အပိုင်း ၂၃၉/ အပိုင္း ၂၃၉

477 58 0
                                    

Unicode

အပိုင်း ၂၃၉ - လက်ဖက်ရည်ဖျော်နည်းအသစ်များ
မုယွမ်ယောင်က သဘောတူလိုက်သည်။
“ကောင်းပြီ၊ မင်းက သိပ်ကို စိတ်ဆုံးဖြတ်ချက် ခိုင်မာနေတယ်ဆိုတော့ ဒီတစ်ခါ ငါ မင်းကို ယုံကြည်ဖို့ ရွေးချယ်လိုက်မယ်။ မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
မင်ယင်းက အလွန်ပျော်ရွှင်သွားတာကြောင့် ဝမ်းသာမျက်ရည်ပင်ကျလာ၏။ သူမ အမြန်ပဲ ဒူးထောက်ချကာ အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ သခင်မလေး”
“အမြန်ထပါ”
မုယွမ်ယောင်က စဉ်းစားပြီး လီယွမ်ယီရဲ့ အခြေအနေကို မင်ယင်းအား အသေးစိတ် ဂရုတစိုက် ရှင်းပြသည်။
“မိန်းကလေးမင်ယင်း၊ မင်း လီယွမ်ယီရဲ့ အကျင့်စရိုက် ဘယ်လိုဆိုတာလည်း သိထားသင့်တယ်။ သူက အလှတရားကို နှစ်သက်တယ်။ မင်း ဒီတစ်ခါ သူ့ကို ချဉ်းကပ်ချင်တယ်ဆိုရင် ဒီရှုထောင့်က စရမယ်။ ဒါပေါ့ သူ မင်းကို အမှန်တကယ် အရှက်ခွဲ အနိုင်ကျင့်တာမျိုးထိ ဖြစ်အောင်တော့ ငါ ခွင့်ပြုမှာ မဟုတ်ဘူး”
မင်ယင်းက ခေါင်းညိတ်ပြီး ပြောသည်။
“ဟုတ်ကဲ့၊ ကျွန်မ ဆိုင်ရှင်ကျင်းဆီက ကြားထားပါတယ်”
မုယွမ်ယောင် သူမအမူအရာကို သေချာကြည့်သည်။ သူမ နည်းနည်းလေးမှ မတွန့်ဆုတ်တာကို မြင်တော့ စိတ်ထဲတွင် အတော်လေး ကျေနပ်သွားသည်။
“ကောင်းပြီ၊ ဒီလိုဆိုမှတော့ ငါ မင်းကို လက်ဖက်ရည်ဖျော်နည်း အသစ်တွေ သင်ပေးမယ်”
“လက်ဖက်ရည်ဖျော်နည်း?”
မင်ယင်း အနည်းငယ် အံ့ဩသွားသည်။ မုယွမ်ယောင်က သူမကို ဆွဲဆောင်ဖျားယောင်းနည်းတွေ သင်ပေးမယ်လို့ အစက တွေးထင်ခဲ့ပေမယ့် အဲ့ဒါက လက်ဖက်ရည်ဖျော်နည်းတွေ ဖြစ်လိမ့်မယ်လို့ သူမ ထင်မထားခဲ့ချေ။
သူမ ဘာတွေးနေတယ်ဆိုတာ မုယွမ်ယောင် အလိုလို ခန့်မှန်းမိတာကြောင့် မနေနိုင်ဘဲ ဟက်ခနဲ ရယ်မိသည်။
“လက်ဖက်ရည်ဖျော်နည်းတွေကို အထင်မသေးပါနဲ့၊ လူအများစုက သူတို့ဘဝသက်တမ်း တစ်လျှောက်လုံးနီးပါး လက်ဖက်ရည်သောက်လာတာဆိုပေမယ့် တကယ့် လက်ဖက်ရည်ဖျော်နည်းတွေကို ခုထိ မသိရှိကြသေးဘူး။ လက်ဖက်ရည်ဖျော်တာနဲ့ အရသာမြည်းစမ်းကြည့်ရာမှာ မင်း နားမလည်နိုင်တဲ့အရာတွေ အများကြီး ရှိတယ်။ လူတစ်ယောက်နှစ်ယောက်ကို ဆွဲဆောင်ဖို့ လုံးဝပြဿနာမရှိဘူး”
“ကျေးဇူးပြုပြီး သင်ကြားပြသပေးပါ၊ သခင်မလေး”
