အပိုင်း ၂၂၇/ အပိုင္း ၂၂၇

466 57 0
                                    

Unicode

အပိုင်း ၂၂၇ - ချိုင်ယွဲ့ဆိုင်ရဲ့ ဖိနှိပ်မှု
ချောင်ယွင်နျန်နဲ့ သခင်မကျင်းကို နှုတ်ဆက်ပြီးနောက် မုယွမ်ယောင်နဲ့ စုချင် စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းမိပေမယ့် မကြာခင်မှာပဲ အလုပ်တွေ စရှုပ်လာသည်။
ပြန်လည်တည်ဆောက်ပြီးနောက် နီယွင်ဖန်းက ခြောက်ထပ်အဆောက်အဦး ဖြစ်လာသည်။ အခု ကြည့်ကြည့်ရင် ကျင်းရှို့ဉယျာဉ်က ပူးရှန့်လုံထက်တောင် ပိုအံဩချီးကျူးဖွယ် ကောင်းနေလေသည်။ မုယွမ်ယောင်က အချောသတ်ပြီးတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည်။ သူမက ရက်ရာဇာနေ့ကို ရွေးပြီး မီးရှူးမီးပန်းအချို့ဖောက်ကာ လုပ်ငန်းအသစ်လို သဘောထားသည်။ ချိုင်ယွဲ့ဆိုင်က ပိုပိုပြီး နာမည်ကြီးလာနေသည်။ ကျင်းလင်မြို့အပြင် အနီးနားရှိ တခြားမြို့တွေကပါ ချိုင်ယွဲ့ဆိုင်ကို ဘယ်သူမှ မယှဉ်နိုင်ဘူးဆိုပြီး အပြုံလိုက် ရောက်လာကြသည်။ ထန်ပါးဝမ်ရဲ့ အဖြစ်အပျက် ပြီးဆုံးပြီးနောက် ကျင်းလင်မြို့တွင် ထန်လင် ထပ်ပေါ်မလာတော့ပေမယ့် မုယွမ်ယောင်က သတိမပေါ့လျော့ပေ။ ဘာပဲဖြစ်ဖြစ် ထန်ပါးဝမ်က ထန်လင်ရဲ့ တစ်ဦးတည်းသောသား ဖြစ်တာကြောင့် သူ့ကိုပဲ အားကိုးနိုင်တယ်။ သူ့စိတ်ဆတ်မှုနဲ့ ဒီရန်ညှိုးရန်စကို သူ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။
နီယွင်ဖန်း ပြန်ဖွင့်ချိန်တွင် မုယွမ်ယောင် သေချာပေါက် အိမ်တော်တစ်အိမ်ချင်းစီကို သတင်းပါးသည်။ ဒါပေမယ့် ဒီတစ်ခါ လူအများက ကိုယ်တိုင်မလာရောက်ကြဘဲ သူတို့လူလွှတ်ပြီး လက်ဆောင်သာ ပို့ပေးကြ၏။
ခြောက်ကပ်နေတဲ့ နီယွင်ဖန်းကို ကြည့်ပြီး စုချင် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။
“အရင်က သူတို့တွေ အမေတို့ကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံပေမယ့် အခု ချောင်တာ့ရန်နဲ့ သခင်မကျင်း ထွက်သွားတာ ရက်အနည်းငယ်ပဲ ကြာသေးတယ်၊ သူတို့က စိတ်သဘောထား ချက်ချင်း ပြောင်းလဲသွားတာပဲ။ ဒါက တကယ် စိတ်တုန်လှုပ်ဖွယ်ကောင်းလိုက်တာ”
