အပိုင်း ၂၂၃/အပိုင္း၂၂၃

600 63 0
                                    

Unicode

အပိုင်း၂၂၃
နောက်ထပ် ရက်အနည်းငယ်တွင် စုချင်က ချောင်မိသားစုအိမ်တော်သို့ မကြာခဏ သွားခဲ့သည်။ မူလက ရုပ်ဆိုးဆိုး ကလေးငယ်လေးက ဖြူဖွေး၍ နူးညံ့လာပြီး အထူးသဖြင့် ဆွဲဆောင်မှုရှိစွာ အလျင်အမြန် ကြီးပြင်းလာသည်။
ချောင်ယွင်နျန်က စာအုပ်တွေလှန်ကာ နာမည်ကောင်းတစ်ခုရရန် ရှာနေပေမယ့် သူရွေးချယ်တဲ့ စာလုံးတွေက အဆန်းတပြားတွေ ဖြစ်နေသည်။ သခင်မကျင်းက ၎င်းကိုကြည့်ပြီး သဘောမတူပေ။ ထိုအစား သူမက မုယွမ်ယောင်ကို ပြောလိုက်သည်။
"ယောင်အာ သမီးမောင်လေးအတွက် နာမည်ကူရွေးပေးပါဦး”
မုယွမ်ယောင်က တကယ်ကို အံ့အားသင့်သွားသည်။
"သမီးက နာမည်ရွေးပေးဖို့ ဘယ်လိုလုပ် သင့်တော်မှာလဲ"
"ဘာဖြစ်လို့လဲ။ အကယ်၍ သမီးသာ ကူညီမပေးဘူးဆိုရင် ဒီကလေးကို အန္တရာယ်ကင်းကင်းနဲ့ မွေးနိုင်ခဲ့ပါ့မလား။ မင်းလောက် သင့်တော်တဲ့သူ ဘယ်သူမှမရှိဘူး"
ကိုယ်လုပ်တော်ကျိုးနဲ့ ဝမ်းဆွဲသည်နှစ်ယောက် အကြောင်းကို စဉ်းစားကြည့်ရင် သခင်မကျင်းရဲ့ မျက်လုံးထဲတွင် အေးစက်တဲ့အလင်းတို့ ဖြတ်ပြေးသွားသည်။ အပြစ်မဲ့သူတွေကို မသတ်ချင်ပေမယ့် သူမကို သတ်ချင်တဲ့သူတွေနဲ့ တွေ့ရင်တော့ ဂရုဏာထားနေမှာ မဟုတ်ပေ။ အကယ်၍ သူတို့က ဒီလောက်ထိ လုပ်နိုင်ရင် သူမရဲ့ ဂရုဏာမဲ့မှုအတွက် အပြစ်မတင်လေနဲ့။
"ဒါပေမယ့်..."
မုယွမ်ယောင်က ဘေးက ချောင်ယွင်နျန်ကို ကြည့်လိုက်သည်။
"အဖေက စာအုပ်တွေအများကြီး လှန်ဖတ်နေတာ၊ သူ့ကိုပဲ ရွေးခိုင်းရအောင်ပါ"
ချောင်ယွင်နျန်က ခြောက်ကပ်ကပ် ရယ်လိုက်၏။
"မင်းအမေက ငါ ထူးဆန်းတဲ့နာမည်တွေပဲ ရှာနေလို့ အထင်သေးနေတာ။ ငါ့သားနဲ့ မလိုက်ဖက်တဲ့ နာမည်တွေ ထွက်လာဖို့အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားနေရတာ။ သမီးက နာမည်ရွေးပေးဖို့ သင့်တော်ပါတယ်"
သူတို့နှစ်ယောက်ရဲ့ အမူအရာတွေကို ကြည့်ပြီး မုယွမ်ယောင် မနေနိုင်ဘဲ လွှတ်ခနဲ အော်ရယ်မိလိုက်သည်။
"ကောင်းပါပြီ အဲ့လိုဆိုမှတော့ သမီး ငြင်းမနေတော့ပါဘူး။ ဒီနာမည်ကို...သမီး စဉ်းစားလိုက်ဦးမယ်။ လူကြီးလူကောင်းတစ်ယောက်က အရပ်သားဆို အောင်မြင်တယ်၊ အမျိုးသားတစ်ယောက်က သမိုင်းတွင်ရင် အောင်မြင်တယ်၊ ပြီးတော့ လူတစ်ယောက်က ယဉ်ကျေးမှုရှိတဲ့အခါ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာတယ်၊ ဒီလိုဆိုရင်… ကျစ်ဝမ် ချောင်ကျစ်ဝမ်လို့ ခေါ်ရအောင်လေ"