မင်ယင်းက အမြန်ပဲ ခေါင်းညိတ်သည်။
“ဒါကို ဒီအတိုင်းရှင်းပြဖို့ ခက်တယ်။ ငါ ကျင်းလန်ကို လက်ဖက်ရည်ပွဲတစ်စုံ ပြင်ခိုင်းပြီး မင်းကို ပြမယ်”
မုယွမ်ယောင်က သူမအသံကို မြှင့်လိုက်ပြီး ကျင်းလန်ကို ခေါ်လိုက်ကာ သူမ ပြင်ဆင်ထားတဲ့အရာတွေ ယူလာစေသည်။
မင်ယင်း ထိုအရာတွေကို သေချာကြည့်လိုက်တော့ အကုန်လုံးက လက်ဖက်ရည်ဖျော်တဲ့ ကိရိယာတန်ဆာပလာတွေ ဖြစ်သည်။ ဘာမှထူးခြားတာ မရှိတာကြောင့် သူမ ပို သိချင်စိတ်ဖြစ်လာသည်။
မုယွမ်ယောင်က စားပွဲဘေးမှာ ဒူးထောက်ထိုင်ချလိုက်သည်။ ဖြေးညင်းစွာ အသက်ရှူသွင်းပြီးနောက် သူမက မင်ယင်းကို ပြောလိုက်သည်။
“သေချာကြည့်ထား”
မင်ယင်း အမြန်ပဲ ထိုင်ချလိုက်ပြီး မုယွမ်ယောင် ရေယူဖို့ လက်မြှောက်လိုက်တာ မြင်တော့ သူမမျက်လုံးတွေ အပြူးသား ဖြစ်သွားသည်။ သူမ သင်ယူခဲ့တာက လုပ်ကြံသတ်ဖြတ်နည်းတွေ ဖြစ်တာကြောင့် စကားပြောတာနဲ့ အမူအရာတွေကို လေ့လာအကဲခတ်တာ အသားကျနေပြီဖြစ်သည်။ ခုနလေးကတင် မုယွမ်ယောင်ရဲ့ ခန္ဓာကိုယ် အရောင်အဝါ ချက်ချင်း ပြောင်းလဲသွားတာကို မင်ယင်း သတိထားမိပါသည်။ သူမမျက်နှာပေါ်မှာ အပြုံးရှိနေပေမယ့် အသက်ရှူနေတာက အေးစက်ပြီး ခံစားချက်စိုးစဉ်းမျှ မရှိဘဲ ပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး မဆိုသလောက်လေးတောင် ရရှိနေသည်။ အခု မျက်စိတစ်မှိတ်အတွင်းမှာ သူမခန္ဓာကိုယ်က နှစ်သက်ဖွယ်ကောင်းသလိုလို ဖြစ်လာပုံရသည်။ ထိုခံစားချက်မျိုးကို စကားလုံးတွေနဲ့ အသေးစိတ်ဖော်ပြလို့ မရပေ။ ဆောင်ကြာမြိုင်က မိန်းကလေးတစ်ယောက်ရဲ့ ဖျားယောင်းသွေးဆောင်မှုမျိုး မဟုတ်သလို တမင်သက်သက် ခန္ဓာကိုယ်ကို ဖော်ပြနေခြင်းလည်း မဟုတ်ပေ။ သူမ အမူအရာက ခါတိုင်းနဲ့ အတူတူပဲလို့ ထင်ရပေးမယ့် အမြဲတမ်း ရိုက်ခတ်နိုင်တဲ့ ကိုယ်ရောင်ကိုယ်ဝါ ထင်ဟပ်နေတာက လူတွေကို အလိုလို အတိတ်မှာ စိတ်နစ်မြောသွားစေသည်။
မင်ယင်းပင် သူမကိုယ်သူမ သတိမထားမိလိုက်ချေ။ သူမ,ကြည့်လေ သူမရဲ့ အသက်ရှုနှုန်း ပိုညင်သာ ပျော့ပျောင်းလာလေ ဖြစ်သည်။ ဒါ့အပြင် ပိုပြီး သေသေချာချာ ကြည့်ချင်လာပြီး မနေနိုင်ဘဲ ရှေ့သို့ ကိုင်းလာမိသည်။ မုယွမ်ယောင် လက်ဖက်ရည်ခွက်ကို အဖုံးနဲ့ ပိတ်လိုက်ရာ လက်ဖက်ရည်ခွက်နဲ့ အဖုံးထိတိုက်သွားသံ ခပ်တိုးတိုး