“အမေ ဒီအတွက် စိတ်မပူပါနဲ့၊ အရင်ဆုံး လီမုနျန် သမီးတို့အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ ဝေခွဲလို့ မရသေးဘူး။ ပြီးတော့ ချိုင်ယွဲ့ဆိုင်က ဖိအားကြောင့် သူတို့မလာတာ နားလည်လို့ရပါတယ်။ ရက်နည်းနည်းကြာလို့ အားလုံးပြန်ပြီး ရှင်းရှင်းလင်းလင်း ရှိသွားတဲ့အခါ သူတို့တွေ အရင်ကလို သမီးတို့အပေါ် ကြင်ကြင်နာနာ ဆက်ဆံမှာပါ။ သူတို့နဲ့ သမီးတို့က တွေ့ဆုံကြုံကွဲ ဆက်ဆံရေးတွေ ဆိုပေမယ့် ရေစီးတစ်ခါ ရေသာတစ်လှည့်ပဲမလို့ အမေ လုံးဝ စိတ်ပူဖို့မလိုဘူး”
စုချင် မနေနိုင်ဘဲ သက်ပြင်းချမိသည်။
“ကောင်းပါပြီ၊ အမေ နားလည်ပါတယ်”
မုယွမ်ယောင် အလှတရားစာအုပ်အချို့ ပြင်ဆင်ပြီးဖြစ်သည်။ သူမ နဂိုက ဆိုင်ဖွင့်ချိန်ကို အခွင့်ကောင်းယူပြီး စာအုပ်တွေ ပေးပို့ချင်ခဲ့သည်။ သို့သော် သူမ မလုပ်ဆောင်သေးခင်မှာ ကျင်းချောင် အမြန်ဝင်လာသည်။
“ချိုင်ယွဲ့ဆိုင်က အိမ်တော်အားလုံးဆီ ဖိတ်ကြားစာတွေ ပို့လိုက်ပါတယ်၊ သခင်မလေး။ ဖိတ်ကြားခံရတဲ့ အဲ့ဒီသခင်မလေးတွေ၊ သခင်မတွေအားလုံး ချိုင်ယွဲ့ဆိုင်ဆီ သွားကြပါပြီ”
မုယွမ်ယောင် အသာပြုံးသည်။
“ငါတို့ ဒီနေ့ကို ဆိုင်ဖွင့်ဖို့ ရက်ရွေးတာ သိပ်မကိုက်ဘူး ဖြစ်သွားပုံပဲ။ ကိစ္စမရှိပါဘူး၊ ဧည့်သည်တစ်ယောက်မှ မရှိဘူးဆိုတော့ ငါတို့လည်း နားလို့ရတာပေါ့”
“သခင်မလေး၊ ချိုင်ယွဲ့ဆိုင်က ကျွန်မတို့ကို ဒီလိုမျိုး ဆက်ပြီး ပစ်မှတ်ထားနေမှာ ဒီအစေခံ စိုးရိမ်မိပါတယ်။ သူတို့က အလှတရားစာအုပ်လည်း ပြင်ဆင်ထားပြီး အိမ်တော်အသီးသီးက သခင်မတွေကြားမှာ အတော်လေး နာမည်ကြီး ကျော်ကြားနေပါတယ်”
“အွန်း၊ ငါတို့ဆိုင်က အဝတ်အစား ဈေးနှုန်းတွေကို နောက်ရက်ကျ မြှင့်ဦးမှပါ။ တစ်စုံကို ငွေလျန်နှစ်ရာကျော် ထားရမယ်”
“သခင်မလေး၊ ဒီလိုသာဆို အဝတ်အစား လာဝယ်တဲ့သူ ပိုတောင်နည်းသွားဦးမယ် မဟုတ်လား”
“စောင့်ပြီးတော့သာ ကြည့်နေလိုက်ပါ”
နီယွင်ဖန်းဆီ ဘယ်သူမှ ရောက်လာကြမှာ မဟုတ်ဘူးလို့ မုယွမ်ယောင် အစက တွေးထားခဲ့ပေမယ့် သခင်မချန်နဲ့ သခင်မကျောက်တို့ ထင်မှတ်မထားဘဲ ရောက်လာကြသည်။
“နှုတ်ဆက်ပါတယ်၊ သခင်မတို့”
လက်ထဲမှာ ကလေးလေး ပွေ့ချီထားတဲ့ သခင်မချန်က အပြုံးဝေဆာစွာ ပြောလာသည်။
“မင်းက ဒီနေ့ဆိုင်ဖွင့်တာဆိုတော့ ငါတို့ ဝမ်းသာစရာ အခမ်းအနားကို လာရောက်ရမှာပေါ့၊ သူဌေးမလေး ယွမ်ယောင်က ကြိုဆိုတယ် မဟုတ်လား”