"လူကြီးလူကောင်း… ဒါဆို မဆိုးဘူး မဆိုးဘူး၊ မင်းအဖေတွေးတာထက်တော့ ပိုကောင်းသွားပြီ။ သူ့ကို ချမ်းသာပြီး အာဏာတွေ မရှိစေချင်ဘူး။ သင့်လျော်တဲ့ လောကရဲ့ သဘောတရားကို နားလည်ပြီး လူကြီးလူကောင်းလေးတစ်ယောက် ဖြစ်ရင်ရပြီ။ အဲ့လိုဆို ကောင်းကင်ဘုံက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မယ်။ သူ့ကို ကျစ်ဝမ် ချောင်ကျစ်ဝမ်လို့ ခေါ်မယ်"
ချောင်ယွင်နျန်က ခေါင်းညိတ်သည်။
"ကောင်းပြီ"
ခဏလောက် စကားပြောရင်း လပြည့်ဝိုင်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးကြပြီးနောက် မုယွမ်ယောင်က ထွက်သွားလိုက်သည်။
သူမထွက်သွားပြီးနောက် ချောင်ယွင်နျန်က သခင်မကျင်းကို မေးလိုက်သည်။
"ဖုရန် မင်းလုပ်နေတာတွေက လေးနက်တဲ့အဓိပ္ပါယ် ရှိပုံပေါ်တယ်နော်"
သခင်မကျင်းက ပြုံးပြလိုက်သည်။
"သခင်ကြီးက ယွမ်ယောင်ကို ဘယ်လိုထင်လဲ?"
ချောင်ယွင်နျန်က ခဏလောက် တွေးလိုက်ပြီး သက်ပြင်းချလိုက်သည်။
"ရုပ်ရည်၊ စရိုက်၊ စိတ်နေစိတ်ထား၊ အထူးသဖြင့် ဉာဏ်ရည်ထက်မြက်မှု ဘာကိုရွေးရမှန်းတောင် မသိဘူး၊ သူ့မှာ ကျက်သရေရှိတဲ့ ရောင်ဝါတစ်ခုရှိတယ်။ ကိုယ့်မျက်လုံးနဲ့ တပ်အပ်မြင်ရတာသာ မဟုတ်ဘူးဆိုရင် သူက သာမန်မိသားစုကနေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မွေးလာတယ်ဆို ယုံမှာတောင်မဟုတ်ဘူး"
"အဲ့တာတွေထက် သခင်ကြီး သူမရဲ့ အနာဂါတ်အတွက်ရော ဘယ်လိုမြင်လဲ?"
"အနာဂါတ်?"
ချောင်ယွင်နျန်က သူ့ခေါင်းကို မယမ်းခင် ခဏလောက် တွေးလိုက်သည်။
"သူမက ဘုရင်မင်းမြတ်ဆီကနေ နှစ်ကြိမ်တောင် ချီးမြှင့်ခံခဲ့ရပေမယ့် စီးပွားရေးက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး။ ပညာရှင်၊ လယ်သမား၊ ကုန်သွယ်ရေးနဲ့ ကုန်သည်တွေက အောက်ခြေအဆင့်မှာပဲ ရှိနေသေးတယ်။ သူမက ချမ်းသာတဲ့ဘဝနဲ့ ‌နေနေရ‌ပေမယ့် သူမမှာ ဘယ်လိုအနာဂါတ်မျိုး ရှိမယ်ဆိုတာ ခန့်မှန်းရခက်တယ်"
တစ်ဖက်မှာလည်း သခင်မကျင်းက ခေါင်းယမ်းလိုက်သည်။
"သခင်ကြီးထင်တာနဲ့ ဆန့်ကျင်ဖက် ဖြစ်မယ်လို့ထင်တယ်။ အနာဂါတ်မှာ သူမက ရှေ့ကိုခုန်တက်ပြီး အံ့အားသင့်စရာကောင်းလာလိမ့်မယ်လို့ ကျွန်မတော့ထင်တယ်!!"
