အပိုင်း ၂၃၆/အပိုင္း ၂၃၆

492 60 0
                                    

Unicode

အပိုင်း ၂၃၆ - ရေစိမ်ချိုးပြီး ထွက်လာခါစ ယွဲ့ဝမ်
လျိုလျန်က ပြန်ဖြေသည်။
“ပန်းထိမ်ဆရာကို ဆက်သွယ်လို့ရပြီဆိုပေမယ့် ကျွန်တော်တို့မှာ လက်ဝတ်ရတနာဒီဇိုင်း နည်းပါးနေတယ်လို့ သူ့ဆီက ကြားရပါတယ်”
မုယွမ်ယောင် အကြည့် အနည်းငယ် အောက်စိုက်သွားသည်။ ခဏကြာ စဉ်းစားပြီးနောက် သူမက ပြောလာသည်။
“ဒါက ပြဿနာဆိုရင် သူ့ကို အရင်ဆုံး အိမ်နှစ်အိမ် ဖွင့်ခိုင်းရအောင်၊ တစ်ခုကို ကျင်းလင်မြို့ထဲမှာ ထားပြီး နောက်တစ်ခုကို ယန်ကျိုးမြို့ထဲမှာ ထားမယ်။ ငါ ဆိုင်ရှင်ကျင်းကို ပူးရှန့်လုံက လူတချို့စေလွှတ်စေပြီး သူ့နေရာ တည်ငြိမ်အောင် ကူညီပေးခိုင်းလိုက်မယ်။ ငါတို့တွေ ပိုက်ဆံဘယ်လောက်ပဲ ကုန်ကျပါစေ ဂုဏ်သတင်း ကျော်ကြားအောင် ဖြန့်ရမယ်”
“ဟုတ်ကဲ့၊ ကျွန်တော် ချီမင်ကို ပြောဖို့ ချက်ချင်း လူလွှတ်လိုက်ပါ့မယ်”
“ကောင်းပြီ”
လျိုလျန် ထွက်သွားပြီးနောက် မုယွမ်ယောင်က ထိုနေရာမှာ ခဏကြာအောင် တိတ်တဆိတ် ထိုင်နေခဲ့ပြီးမှ ထကာ ယွဲ့ဝမ်ကို တွေ့ဖို့ သွားလိုက်သည်။ မုယွမ်ယောင် သူ့ပုံပန်းသွင်ပြင်ကို မြင်တော့ နှလုံးခုန်နှုန်း စည်းချက်တစ်ခုပင် ကျော်သွား၏။ ထိုအချိန်တွင် ယွဲ့ဝမ်က ရေချိုးပြီးခါစ ဖြစ်ဟန်တူသည်။ သူရဲ့အပြာဖျော့ရောင် ဝတ်ရုံက သူ့ခန္ဓာကိုယ်က အေးစက်တဲ့ အငွေ့အသက်ကို အတော်လေး လျော့ပါးနေစေသည်။ သူ့ရဲ့ နက်မှောင်တဲ့ဆံပင်က ဖြေချထားရာ အပေါ်တစ်ဝက်ကို ကျောက်စိမ်းဖြူဆံထိုးဖြင့် ဦးခေါင်းထိပ်မှာ ထုံးဖွဲ့ထားပြီး ဆံစအချို့က သူ့နားပေါ် ပြန့်ကျဲနေလျက် မင်ကဲ့သို့ မည်းနက်နေသော မျက်လုံးတွေထဲက အေးစက်တဲ့ အလင်းရောင်ကို ဖျော့တော့သွားစေပြိး သူက ပိုပြီးတော့တောင် ချောမောနေသည်။
“မင်း ဒီလောက် နောက်ကျနေတဲ့အချိန်မှ ငါ့ကို ဘာလို့ လာရှာတာလဲ?”