မုယွမ်ယောင် သူတို့ကို အမြန်ပဲ အထဲသို့ ဖိတ်ကြားလိုက်သည်။
“သခင်မတို့နှစ်ယောက် ရောက်လာတာက ကျွန်မတို့ရဲ့ သာမန်နေရာလေးဆီ အလင်းရောင် ယူဆောင်လာပေးတာနဲ့ အတူတူပါပဲ။ အမြန် အထဲဝင်ထိုင်ပါရှင်။ ကျင်းလန် လက်ဖက်ရည် ဖျော်ပေးပါလိမ့်မယ်”
လူမရှိသူမရှိ ခြောက်ကပ်နေတဲ့ မြင်ကွင်းကိုတွေ့တော့ သခင်မချန်နဲ့ သခင်မကျောက်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ထဲ အနည်းငယ် နောင်တရမိသည်။
ဘုရင်ခံကတော်က သူမကို နှစ်သိမ့်သည်။
“ယွမ်ယောင်၊ စိတ်ထဲ ဘာမှမဖြစ်ပါနဲ့။ တကယ်တော့ ဒီလိုအရာက တကယ် လုံးဝပုံမှန်ပဲ၊ မင်း အချိန်တစ်ခုကြာအောင် ထိတွေ့လာပြီးနောက်ပိုင်း နားလည်လာလိမ့်မယ်”
မုယွမ်ယောင်ရဲ့အပြုံးက နွေးထွေးပြီး သူမမျက်လုံးတွေမှာ စိတ်သက်သာရာရသည့် အကြည့်ရှိနေသည်။
“ကျေးဇူးတင်ပါတယ် သခင်မ။ ကျွန်မ နည်းနည်း ဝမ်းနည်းပေမယ့် နားလည်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေ အပြင်ထွက်ပြီး အခြားနေရာမှာ လက်ဖက်ရည်သောက်တာ ပုံမှန်ပါပဲ၊ သခင်မနှစ်ယောက် ဒီမှာ ရှိနေတာနဲ့တင် ကျွန်မ ပျော်ရွှင်ရပါတယ်”
သူမရဲ့ အမူအရာကို မြင်တော့ သခင်မနှစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချကြသည်။
“ဒီလို ငယ်ရွယ်တဲ့ အသက်အရွယ်မှာ အရာရာ ရှင်းလင်းပြတ်သားစွာ နားလည်နိုင်ဖို့ ခက်ခဲတယ်။ ငါတို့တွေ ဒီကို အဝတ်အထည်တွေ ကြည့်ဖို့ ရောက်လာကြတာ၊ ဒီမှာ ဘယ်လိုကောင်းမွန်တဲ့ အဝတ်အစားမျိုးတွေရှိလဲ။ ငါတို့ကို ပြပါဦး”
“သခင်မတို့ ပန်းတွေလို လှပသွားပြီး အဲ့ဒီမိန်းမပျိုလေးတွေကို နှိပ်ကွပ်နိုင်မယ်ဆိုတာ အတပ်ပြောနိုင်တဲ့ နွေဦးဝတ်စုံအသစ် ပြင်ဆင်ထားတာ ရှိပါတယ်”
“ဟိဟိ၊ ငါတို့တွေ မင်းရဲ့ချီးကျူးမှုကို လက်မခံဝံ့ပါဘူး”
သခင်မနှစ်ယောက်က သူမကို ရယ်မောပြီး နီယွင်ဖန်းရဲ့ အငွေ့အသက် ချက်ချင်း အသက်ဝင်လာသည်။
မုယွမ်ယောင်က သူတို့နှစ်ယောက်နဲ့ သင့်တော်တဲ့ နွေဦးအဝတ်အစားတွေသာမက ကလေးတွေနဲ့ သင့်လျော်တဲ့ အဝတ်အစားတွေပါ အထူးတလည် ထုတ်ယူလာတာကြောင့် သခင်မချန် နေရာမှာတင် မင်သက်သွားသည်။
“ဒါ… ဒါ ငါ့ကလေးအတွက်လား?”
