုင်ဘူးလေ”
မုယွမ်ယောင် ခေါင်းယမ်းလိုက်သည်။   ကျင်းမိသားစု ဘာတွေတွေးနေလဲ သူမလည်း မသိဘူး။ သခင်မကျင်းမှာ ကလေးမရှိမှ သူမက   ကျင်းမိသားစုကို အပြည့်အဝ ဆက်ထောက်ပံ့ပေးမှာလို့များ တွေးနေကြတာလား။ သူမသာဆိုရင်   အဲ့လိုကိစ္စလေးအတွက်နဲ့ သဘောထားသေးသိမ်နေမှာ မဟုတ်ဘူး။

သခင်မကျင်း အနားယူဖို့ လိုသေးတာမို့ စုချင်က ချက်ချင်း သွားမလည်သေးပေ။   သုံးရက်လောက် စောင့်ပြီးမှ မုယွမ်ယောင်နဲ့အတူ ချောင်အိမ်တော်ဆီ ရောက်လာခဲ့သည်။

သခင်မကျင်းကို ကြည့်ရတာ ပိုကျန်းမာလာပုံပင်။ သူမက   ကုတင်ခေါင်းရင်းကို မှီပြီး ကလေးကို ချီထားသည်။ သူမက စုချင်နဲ့ မုယွမ်ယောင်တို့   ဝင်လာတာကိုမြင်တော့ ပြုံးရင်း
“ညီမစု လာကြည့်လှည့်လေ။ သူက   အမြဲတမ်းလိုလိုကို အိပ်နေတာ၊ နိုးတယ်ဆိုတာ ရှားတယ်”
သူမက ယင်းဟုန်ကို လက်ဖက်ရည်အိုးကို ကြည့်ထားဖို့   ထပ်ခါထပ်ခါ မှာလိုက်သေး၏။
စုချင်ကလည်း သဘောတကျပြုံးရင်း
“ကောင်းတာပေါ့ ကလေးတွေက   အအိပ်ကောင်း၊ အစားကောင်းရင် မြန်မြန်ကြီးထွားကြတယ်လေ”

သခင်မကျင်းတစ်ယောက် အခုမှ စိတ်သက်သာသွားသည်။ ပထမဆုံးအကြိမ်   ကလေးတစ်ယောက်ကို စပျိုးထောင်တာမို့ အရမ်းကြီး သတိထားစိုးရိမ်နေမိတာပင်။ ညဆို   ခဏတိုင်းနိုးပြီး ကလေးလေး အသက်ရှုနေသေးလားဆိုပြီး ထထကြည့်မိသည်။ စုချင်နဲ့ သခင်မကျင်းတို့   ကလေးပျိုးထောင်ခြင်းအကြောင်း ဆွေးနွေးနေကြစဉ်မှာ မုယွမ်ယောင်က ဘေးမှာထိုင်ရင်း   တိတ်တိတ်လေး နားထောင်နေ၏။ သူမမျက်လုံးတွေက ကွေးညွတ်နေပြီး အစမှအဆုံးထိ   အပြုံးလေးနဲ့ သေချာနားထောင်နေသည်။ စုချင်စကားတွေကနေ သူမ မွေးခါစက   ဘယ်လိုပုံစံလဲဆိုတာ တွေးကြည့်နိုင်သည်။ သူမအမေရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကိုလည်း   ခံစားမိနိုင်၏။ တွေးကြည့်ရုံနဲ့ အရမ်းကို ပျော်ရွှင်ရသည်။

သခင်မကျင်းနဲ့စုချင်တို့ ကလေးပျိုးထောင်ခြင်း အတွေ့အကြုံတွေကို   အကြာကြီး ဆွေးနွေးခဲ့ကြသည်။ စုချင်က အိမ်ပြန်ဖို့ပြောလာတော့ သခင်မကျင်းစိတ်ထဲ   မပျော်မရွှင် ဖြစ်သွား၏။
“ညီမစု နောက်ကျရင်လည်း ခဏခဏ လာလည်ပေးဦးနော်။   ကလေးကို ဂရုစိုက်တဲ့နေရာမှာ တို့ အတွေ့အကြုံ သိပ်မရှိဘူး။ ညီမဆီက အကြံတောင်းရမှာပဲ”

“ရတာပေါ့ နောက်ပြီး သခင်မ များများအနားယူဖို့ လိုတယ်နော်။   မီးနေကာလမှာ မဖျားစေနဲ့၊ မဟုတ်ရင် တစ်ဘဝလုံး ‌နောင်တရသွားနိုင်တယ်”
သခင်မကျင်းက ခေါင်းညိတ်သည်။
“ဟုတ်ပါပြီ ညီမပြောတာ နားထောင်ပါ့မယ်”

မုယွမ်ယောင်လည်း စုချင်နဲ့အတူ ထွက်လာခဲ့သည်။ ရထားလုံးပေါ်ရောက်စဉ်မှာ   သူမရဲ့ငယ်ဘဝအကြောင်း မမေးဘဲမနေနိုင်တော့။
“အမေ သမီးငယ်ငယ်တုန်းက   ဘယ်လိုမျိုးလဲဟင်”

“သမီးမွေးခါစက ကြောင်ပေါက်စလေးအတိုင်းပဲ သေးသေးလေးရယ်။   ရွာသားတွေကတော့ ကလေးက အသက်မရှင်လောက်ဘူးဆိုပြီး စွန့်ပစ်ခိုင်းခဲ့တာ။ ဒါပေမယ့်   အမေက ရအောင်ပျိုးထောင်မယ်ဆိုပြီး ပြောတာလည်း ဘယ်သူမှ နားမထောင်ကြဘူး။   မင်းအဖေကလည်း အမေကို တအားချစ်တာ့ အကောင်းဆုံး ကြိုးစားပြီး အမေ့အတွက် ဆေးတွေ ဝယ်ပေးခဲ့သေးတယ်။   သမီး ဒီလို ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီး ပန်းလေးလို၊ ကျောက်စိမ်းလေးလို   လှပလာမယ်လို့ တကယ် ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး.....”
မူယွမ်ယောင်က စုချင်ရဲ့ပခုံးကို မှီထားပြီး   အပြုံးက ပိုပြီးတောက်ပလာ၏။
သူမတို့ရွာမှာ အသက်မရှင်နိုင်တဲ့ ကလေးက အိမ်မှာမသေရဘူးဆိုတဲ့   အယူမျိုးရှိသည်။ အဲ့ဒါက အိမ်အတွက် ကံဆိုးမှုတွေ ယူဆောင်လာနိုင်ပြီး   နောက်ထပ်မွေးလာမယ့် ကလေးတွေကိုလည်း ပျိုးထောင်ရခက်ခဲစေသည်။ အဲ့တုန်းက အမေက   သူမကို ဆက်ထားထားတာဆိုတော့ အတင်းပြောစရာ ဖြစ်လာမှာမလွဲပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now