ချောင်ယွင်နျန်က သူမကို ကြည့်ပြီး‌ မေးလိုက်သည်။
"ဖုရန် ဘယ်လိုသိလဲ?"
“ကျွန်မပြောတဲ့စကား‌တွေက သာယာဖွယ်မရှိပေမယ့် ကျေးဇူးပြုပြီး သခင်ကြီး စိတ်မရှိပါနဲ့။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက သခင်ကြီး ပထမဆုံးအရာရှိအဖြစ် ရာထူးတိုးခံရပြီးတဲ့နောက် ဧကရာဇ်မင်းထံက‌နေ ဆုလာဘ်ကို ရခဲ့တယ်။ အခု သခင်ကြီးရဲ့ စွမ်းဆောင်ရည် အကဲဖြတ်မှုက ကောင်းမွန်နေတာဆိုတော့ ရာထူးထပ်တိုးဖို့ နီးကပ်လာပြီ။ သခင်ကြီး တရားဝင်အရာရှိ ဖြစ်လာတာ အကြောင်းအရင်း သပ်သပ်ရှိပေမယ့်လို့ ဧကရာဇ်မင်းဆီက ဆုလာဘ်တွေ အများကြီး ရခဲ့တာနဲ့ ပိုသက်ဆိုင်တယ်။ အဲ့တာ မုယွမ်ယောင်ရဲ့ လွှမ်းမိုးမှုကြောင့်ဆိုတာလည်း ထည့်ပြီးစဉ်းစားစရာပဲ။ သူမလုပ်ခဲ့တာတွေက သာမန်ကြည့်ရရင် ထူးထူးခြားခြား မဟုတ်ပေမယ့် လက်တွေ့မှာ သူက ကျင်းလင်မြို့ကို ဧကရာဇ်မင်းမြတ်ရဲ့အမြင်မှာ ထင်ရှားစေခဲ့တာ။ ကျွန်မတို့အတွက်လည်း ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ဖြည်းဖြည်းချင်း ချပေးခဲ့တာ။ ဒါဆို ဒီလို မိန်းက‌လေးမျိုးက ဘယ်လိုလုပ် သာမန်ဖြစ်လာနိုင်မှာလဲ?”
သခင်မကျင်းက သက်ပြင်းချလိုက်သည်။
“တချို့လူတွေက မွေးရာပါ တခြားသူတွေနဲ့ မတူဘူး။ သူတို့က နိမ့်ကျတဲ့ နောက်ခံမိသားစုက ဖြစ်ပေမယ့်လည်း အနာဂါတ်မှာ သူတို့က ထောင်သောင်းချီပြီး သေချာပေါက် ကျော်သွားမှာ။ မုယွမ်ယောင်ကလည်း သူတို့ထဲက တစ်ယောက်လို့ ထင်တယ်။ ကျွန်မတို့က သူမကို ဦးဆောင်‌ပေးနေတဲ့သူ‌တွေ ဖြစ်ကြပေမယ့် အနာဂါတ်မှာ သူမက ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်မှာပဲ။ သူ့ကို မွေးစားသမီးအဖြစ် အသိအမှတ်ပြုပြီး ဒီဆက်ဆံရေးကောင်းကို လုပ်ထားပြီးသွားပြီ။ အခု သူက ကျွန်မတို့သားအတွက် နာမည်ပေးလိုက်ပြီဆိုတော့ နောက်မျိုးဆက်‌အထိ ကျွန်မတို့ဆက်ဆံရေး တည်ငြိမ်သွားလိမ့်မယ်။ ယွမ်ယောင်ရဲ့ အနာဂါတ်က သိပ်မကောင်းဘူးဆိုရင်တောင် သူက ကျွန်မကို ဘေးကင်းကင်းနဲ့ ကလေးမွေးဖို့ ကူညီပေးတဲ့အတွက် သူ့ကို နာမည်ရွေးခိုင်းတာက အရမ်းကြီးကြီးမားမားတော့ မဟုတ်ပါဘူး”
ချောင်ယွင်နျန်က ဂရုတစိုက် စဉ်းစားလိုက်ပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ သူက သခင်မကျင်းရဲ့လက်ကို ကိုင်ပြီး ပြောလိုက်သည်။