သူတို့ နေ့လယ်ကမှ တွေ့ထားတာဖြစ်သည်။ မုယွမ်ယောင် အဆင်ပြေလိမ့်မယ်လို့ ထင်တာကြောင့် စောစောအနားယူဖို့ သူ ရေချိုး၊ အဝတ်လဲလုပ်ခဲ့သည်။ ထင်မထားခဲ့ဘဲ မုယွမ်ယောင် ရောက်နေတယ်ဆိုတာ အထိန်းတော်ချင်းဆီက ကြားခဲ့ရသည်။ သူ အမြန် ကိုယ်လက်သန့်စင်ပြီး အလျင်စလို လာခဲ့တာကြောင့် ဆံပင်ခြောက်အောင်လုပ်ဖို့ အချိန်တောင် မရှိခဲ့ပေ။
မုယွမ်ယောင် မတ်တပ်ရပ်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် စိုးရွံ့နေမိသည်။ သူမ အခုချက်ချင်းပဲ စိတ်စောသွားခဲ့ပြီး အချိန်ကိုပင် သတိမထားမိခဲ့ချေ။
“ကျွန်မ နင်းစစ်ယဲ့ကို နှောင့်ယှက်မိပြီ။ ကျွန်မကိစ္စတွေက အရမ်းအရေးတကြီး မဟုတ်ပါဘူး။ မနက်ဖြန်မှ ပြောကြတာပေါ့”
သူမ ပြောပြီးတော့ ခေါင်းငုံလျက် ထထွက်သွားသည်။
“မင်း ရောက်တောင်နေပြီပဲ။ ဘာမှမပြောဘဲ ပြန်သွားရင် ငါ မင်းအတွက် စိတ်ပူနေရလိမ့်မယ်”
ယွဲ့ဝမ်က စားပွဲနောက်မှာ ထိုင်ကာ မုယွမ်ယောင်ကို မထူးမခြားနားစွာ ကြည့်သည်။
သူမ အခု ထွက်သွားမယ်ဆိုရင် သူမ ဖုံးကွယ်ချင်တာ ပိုပြီး ပေါ်လွင်သိသာသွားလိမ့်မည်။ မုယွမ်ယောင် သူမခြေလှမ်းတွေကို ရပ်တန့်၍သာ ပြောနိုင်သည်။
“ချီမင်အကြောင်း သတင်းအချို့ပါ။ လက်တလောမှာ မြောက်ပိုင်းကနေ ကျင်းလင်မြို့ဆီ တရားဝင်ဆားတွေ အများကြီး ပို့မယ့်အကြောင်း သူ သိထားပါတယ်”
“အခုက တရားဝင်ဆားပို့ရမယ့်အချိန်လား?”
ယွဲ့ဝမ်လည်း သေချာပေါက် လမ်းကြောင်းကို သိထားတာမို့ ဒါကိုကြားတော့ တစ်ခုခု မှားယွင်းနေတယ်ဆိုတာ သူ ခံစားလိုက်ရသည်။ သူ့လက်ချောင်းကို စားပွဲပေါ်မှာ အသာထိခေါက်ရင်း သူ့စိတ်ကူး အမြန်ပြောင်းသွားသည်။
မုယွမ်ယောင်က နေရာမှာ မတ်တပ်ရပ်နေပေမယ့် သူမအကြည့်က သူ့ဆံပင်အပေါ် အလိုလို ကျရောက်နေသည်။ အလျင်စလို ထွက်လာခဲ့လို့ ဖြစ်လိမ့်မယ်။ သူ့ဆံပင်တွေ မခြောက်သေးဘူး။ အခု သူ ထိုင်ချလိုက်တော့ အင်္ကျီပေါ်မှာ ရေစက်တွေ ကျကုန်ပြီ။ နွေဦးရောက်နေပြီဆိုပေမယ့် ညအချိန်မှာ ရာသီဉတုက အတော်လေး အေးသေးတာကြောင့် နေရတာ အတော်လေး မသက်မသာ ဖြစ်နေမှာပဲ။
သို့သော်ငြားလည်း ယွဲ့ဝမ်က သတိပင်မပြုမိချေ။
“ငါ တစ်ယောက်ယောက်ကို ပိုအတွင်းကျကျ စုံစမ်းခိုင်းလိုက်မယ်။ ဆားပမာဏ အများကြီးကို ဒီအချိန်မှာ တရားဝင်ပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့မသိတဲ့ အကြောင်းအရင်းတစ်ခု ရှိရမယ်”
မုယွမ်ယောင် သူမနှလုံးခုန် မြန်နေတာကို တည်ငြိမ်အောင်လုပ်ပြီး
“ကျွန်မလည်း အတူတူပဲ စဉ်းစားနေခဲ့ပေမယ့် ချီမင်အနေနဲ့ ဝူမင်ကျစ်နဲ့ သူ့လူအုပ်စုရဲ့ ခွင့်ပြုသဘောတူညီမှုကို ဒီလို အချိန်တိုလေးအတွင်းမှာ ရရှိဖို့ အတော်လေး ခဲယဉ်းတာကြောင့် ကျွန်မ သူ အုတ်မြစ်အခြေခိုင်ဖို့ ဖြစ်နိုင်သမျှ ကူညီပေးချင်တယ်။ အတွင်းသတင်းအချို့ရဖို့ မဖြစ်နိုင်ပေမယ့် ကျွန်မ အနည်းဆုံးတော့ အဲ့ဒီအကြောင်းကို နည်းနည်းပိုပြီး မေးကြည့်လို့ရပါတယ်”
“ငါ ဘာလုပ်ဖို့လိုအပ်လဲ?”
