အပိုင်း ၂၃၈/ အပိုင္း၂၃၈

416 48 0
                                    

Unicode

အပိုင်း၂၃၈ - ရန်ညှိုးဟောင်း
ရိပေါင်ရွှမ်းကို ဖွင့်ပြီးနောက် ချီမင်ရဲ့အဆင့်အတန်းက အတော်လေး တိုးမြင့်လာသည်။ များစွာသော စုံစမ်းမှုများအပြီး နောက်ဆုံးမှာ သူက ဆားဝယ်ယူမှုကိစ္စကို အတည်ပြုနိုင်ပြီး ကျင်းလင်မြို့ကို တိုက်ရိုက် သတင်းပို့လိုက်သည်။
မုယွမ်ယောင်က ချီမင်ဆီမှစာကို ယွဲ့ဝမ်ဆီ ကမ်းပေးပြီး မေးလိုက်သည်။
"နင်းစစ်ယဲ့ ဘယ်လိုထင်ပါသလဲ"
ယွဲ့ဝမ်က စာရွက်ကို စားပွဲပေါ်တွင် ထားလိုက်ပြီး ပေါ့ပါးစွာဖြင့် သူ့လက်ချောင်းတွေကို ခေါက်လိုက်သည်။
"ဒီကိစ္စက သေချာပေါက် ပုံမန်တော့မဟုတ်ဘူး"
မုယွမ်ယောင်က သဘောတူ ခေါင်းညိတ်လိုက်သည်။
"အရာရှိတွေ မတုံးအသရွေ့ သူတို့ ဒီလောက် ဆားပမာဏ အများကြီးကို ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာ မဝယ်လောက်ဘူး၊ ဒါပေမယ့် သူတို့က ဝယ်ခဲ့တာဆိုတော့ အဲ့နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုတော့ ရှိရမယ်"
"ဆားတွေကို အခုဝယ်တာက ငွေအတော်လေး ကုန်ကျလိမ့်မယ်။ ဆားခွန်စစ်ခါနီးမှာ ဒီလောက် ပမာဏများတဲ့ ငွေတွေက ငွေစာရင်းကို အကျည်းတန်စေလိမ့်မယ်။ ဒီကိစ္စကို ဧကရာဇ်ဆီ တင်ပြတဲ့အခါကျရင် ဧကရာဇ်က သူတို့ကို အပြစ်ပေးဖို့များတယ်။ ဒါပေမယ့် သူတို့က ဒီလောက်ကြီးမားတဲ့ စွန့်စားမှုမျိုးကို လုပ်ချင်နေတယ်ဆိုတော့ အဖြစ်နိုင်ဆုံး အကြောင်းအရင်းက ငွေလျန်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့ပဲ ဖြစ်ရမယ်"
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူတို့ အချက်အလက်တွေ အများကြီး စုဆောင်းခဲ့သည်။ ဆားကုန်သည်တွေရဲ့ ဆားခွန်စာရင်းမှာ လိုငွေပြနေတဲ့ အကြောင်းကိုလည်း သူတို့သိထားသည်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ဆားခွန်စာရင်းမှာ ကွာဟချက်အကြီးကြီး ရှိနေပြီး ဆားကုန်သည်တွေက ချက်ချင်း မဖြည့်နိုင်တာကြောင့် ဒီလို တန်ပြန်အစီအစဥ်တွေနဲ့ တက်လာတာဖြစ်မည်။
မုယွမ်ယောင်လည်း သူမစိတ်ထဲတွင် ထိုကဲ့သို့ ရှိနေသည်။
"အကယ်၍ ငွေကြေးနဲ့ပတ်သတ်ပြီး ပြဿနာရှိနေတယ်ဆိုရင် ဒီကိစ္စက ကိုင်တွယ်ဖို့ လွယ်လိမ့်မယ်"
ယွဲ့ဝမ်က သူ့ခေါင်းကို ညိတ်လိုက်သည်။
"ငွေလျန်မလုံလောက်မှုကြောင့် ဆားဝယ်ပြီး ပို့ဆောင်တာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ဆားခွန်ကို တိတိကျကျ စုံစမ်းစစ်ဆေးရတယ်။ ဝယ်ယူတဲ့ ဆားပမာဏ၊ ဘယ်သင်္ဘောတွေပေါ် တင်တယ်၊ ဘယ်လမ်းကြောင်းကနေ သွားတယ်၊ ဘယ်မှာကုန်ချတယ်၊ ဘယ်လိုဖြန့်ဖြူးတယ်။ အဲ့လိုမျိုး အားလုံးမှာ သူလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ အကယ်၍ ဆားကုန်သည်တွေက အစိုးရနဲ့ ပူးပေါင်းပြီး မသမာမှု လုပ်ချင်တယ်ဆိုရင် သူတို့တွေ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို ဖုံးကွယ်ဖို့ ကြိုးစားလိမ့်မယ်။ ဆားတွေကိုဝယ်ပြီး သင်္ဘောတင်တာမှာ ပြဿနာသိပ်မရှိပေမယ့် ပို့ဆောင်တဲ့အဆင့်မှာ ပြဿနာဖြစ်နိုင်ခြေ အများဆုံးပဲ"