"ဖုရန်က အရမ်းတွေးခေါ်တတ်တာပဲ။ အနာဂါတ်မှာ ယွမ်ယောင်ကို ကိုယ်တို့ရဲ့ ကလေးအရင်းလို သေချာဆက်ဆံပေးရမယ်"
သခင်မကျင်းက ပြုံးပြီးခေါင်းညိတ်သည်။ ချောင်ယွင်နျန်က သေးသိမ်တဲ့သူ မဟုတ်တာကြောင့် သူမ ထိုစကားတွေကို ရဲရဲတင်တင်း ပြောရဲတာဖြစ်သည်။ သူသာ အမြင်ကျဉ်းတဲ့သူဆိုရင် မုယွမ်ယောင်ကို ကျေးဇူးမတင်တဲ့အပြင် အငြှိုးအတေးပင် ထားလောက်သည်။
"ကြည့်ပါဦး ရှေ့နှစ်ရက်လုံးလုံး ကျွန်မ ကလေးကိုပဲ ဂရုစိုက်နေတာနဲ့ ကိုယ်လုပ်တော်ကျိုးရဲ့ ကိစ္စကို မေ့သွားတယ်။ တစ်နေ့က ယွမ်ယောင်က ကျွန်မကိုစိုးရိမ်ပြီး သူ့ကို ဆူလိုက်တာ။ သခင်ကြီး သူမကို အပြစ်မမြင်ပါနဲ့"
ကိုယ်လုပ်တော်ကျိုးအကြောင်း ပြောလိုက်တော့ ချောင်ယွင်နျန်ရဲ့ အမူအရာက ပိုဆိုးသွားသည်။
"ကိုယ် သူ့ကို ခဏလောက် စိတ်အပန်းဖြေခိုင်းဖို့ စံအိမ်ဆီ ပို့ထားချင်တယ်။ ဧကရာဇ်ရဲ့ ရာထူးတိုးမိန့်ကျတာနဲ့ ရှေ့လျှောက် ကိုယ်တို့ မြို့တော်မှာ နေရတော့မှာ။ သူမလည်း ကိုယ်လုပ်တော်တစ်ယောက် ဖြစ်တာကြောင့် ချောင်မိသားစုအပေါ် လွှမ်းမိုးမှုရှိဦးမှာပဲ။ သူ့စိတ်သူ မြှင့်တင်နိုင်မယ်ဆိုရင် အနာဂါတ်မှာ ကိုယ်တို့ ပြဿနာတွေကို ရှောင်လွှဲနိုင်တာပေါ့"
"ဒါပေမယ့် ဘယ်သူမှ စံအိမ်မှာ ဘယ်သူမှမနေတာ ကြာပြီလေ။ တချို့အရာတွေက ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ကိုယ်လုပ်တော်ကျိုးက အဲ့လိုနေရာမျိုးမှာ‌နေရတာ အသားမကျဘူးဆိုရင်...."
ကိုယ်လုပ်တော်ကျိုးက အမြဲတမ်း စောဒကတက်သည်။ အကယ်၍ သူမကို စံအိမ်ဆီ တန်းပို့လိုက်ရင် နှစ်ရက်လောက်နဲ့ စာရေးပြီးငိုပြလိမ့်မည်။ အဲ့အချိန်ကျရင် အသည်းနုတဲ့ ချောင်ယွင်နျန်အတွက် ခက်ခဲလိမ့်မည်။ အခုလက်ရှိ သူမကို ဘယ်မှမပို့တာ အကောင်းဆုံးဖြစ်သည်။
"ဖုရန် သူ့ကို ဘာလို့ တော်တော်များများ ခွင့်ပြုပေးထားတာလဲ? ဖုရန်က တည်ငြိမ်တယ် သည်းခံတယ်။ အနာဂါတ်မှာ သူ မြို့တော်ကိုဝင်ရရင် သူကိုယ်သူ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေရမှာ။ နောက်ပြီး အဲ့လူတွေက တော်ဝင်မျိုးနွယ်တွေမလို့ သူက သူတို့ကို မတော်တဆ စော်ကားမိရင် သူပဲဒုက္ခရောက်မှာ"
‌"ကောင်းပါပြီ ကျွန်မ သခင်ကြီးစကားကို နားထောင်ပါ့မယ်"