ထွက်သွားသည်။ သူမ မျက်လုံးပင့်ပြီး မင်ယင်းကို ကြည့်ရာ အလင်းရောင်တစ်ခု သူမမျက်လုံးတွေမှာ ဖြတ်ပြေးသွားသည်။ သူမ မျက်လုံးတွေထဲမှာ ဝမ်းနည်းမှုနဲ့ ပူဆွေးမှုတို့ ရှိနေသည့်အတိုင်းပင်၊ သို့သော် ဘာမှဖြစ်နေတာ မဟုတ်ပေ။ ယင်းက လူတွေကို အသဲယားစေပြီး ဂရုတစိုက် စူးစမ်းကြည့်ချင်မိစေသည်။
တခဏကြာပြီးနောက် မင်ယင်း လက်ဖက်ရည်ခွက်ချလိုက်ချိန်မှာ အသိပြန်လည်လာသည်။ သူမ အမြန်ပဲ မတ်တပ်ထလိုက်ပြီး သူမ မျက်နှာက ရှက်သွေးနဲ့ အနည်းငယ် နီမြန်းနေလျက်
“သခင်မလေး၊ ကျွန်မ အခုလေးတင် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့ပါတယ်”
အခုချိန်မှာတောင် သူမ နှလုံးသား တဒုန်းဒုန်းခုန်နေတာကို ခံစားနေရသေးပြီး မုယွမ်ယောင်ကို လေးစားမှုတွေ ပြည့်လို့နေသည်။ အမျိုးသမီးတစ်ယောက်အနေနဲ့တောင် မုယွမ်ယောင် လက်ဖက်ရည်ဖျော်တဲ့အချိန် စိတ်ပြုစားခံလိုက်ရသလို ခံစားရသည်။ သူမသာ ယောက်ျားလေးတစ်ယောက်သာဆို သူမနှလုံးသား ဆုံးရှုံးသွားမယ်လို့ မင်ယင်းထင်မိသည်။
မုယွမ်ယောင်က ပြုံးလျက် လက်ဖက်ရည်ခွက်ကို တွန်းပို့ပေးသည်။
“နောက်ဆုံးတော့ ခဲခဲယဉ်းယဉ်းနဲ့ လက်ဖက်ရည် ဖျော်ပြီးသွားပြီ၊ ဘယ်လို အရသာရှိလဲ?”
မင်ယင်းက သူမကို စေ့စေ့စပ်စပ် ကြည့်သည်။ မုယွမ်ယောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အရင်လို အရောင်အဝါမရှိတော့ဘဲ ခပ်တန်းတန်း ပုံပန်းသွင်ပြင် ပြန်ဖြစ်သွားသည်။ မင်ယင်းရဲ့စိတ်ထဲ ပုံမှန်လိုမဟုတ်ဘဲ စိတ်ပျက်သွားမိသည်။ သူမ မနေနိုင်ဘဲ ကိုယ့်မျက်နှာကိုယ် ရိုက်လိုက်ကာ
“သခင်မလေး၊ ကျွန်မ…”
မုယွမ်ယောင်က တခစ်ခစ် ရယ်မောရင်း လက်ကိုင်ပဝါထုတ်ပြီး မင်ယင်းရဲ့ရှေ့မှာ ဝှေ့လိုက်သည်။
မူမမှန်တဲ့ အရာတစ်ခုခုကို အနံ့မရပေမယ့် ထူးဆန်းတဲ့ လေထုကြောင့် သူမရဲ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားသလို မင်ယင်း ခံစားခဲ့ရသည်။
“သခင်မလေး၊ ကျွန်မ သခင်မလေးရဲ့ လှုပ်ရှားမှုတွေကို အခုလေးတင် သေချာ လေ့လာစောင့်ကြည့်နေခဲ့တာ။ ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ မတွေ့ရဘူး။ ဘယ်အချိန်က ဘယ်လိုလုပ်လိုက်တာလဲဟင်?”
“မင်း အခန်းထဲ ဝင်လာခါစတုန်းက”
မင်ယင်း မျက်တောင် တဖျတ်ဖျတ်ခတ်လို့
“တကယ် အဲ့လောက် အစောကြီးကတည်းက?”