“ကျွန်မ အထိန်းတော်ချင်းနဲ့ အရင်က ဆွေးနွေးထားပါတယ်။ နင်းစစ်ယဲ့ စိတ်မရှိဘူးဆိုရင် ယန်ကျိုးမြို့နဲ့ ဟွိုက်အန်းမြို့မှာ ကျွန်မတို့ ပူးရှန့်လုံ ဖွင့်မှာပါ။ အခု ယန်ကျိုးမြို့က အသင့်ဖြစ်နေပြီ။ ကျွန်မ ချီမင် ရိပေါင်ရွှမ်းတည်ထောင်ရာမှာ ကူညီဖို့ လူတချို့ကို တာဝန်ခွဲပေးချင်တယ်”
“ရိပေါင်ရွှမ်း?”
“ဟုတ်ပါတယ်၊ နီယွင်ဖန်းက အဝတ်အစားတွေ အဓိကရောင်းတယ်ဆိုရင် ရိပေါင်ရွှမ်းက လက်ဝတ်ရတနာ၊ ပါးနီနဲ့ အလှအပပစ္စည်းတွေ ရောင်းပြီး အကျိုးအမြတ် အတော်လေး ရှာနိုင်ပါလိမ့်မယ်”
မုယွမ်ယောင်က ရိပေါင်ရွှမ်းတည်ထောင်မယ့် အစီအစဉ်ကို ဂရုတစိုက် ရှင်းပြသည်။
ဒါကို ကြားပြီးနောက် ယွဲ့ဝမ် မနေနိုင်ဘဲ စိတ်သဘောထား တစ်မျိုးပြောင်းသွားသည်။
“ရိပေါင်ရွှမ်းကို နီယွင်ဖန်းနဲ့ အဆင့်တူအောင် မြှင့်တင်မယ်ဆိုတာ တကယ်ကောင်းမွန်တဲ့ အကြံဉာဏ်ပဲ။ ရိပေါင်ရွှမ်းကို ဘယ်သူမှ မင်းနဲ့ချိတ်ဆက်မိမှာ မဟုတ်တာကြောင့် ဒီနည်းလမ်းက ဖြစ်နိုင်ချေရှိတယ်။ ချီမင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူတချို့ လွှတ်ပေးဖို့ရာ ငါ အထိန်းတော်ချင်းကို ညွှန်ကြားလိုက်မယ်”
မုယွမ်ယောင် စိတ်ပေါ့ပါးသွားကာ သက်ပြင်းချနိုင်ပြီး သူမအင်္ကျီလက်ထဲက စာချုပ် ထုတ်လိုက်သည်။
“ကျွန်မက ဒီရိပေါင်ရွှမ်းရဲ့ ဦးဆောင်သူ ဖြစ်တာကြောင့် နင်းစစ်ယဲ့ရဲ့ အားထုတ်မှုကို အလကား မဖြစ်စေရပါဘူး။ ကျွန်မ ရှင့်ကို နီယွင်ဖန်းလိုပဲ အကျိုးအမြတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်း ပေးပါ့မယ်၊ ဘယ်လိုသဘောရပါလဲ?”
ယွဲ့ဝမ်က ရေးထားတဲ့ သဘောတူစာချုပ်ကို ယူလိုက်ပြီး သေချာဖတ်ကြည့်ပြီးနောက် ခေါင်းရမ်းသည်။
မုယွမ်ယောင်ရဲ့ မျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွားသည်။
“နင်းစစ်ယဲ့ရဲ့ အထင်အမြင်အရ ကျွန်မ ရာခိုင်နှုန်း ဘယ်လောက်ပေးသင့်လဲ?”