မုယွမ်ယောင် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ သခင်မ ကလေးမွေးတာကို အရင်ကတည်းက ကြားထားတာ၊ လူကြီးမင်းကျောက်က တည်ကြည်သူဖြစ်ပြီး ကလေးတစ်လပြည့်ပွဲကို ဘယ်သူ့ကိုမှ မဖိတ်ကြားတာကြောင့် လက်ဆောင်တွေ ပို့မပေးနိုင်ခဲ့တာ။ အခု သခင်လေးလင်းကို တွေ့ရပြီဆိုတော့ အဝတ်အစားတွေ ပြင်ဆင်ထားတာ အလကား မဖြစ်တော့ဘူးပေါ့”
သခင်မချန်က အဝတ်အစားတွေကို ယူပြီး ကြည့်သည်။ သူမ ကြည့်လေ စိတ်ကျေနပ်လေ ဖြစ်၏။ အဝတ်အစားတွေက အလွန် လက်ရာသေသပ်လှပြီး အပ်ချည်တစ်မျှင်တောင် ရှာဖို့ခက်သည်။ အဝတ်အစားက ကိုင်ကြည့်လျှင် အလွန်နူးညံ့ပြီး အဆင်ကလည်း တကယ် ချစ်ဖို့ကောင်းလှတာကြောင့် လူတိုင်း သဘောကျစေသည်။
“ယွမ်ယောင်၊ မင်းက တကယ် စဉ်းစားပေးတတ်တာပဲ”
“သခင်မ သဘောကျတယ်ဆို ဝမ်းသာရပါတယ်”
အဝတ်အစားအနည်းငယ် ယူကာ စမ်းဝတ်ကြည့်ပြီးနောက် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အဆုံးမရှိ ချီးမွမ်းနေကြလေသည်။ သူတို့တွေ စကားတွေ အချိန်အကြာကြီး ပြောနေကြတာ သခင်မချန် လက်မောင်းထဲက ကလေးလေး အိပ်ပျော်သွားတဲ့အထိပင်၊ အဲ့ဒီအခါမှ နှစ်ယောက်သားထပြီး ထွက်ခွာသွားကြသည်။
သခင်မချန်နဲ့ သခင်မကျောက်တို့ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် မုယွမ်ယောင် သူမတံခါးဆီလာတဲ့သူ တစ်ယောက်မှ မတွေ့တာကြောင့် နီယွင်ဖန်းဆိုင်တံခါးကို ပိတ်ဖို့ ပြောလိုက်ပြီး အိမ်ပြန်အနားယူလိုက်သည်။
ချိုင်ယွဲ့ဆိုင်က ဒီသတင်းကိုသိရတော့ ချိုင်ယွဲ့ဆိုင်ရဲ့ ဆိုင်ရှင်အသစ်က ဂုဏ်ယူဝံ့ကြွားတဲ့ အပြုံးလှစ်ဟပြလို့
“ပိုင်ရှင်က နီယွင်ဖန်းကို မှတ်လောက်သားလောက်အောင် ဖိနှိပ်ဖို့ ငါတို့ကို အမိန့်ပေးထားတာ၊ ဒီအခြေအနေက အစပဲ ရှိသေးတယ်။ နီယွင်ဖန်းရဲ့ ဆိုင်ရှင်လေး အဆုံးမှာမငိုဖို့ ငါ မျှော်လင့်ပါတယ်”
“ဆိုင်ရှင်က ပညာရှိတဲ့ ဆုံးဖြတ်ချက်တွေချပြီး အရာအားလုံးကို အစီအစဉ်ကျကျနဲ့ ပြုမူနိုင်လိုက်တာပဲ။ ကြည့်ရတာ အရည်အချင်းအကုန်သုံးပြီး နီယွင်ဖန်းရဲ့ အခြေအနေ ပြန်ကောင်းဖို့ လုပ်ရင်တောင် ခက်ခဲနေဦးမှာ”
“သူမက လက်ပန်းထိုးနည်းအချို့ တတ်ထားပြီး လူတွေဆီက ချီးမြှောက်သံ ကြားရတာနဲ့ လူတွေကို လျစ်လျူရှုထားလို့ ရမယ်လို့ တကယ်ထင်နေတာပဲ။ အခု သူမ လူအချို့ကို သွားဆွလို့ မရဘူးဆိုတာ သိသွားအောင် ငါ လုပ်ပြမယ်”
နီယွင်ဖန်းက ကိစ္စရပ်ကိုကြားတော့ အထိန်းတော်ချင်း မနေနိုင်ဘဲ ခံပြင်းဒေါသထွက်မိသည်။