“ဒီကမ္ဘာလောကမှာ လှည့်ဖျားတဲ့ အတတ်ပညာတွေ ရှိပေမယ့် လူတွေရဲ့ စိတ်နှလုံးသားက အလွန်ရှုပ်ထွေးပြီး ခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲတယ်။ အချို့လူတွေက ပျိုနီပန်းတွေကို ကြိုက်နှစ်သက်ပြီး အခြားလူတွေက အစိမ်းရောင်ကြာပန်းကို ကြိုက်ကြတယ်။ လှည့်စားတဲ့ အတတ်ပညာက လူအားလုံးရဲ့ စိတ်နှလုံးသားကို မွှေနှောက်နိုင်လိမ့်မယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ? ဒါ့အပြင် ငါ ကိုယ်တိုင်က လုံးဝကျွမ်းကျင် တတ်မြောက်တာ မဟုတ်သလို မင်းကို အချိန်တိုအတွင်း သင်ကြားမပေးနိုင်ဘူး။ မင်းကို လျင်မြန်တဲ့ နည်းလမ်းအချို့ပဲ သင်ခွင့်ပြုနိုင်မယ်။ ဒါက လျန်မြန်တဲ့ နည်းလမ်းဖြစ်တာကြောင့် မင်း ပြင်ဆင်မှုတွေကို သေချာပေါက် အလွန့်အလွန် ဂရုစိုက်ရမယ်”
“သခင်မလေးက တကယ်တွေးပေးတတ်တာပဲ။ တကယ် လေးစားမိပါတယ်”
“ဒီစာအုပ်ကို ယူသွားပြီး သေချာဖတ်ထား၊ ပြီးတော့ ငါ ခုနက လက်ဖက်ရည်ဖျော်ချိန်တုန်းက လှုပ်ရှားမှု သေးသေးလေးတွေအကြောင်း စဉ်းစားထား။ ပိုသိမ်မွေ့လေ ပိုမမြင်နိုင်လေ ဖြစ်တာကြောင့် ဘယ်သူမှ သတိထားမိမှာ မဟုတ်သလို ကြိုတင်သတိကပ်နေကြမှာလည်း မဟုတ်ဘူး”
“ဟုတ်ကဲ့”
မင်ယင်းက စာအုပ်ကို ကျင်းရှို့ဉယျာဉ်ဆီ ယူသွားပြီး မုယွမ်ယောင် လက်ဖက်ရည်ဖျော်စဉ်က အပြုအမူလှုပ်ရှားမှုတွေကို စဉ်းစားနေခဲ့သည်။ သူမ စဉ်းစားကြည့်လေ စွဲမက်ဖွယ်ကောင်းလေလို့ သူမခံစားရလာသည်။ မုယွမ်ယောင်ရဲ့ လှုပ်ရှားမှုတိုင်းက လှပထည်ဝါတဲ့ ပျိုနီပန်းတစ်ပွင့်ကဲ့သို့ နှစ်လိုဖွယ်ကောင်းပြီး သဘာဝကျလှတယ်လို့ သူမ တစ်ချိန်လုံး ခံစားမိသည်။ တိတ်ဆိတ်စွာ ဖူးပွင့်လာပြီး မရေမတွက်နိုင်သော လိပ်ပြာတွေကို မလိုလားအပ်တဲ့ လှုပ်ရှားမှုတစ်ခုမှ မပါဘဲ ဆွဲဆောင်နိုင်သည်။
အထိန်းတော်ချင်း လမ်းလျှောက်လာစဉ်တွင် မင်ယင်းရဲ့ အသက်မဲ့တဲ့ အမူအရာကို တွေ့လိုက်ရသည်။
“မင်း ဘာဖြစ်နေတာလဲ?”
မင်ယင်း ထိတ်လန့်သွားပြီး သူမနှလုံးခုန်နှုန်း စည်းချက်ပင် ကျော်သွားရသည်
“ဆိုင်ရှင်ချင်း၊ ကျွန်…ကျွန်မ တစ်ခုခု စဉ်းစားနေတာပါ”
အထိန်းတော်ချင်း ခေါင်းညိတ်သည်။
“မိန်းကလေးမုက လီယွမ်ယီကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ သင်ပေးပြီးပြီလား?”
ဒီသတိပေးချက်ကြောင့် မင်ယင်း သူမ ဘယ်လောက်တောင် ပုံမှန်မဟုတ် ဖြစ်နေခဲ့လဲ သတိရသွားသည်။ သူမမျက်နှာ နီမြန်းသွားပြီး အမြန် ခေါင်းငုံ့သွားကာ
“သခင်မလေးက ကျွန်မကို သင်ပြပေးထားပါတယ်။ ကျွန်မ ပြန်သွားပြီး လက်ဖက်ရည်ဖျော် လေ့ကျင့်ဖို့ လိုသေးတယ်။ ကျွန်မ ဆိုင်ရှင်ချင်းကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ ဒီအစေခံ သွားလိုက်ပါဦးမယ်”
ပြောပြီးနောက် ချက်ချင်း ဦးညွတ်ပြီး အမြန် လှည့်ထွက်သွားတော့သည်။
အထိန်းတော်ချင်း အစက ဘာမှမစဉ်းစားဘဲ မေးရုံသာမေးခဲ့ခြင်း ဖြစ်သည်။ သို့သော် မင်ယင်းရဲ့ ပုံပန်းသွင်ပြင်ကို မြင်တော့ သူ့စိတ်ထဲ ရုတ်တရက် စိုးရွံ့သွားသည်၊ ဒီကောင်မလေး စောနက ဘာလို့ အရမ်းမူမမှန်သလို ပြုမူနေရတာလဲ? မိန်းကလေးမုက သူ့ကို သာမန်မဟုတ်တာ တစ်ခုခု သင်ပေးလိုက်လို့များလား?