ယွဲ့ဝမ်က စာချုပ်ကို ဆုတ်ဖြဲပစ်လိုက်သည်။
“ငါက မင်းကို ဘေးကနေ ကူညီပေးရုံတင်ပဲ။ မင်း ငါ့ကို ငွေလျန်တွေပေးဖို့ မလိုဘူး။ အရင်က ချင်းလက်ဖက်ခြောက်နဲ့ ပူးရှန့်လုံနှစ်ခုကို ချုပ်ကိုင်ဦးစီးခဲ့တာ မင်းပဲလေ”
ပူးရှန့်လုံက တဖြည်းဖြည်း ခြေကုပ်လာနိုင်ပြီး သတင်းတွေ ပိုပိုပြီး ပြန်ကြားရသည်။ သူ ဒီကနေ အကျိုးအမြတ်တွေ စတင်ရရှိနေပြီးဖြစ်သည်။ အနောက်ပိုင်း ကွမ်းတုံဒေသဆီ ပို့ပေးတဲ့ ချင်းလက်ဖက်ရည် အများကြီးက သူ့ကို အတိုင်းထက်အလွန် အကူအညီဖြစ်စေခဲ့တာ ပြောမနေပါနဲ့တော့၊ သူ မုယွမ်ယောင်ကို ကူညီပေးဖို့ အကြွေးတင်နေသေးတယ်လို့တောင် ပြောလို့ရတယ်။
မုယွမ်ယောင် ရယ်မောသည်။
“ဒီလိုဆိုတော့လည်း ကျွန်မ ဒီတစ်ကြိမ်မှာ နင်းစစ်ယဲ့ကို အသုံးချပါရစေ”
ယွဲ့ဝမ်က အလွန်ရက်ရောပြီး သဘောထားကြီးတာကြောင့် ဒီတစ်ကြိမ် သူမ မယဉ်မကျေးပြုမူတာကို ကျေးဇူးပြုပြီး ဗွေမယူပါနဲ့။ သူမက ရွှေငွေစစ်စစ်တွေကို ဘယ်တော့မှ မငြင်းချေ။
လုပ်ငန်းအကြောင်းပြောပြီး အခွင့်ကောင်းယူပြီးနောက် မုယွမ်ယောင် စိတ်ကောင်းဝင်နေပြီး မနေနိုင်ဘဲ သူ့ကို ကြင်နာစွာ သတိပေးမိသည်။
“ညအချိန်မှာ ရာသီဉတုက အေးတာကြောင့် နင်းစစ်ယဲ့ ဆံပင်ကို ဖြစ်နိုင်သမျှ မြန်မြန်ခြောက်အောင် လုပ်သင့်တယ်။ မဟုတ်ရင် လွယ်လွယ် အအေးမိလိမ့်မယ်။ ကျွန်မ အရင်ပြန်ပါဦးမယ်”
“ငါ မင်းကို လိုက်ပို့ပေးမယ်”
“မလိုပါဘူး။ ခြေနှစ်လှမ်းစာလောက်ပဲကို…”
မုယွမ်ယောင် အမြန် ငြင်းပယ်သည်။
သို့သော် ယွဲ့ဝမ်က မတ်တပ်ထပြီးဖြစ်ကာ မီးအိမ်ထွန်းပြီးလျက်
“သွားကြစို့၊ အခုမှောင်နေပြီ။ မင်း တစ်ယောက်တည်းပြန်ရင် ငါ စိတ်အေးအေးနဲ့ အနားယူနိုင်မှာ မဟုတ်ဘူး”
ဖယောင်းတိုင်မီးရောင်အောက်တွင် ယွဲ့ဝမ်ရဲ့ မျက်နှာပေါ်မှာ မှိုင်းပျပျအလွှာတစ်ခု အုပ်နေပုံရသည်။ ညကဲ့သို့ မည်းနက်တဲ့ သူ့မျက်လုံးတွေကလည်း နူးညံ့စွာ တောက်ပနေပုံရ၏။ သူရဲ့ ထူးခြားစွာ ချောမောလှတဲ့ မျက်နှာကို ကောင်းကင်ဘုံက သေချာ ထွင်းထုပေးလိုက်ဟန်တူပါရဲ့။
မုယွမ်ယောင် သူမလျှာကို ခပ်ပြင်းပြင်း ကိုက်ချလိုက်ပြီး သူမနှလုံးသားထဲက လှိုင်းတွေကို ဖိစီးထားလိုက်သည်။ သူမ လက်လှမ်းကာ ယွဲ့ဝမ်လက်ထဲက မီးအိမ်ကို ယူမည်ပြုသည်။
“နင်းစစ်ယဲ့၊ အရင်ဆုံး ဆံပင်ခြောက်အောင် သွားလုပ်သင့်တယ်။ ဒီလမ်းငယ်လေးပဲဟာ ကျွန်မ ကိုယ့်ဘာသာ ပြန်သွားလို့ ရပါတယ်”
ဒီလိုနဲ့ ယွဲ့ဝမ် စကားပြောတာကိုတောင် စောင့်မနေဘဲ သူမစကပ်ကို မ ကာ စာဖတ်ခန်းထဲက ထွက်လာခဲ့သည်။
လောလောနဲ့ ထွက်သွားတဲ့ သူမပုံရိပ်ကို စိုက်ကြည့်ရင်း ယွဲ့ဝမ် လက်ချောင်းတွေ တွန့်သွားပြီး စိတ်ထဲတွင် ခပ်ရေးရေး သက်ပြင်းချမိသည်။ မုယွမ်ယောင်က သူ့အနားမှာ သတိထားတာ လျှော့ချလိုက်ပြီလို့ ထင်ထားခဲ့ပေမယ့် အခု သူမက သတိအပြည့် ရှိနေသေးပုံရသည်။
အထိန်းတော်ချင်းက လက်ထဲမှာ တဘက်တစ်ခုနဲ့ ရောက်လာသည်။
“အရှင် အရမ်းအဆောတလျင် လာခဲ့တာနဲ့ ဆံပင်ရေသုတ်ဖို့ မေ့နေခဲ့တာပဲ။ မိန်းကလေးမု ပြန်သွားပြီလား?”