“မိန်းကလေး၊ အဲ့ဒီလူတွေကို ဂရုစိုက်မနေပါနဲ့၊ သူတို့ မကြာခင်မှာ နောင်တရကြမှာပါ”
“ကျွန်မလည်း အခု အနားရတာပေါ့၊ ဖန်လုံအိမ်ကိစ္စနဲ့ အလုပ်ရှုပ်ဦးမှာဆိုတော့”
မုယွမ်ယောင်က စိတ်ထဲ လုံးဝမထားချေ။
သူမက အလွန် နားလည်ပေးနိုင်စွမ်းရှိတာ မြင်တော့ အထိန်းတော်ချင်း စိတ်သက်သာစွာ သက်ပြင်းချနိုင်သည်။ အဲ့ဒီနောက် သူ အတွေးလွန်နေခဲ့တာပဲဆိုပြီး ခံစားမိသည်။ မိန်းကလေးမုရဲ့ စိတ်နေသဘောထားကို သူနားလည်သည်၊ ဒီလို ကိစ္စအသေးအမွှားလေးတွေက သူမကို စိတ်မရှည်ဖြစ်အောင် မလုပ်နိုင်ပေ။
“အထိန်းတော်ချင်း၊ နင်းစစ်ယဲ့ အနောက်ကွမ်းတုံဆီ ပြန်ရောက်တာ လေးလလောက် ရှိရောပေါ့၊ သူ ဘယ်အချိန်မှာ ပြန်လာမလဲ ပြောပြလို့ရမလား”
အထိန်းတော်ချင်းရဲ့ မျက်နှာပေါ်တွင် စိုးရိမ်တဲ့ အရိပ်အယောင် ဖြတ်ခနဲ ပြေးသွားသည်။
“ကျုပ်လည်း သေချာမသိပါဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီး မေးမြန်းတဲ့ စာတစ်စောင်ပို့တိုင်း ဝမ်ရယ်မှာ တိကျရှင်းလင်းတဲ့ အဖြေမရှိဘူး။ မိန်းကလေးမု စာတစ်စောင်ရေးပြီး မေးကြည့်မလား?”
မုယွမ်ယောင် အနည်းငယ် နှုတ်ခမ်းစေ့ရင်း သူမအကြည့် ရွေ့သွားသည်။
“ဝမ်ရယ်က ပြန်မလာသေးဘူးဆိုတော့ အနောက်ကွမ်းတုံနယ်က ကိစ္စကို ဘေးကင်းအောင် မဖြေရှင်းရသေးဘူးနဲ့တူတယ်။ ကျွန်မ သူ့ကို အလျင်စလိုဖြစ်အောင် မလုပ်တော့ပါဘူး”
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အတော်လေး အရေးကြီးတယ်၊ မိန်းကလေးအနေနဲ့ ဝမ်ရယ်ကို တိုက်တွန်းလို့ ရပါတယ်”
အထိန်းတော်ချင်းက အလေးထားလျက် အကြံပြုသည်။
မုယွမ်ယောင်က ပြုံးပြကာ ခေါင်းယမ်းသည်။
“ကျွန်မ ဝမ်ရယ်ကို ဆက်တိုက် တောင်းဆိုနေမယ်ဆိုရင် မသိတတ်ရာ ရောက်သွားမယ်မလား။ ဝမ်ရယ်မှာ အစီအစဉ်တစ်ခု ရှိနေလို့ပဲ ဖြစ်ရမယ်။ သူက ကိစ္စတွေကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး”
ပြောပြီးနောက် သူမ ဖန်လုံအိမ်ဆီ တန်းလျှောက်သွားလိုက်သည်။ အထိန်းတော်ချင်း ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလေ၏။ အရင်က ဝမ်ရယ် မိန်းကလေးမုဆီ ရေခဲမီးအိမ်ယူသွားပေးပြီး အဲ့ဒီအတွက် လက်ထိခိုက်မိသွားတာကို မြင်တော့ သူမ နည်းနည်းတော့ စိတ်ယိုင်သွားမှာပဲလို့ ထင်ခဲ့မိသည်။ အခုတော့ ဝမ်ရယ် ရွှေရုပ်လေးကို အိမ်ခေါ်ထားနိုင်ဖို့ အချိန်အကြာကြီး လိုဦးမယ့်ပုံပဲ…။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now