သို့သော် သူ မိန်းကလေးမုဆီ သွားပြီး ပြန်လာတာ နာရီဝက်သာကြာသည်။ ဒီလို အချိန်တိုလေးအတွင်းမှာ သူမက ဘာများ သင်ပေးနိုင်လိုက်တာလဲ? ဒါ့အပြင် မိန်းကလေးမုက ငယ်ရွယ်သေးပြီး သူမ အရာရာကို ကိုင်တွယ်ပုံက အေးစက်လွန်းတယ်။ သူမက မင်ယင်း ဒီလိုပြုမူအောင် ဘာများလုပ်လိုက်တာပါလိမ့်…
မဟုတ်ဘူး၊ သူ ပိုစဉ်းစားကြည့်လေ တစ်ခုခု ပျောက်ဆုံးနေတာကို ခံစားမိလေဖြစ်သည်။ သူ ဝမ်ရယ်ကို ဖြစ်နိုင်သမျှ မြန်မြန်အသိပေးတာ ကောင်းမယ်။ နောက်တစ်ကြိမ် မင်ယင်း သွားလေ့လာတဲ့အခါ ဝမ်ရယ်ကို အတူ လိုက်ခိုင်းရမယ် မဟုတ်ရင် တစ်ခုခု ဖြစ်လိမ့်မယ်လို့ သူ ခံစားနေရသည်။ စိတ်ဆုံးဖြတ်ပြီးနောက် အထိန်းတော်ချင်းက ချက်ချင်း စာကြည့်ဆောင်ဆီ သွားသည်။ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မရည်ရွယ်ဟန်ဆောင်လျက်
“မင်ယင်းဆိုတဲ့ ကောင်မလေးက အစကတော့ အလွန်အင်မတန် ယုံကြည်စိတ်ချရပုံပေါ်ပေမယ့် အခု သူမက စိတ်လှုပ်ရှား တုန်လှုပ်နေပုံရတယ်။ ဒီအစေခံ သူ့ကို မိန်းကလေးမုဆီက သင်ယူလေ့လာတာနဲ့ ပတ်သက်ပြီး မေးကြည့်ခဲ့တာ။ သူမက ရှက်ရွံ့တဲ့ မျက်နှာနဲ့ ထွက်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မိန်းကလေးမုက သူမကို ဘာများ သင်ကြားပေးခဲ့လဲဆိုတာ ဒီအစေခံ သေသေချာချာ သိချင်မိပါရဲ့”
ယွဲ့ဝမ်က မျက်မှောင်ကြုတ်သွားသည်။ သူ့လက်ထဲက စုတ်တံက ထက်ပိုင်းကျိုးသွားပြီး ကျွတ်ခနဲ အသံထွက်လာသည်။
အထိန်းတော်ချင်းက အပြစ်ကင်းသော ဟန်ပန်နဲ့ လှမ်းကြည့်ပြီး စိတ်အေးလက်အေး ပြောလာသည်။
“ဒီတစ်ခါ ဝယ်ထားတဲ့ စုတ်တံတွေက မကောင်းဘူးပဲ၊ နောက်ကျ ယွီဟိန်ရဲ့ လစာထဲက နှစ်လစာငွေလျန် နှုတ်လိုက်ပါ့မယ်”
(ပူးဝါးယွီဟိန်🥲)
ယွဲ့ဝမ် ခေါင်းညိတ်သည်။
“အင်း၊ ဦးလေးချင်း မင်ယင်း စုအိမ်တော်ဆီ ဘယ်အချိန် ထပ်သွားမယ်ဆိုတာ သိလား?”
“ဒီအစေခံအိုကြီး အခုပဲ သွားပြီး မေးမြန်းလိုက်ပါ့မယ်”
“ကောင်းပြီ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Onde histórias criam vida. Descubra agora