“ပြန်သွားပြီ”
အထိန်းတော်ချင်းက မျက်နှာပေါ်မှာ အပြုံးဝေဝေဆာဆာနဲ့ ရေသုတ်အဝတ်ကို ကမ်းပေးလိုက်ပြီး
“ဒီအစေခံ ကြားဖူးတာတော့ နှင်းမြေခွေးကို ယဉ်ပါးအောင်လုပ်ဖို့ အလွန်အင်မတန် စိတ်ရှည်ရပါတယ်တဲ့။ နှင်းမြေခွေးကို ဖမ်းမိတဲ့အခါ အရှင် အင်မတန် သတိထား…”
“ဦးလေးချင်း၊ နောက်ကျနေပြီ၊ အခန်းပြန်ပြီး စောစော အနားယူပါတော့လား?”
“ကောင်းပါပြီ၊ အရှင်လည်း စောစောအနားယူပါ။ ရေစက်တွေ ကျပါများရင် ကျောက်ကိုတောင် ဖြတ်နိုင်တယ်၊ ကြိုးက သစ်သားကို မြင်တယ်၊ လမ်းက ရှည်လျားပြီး အဆုံးမရှိ။ သွားဖို့က ရှည်လျားပြီး မိုင်တစ်ထောင်ရောက်ဖို့ ဇွဲ့မလျှော့ဘဲ လုံ့လဝီရိယနဲ့ ကြိုးပမ်းရမယ်…”
“ဦးလေးချင်း ပြောနေတာတွေက ဘာတွေမှန်းမသိပေမယ့် အဓိပ္ပာယ်ရှိပါတယ်”
အထိန်းတော်ချင်းက စိတ်လှုပ်ရှားနေပုံရသည်။
“ဒီအစေခံအိုကြီး ပြန်တဲ့အခါ သေချာပေါက် စာအုပ်တွေ ပိုဖတ်ပါ့မယ်။ နောက်တစ်ခါ ပိုတိကျမှန်ကန်စွာနဲ့ ကဗျာရွတ်နိုင်အောင် ကြိုးစားပါ့မယ်”
ယွဲ့ဝမ်က သူ့ဆံပင်ကို ခြောက်အောင်သုတ်ပြီး သူ့အင်္ကျီလက်ထဲက ကြိုးနီကို ထုတ်လိုက်သည်။ ကြိုးနီအောက်မှာက လကွေးခြမ်းပုံသဏ္ဌာန် နံ့သာအိတ်ဖြစ်ပြီး ယင်းကို ရောင်စုံပိုးကြိုးတွေ ကျစ်ကာ ပြုလုပ်ထားပြီး အမွှေးနံ့သာအိတ်အောက်မှာ ငွေခေါင်းလောင်းသေးသေးနှစ်ခုရှိပြီး အသာလှုပ်လိုက်ရင်ပင် တချွင်ချွင် မြည်လာသည်။ ၎င်းက အလွန် နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသည်။ သူ မုယွမ်ယောင်လည်ပင်းက ကြိုးနီကို ဆွဲဖြုတ်လိုက်တုန်းက တကယ်တော့ သူ တစ်ခုခု ချန်ရစ်ခဲ့သည်။ တစ်ခါတစ်ရံ သူ အဲ့တာကို ထုတ်ပြီး လှုပ်ရမ်းလိုက်ရင် စိတ်ဓာတ်ကျနေတဲ့ သူ့စိတ်တွေကို ပြန်တည်ငြိမ်သွားစေသည်။ ဒါက လူတိုင်း ရည်ညွှန်းပြောဆိုနေကြတဲ့ ကံကြမ္မာများလား။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)जहाँ कहानियाँ रहती हैं। अभी खोजें