သခင်မကျင်းရဲ့ မီးဖွားမှုကြောင့် အစိုးရမှ ချောင်ယွင်နျန် ရာထူးတိုးဖို့ကို ရပ်နားလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ချောင်ယွင်နျန် မြို့တော်သို့ ပြောင်းရွေ့ပြီးလျှင် စုံစမ်းစစ်ဆေးရေးဌာနအောက်တွင် တာဝန်ထမ်းဆောင်ရမှာဖြစ်သည်။ သူ့အရာရှိရာထူးက အလားအလာတွေ အများကြီးရှိတဲ့ စတုတ္ထအဆင့်ပင်။
တစ်ချိန်တည်းမှာ လီမုနျန်ကလည်း ကျင်းလင်မြို့ပေါ် အခြေချလာသည်။ သူက ဆားသယ်ယူပို့ဆောင်ရေး သံတမန်အဖြစ် ဆောင်ရွက်ရန် အမိန့်စာနဲ့အတူ ရောက်လာခဲ့သည်။ နောက်လထဲမှာ တာဝန်တွေ လက်ချင်းလွှဲပြောင်းပြီးတာနဲ့ ချောင်ယွင်နျန်နဲ့ သခင်မကျင်းတို့က မြို့တော်သို့ ထွက်ခွာလိမ့်သည်။ အကယ်၍ လပြည့်ည ညစာစားပွဲတွင် ချောင်မိသားစုအိမ်တော်သို့ လာပါက ဆားပို့ဆောင်ရေး သံတမန်အသစ်နှင့် တွေ့နိုင်မည်ဖြစ်သည်။
မုယွမ်ယောင်က ထိုသတင်းကိုကြားတော့ သိပ်ပြီး စိတ်ထဲမထားပေ။ မကြာသေးခင်က လျိုလျန်ဆီကနေ အချက်အလက်တွေ အဆက်မပြတ် ပြန်ဝင်လာခဲ့သည်။ သူမ သတင်းတွေကို စုစည်းရန် ဂရုတစိုက်ဖြင့် နေ့စဉ် ကြည့်ရှုနေရသည်။ အဲ့ထဲက သူမအတွက် အသုံးဝင်မယ့် အရာတွေကိုသာ ရွေးချယ်သည်။ ကျင်းချောင်က စာရွက်တွေကို ထပ်ပေးကာ ကူညီရင်း မုယွမ်ယောင်ကို စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"သခင်မလေး၊ သခင်မလေး စုဆောင်းထားတဲ့ ပန်းပင်နဲ့ အပင်တွေကို ကျင်းရှို့ဥယျာဉ်ရဲ့ ဖန်လှုံအိမ်ထဲမှာ ထားပြီးပါပြီ။ ရာသီဥတုက အခု အရမ်းအေးတယ်။ ပန်းပင်တွေနဲ့ အပင်လေးတွေက နူးညံ့တော့ ပြုစုရတာ အတော်လေး ဒုက္ခများတယ်။ ပြုစုဖို့မပြောနဲ့ အပွင့်ပွင့်အောင်လုပ်ဖို့လည်း တော်တော်ခက်မှာ။ သခင်မလေး အဲ့တာတွေက တကယ်ရော သုံးလို့ရလို့လား?"
"ငါ မှန်လုံအိမ်ဆီသွားပြီး တစ်ချက်ကြည့်ခဲ့ပါသေးတယ်။ ဒီကျင်းရှို့ဥယျာဉ်ကို စီမံနေကျ လူကြီးက အရမ်းစေ့စပ်တယ်။ ဒီနေရာမှာ အားလုံးရှိတယ်။ ခဏလောက်ကြာရင် စိမ်းစိုနေတဲ့ ဖန်လုံအိမ်ကြီးအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဖန်လုံအိမ်နဲ့ဆို သစ်ပင်ပန်းပင်တွေ ပျိုးထောင်ရတာ ပိုလွယ်ပါတယ်။ အခု နွေလည်းရောက်တော့မှာ။ အပြင်မှာ နှင်းလေပြင်းနေရင်တောင် ပန်းတွေ ကောင်းကောင်းပွင့်လာဦးမှာ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Dove le storie prendono vita. Scoprilo ora