"နင်းစစ်ယဲ့ပြောမှ ကျွန်မ တစ်ခုခုကို သတိရမိသွားပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆားဈေးတွေကျလို့ ဆားကုန်သည်တွေ တော်တော် မကျေမနပ် ဖြစ်ခဲ့ကြတယ်တဲ့။ ဆားတွေကို တင်ပို့တော့ သင်္ဘောတွေကို တမင် မုန်တိုင်းမိခံပြီး ဆားပမာဏ တော်တော်များများ မြစ်ထဲ မှောက်ကုန်တယ်တဲ့။ အဲ့ဒီမှာ အချိန်တစ်ခုကြာအောင် ဆားတွေရှားသွားတယ်။ လူတွေက အပြေးလုဝယ်ကြတော့ အချိန်တိုအတွင်း ဈေးတွေထိုးတက်သွားတယ်တဲ့"
"မင်းဆိုလိုတာက သူတို့ ဒီတစ်ကြိမ်လည်း အဲ့လိုလုပ်နိုင်တယ်လို့ ဆိုချင်တာလား?"
"ကျွန်မ ကျပန်းတွေးမိလိုက်တာပါ၊ မသေချာပါဘူး"
မုယွမ်ယောင်က သိပ်ပြီးမပြောပေ။
ယွဲ့ဝမ်ရဲ့ မျက်ခုံးတွေ တွန့်သွားပြီး သူ့စိတ်ထဲတွင် အလျင်အမြန် တွေးလိုက်သည်။
"သူတို့ကို တတ်နိုင်သမျှ မြန်မြန်စစ်ဆေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်"
"ကောင်းပါပြီ"
မုယွမ်ယောင် အိမ်ပြန်သွားပြီးနောက် သူမက လီယွမ်ယီနဲ့ ပတ်သက်သည့် အချက်အလက်များကို ဂရုတစိုက် ရှာဖွေခဲ့သည်။ သူမ ပိုဖတ်လေလေ သူမမျက်မှောင်တွေ ပိုကြုတ်လာလေလေ။
ကျင်းချောင်က လက်ဖက်ရည်ခွက် ယူလာပေးပြီး ပြောသည်။
"သခင်မလေး၊ မိန်းကလေးမင်ယင်း ရောက်ပါပြီ"
"အထဲခေါ်ခဲ့"
မင်ယင်းခန္ဓာကိုယ်ရှိ ဒဏ်ရာက အရင်ကတည်းက ပျောက်သွားပြီဖြစ်သည်။ ထိုအချိန် သူမက မုယွမ်ယောင်ကို တွေ့တော့ အရိုအသေပေးလိုက်သည်။
"သခင်မလေးကို အရိုအသေပေးပါတယ်"
မုယွမ်ယောင်က ကျင်းလန်နဲ့ ကျင်းချောင်ကို ထွက်သွားဖို့ အချက်ပြပြီးမှ ပြောလိုက်သည်။
"မိန်းကလေးမင်ယင်း၊ အရမ်းကြီး ယဥ်ကျေးနေစရာမလိုပါဘူး၊ ထိုင်ပါဦး"
မင်ယင်းရဲ့ မျက်နှာပေါ်မှာ အနည်းငယ် ဂနာမငြိမ်တဲ့ အမူအရာ ရှိနေပြီး ထိုင်ပြီးတဲ့အခါမှာလည်း သူမလက်ချောင်းတွေက အင်္ကျီအစကို သွားချေနေသည်။ တစ်ချက်တစ်ချက်လည်း မုယွမ်ယောင်ကို မော့ကြည့်လာသေးသည်။
"ကျွန်မ မိန်းကလေးကို ဒီခေါ်လိုက်ရတဲ့ အကြောင်းအရင်းကို ဆိုင်ရှင်ချင်း ပြောပြီးလောက်ပြီလို့ ကျွန်မထင်ပါတယ်"
"ဟုတ်ကဲ့ ကျွန်မသိပြီးပါပြီ"
မုယွမ်ယောင်က ခေါင်းညိတ်လိုက်သည်။
"ဒီကိစ္စက မင်းအတွက် ခက်ခဲနိုင်တယ်။ အကယ်၍ ဝန်လေးတယ်ဆိုရင် ကျွန်မကို တိုက်ရိုက် ပြောလို့ရပါတယ်။ ကျွန်မ ဆိုင်ရှင်ချင်းနဲ့ ဆွေးနွေးပြီး တခြားတစ်ယောက် ရွေးလိုက်မယ်"
"မဟုတ်ပါဘူး!"
မင်ယင်းက ရုတ်ချည်းထရပ်ပြီး အလျင်စလိုအသံဖြင့် ပြောလာသည်။
"ကျွန်မလုပ်မယ်၊ ကျွန်မကို အခွင့်အရေးပေးပါ"
မုယွမ်ယောင်က မင်ယင်းကို ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် သက်ပြင်းဖွဖွ ချလိုက်သည်။ အစောပိုင်း သူမ အထိန်းတော်ချင်းနဲ့ ဆွေးနွေးတုန်းက သူက လီယွမ်ယီကို ချဥ်းကပ်ဖို့ မင်ယင်းကို ထောက်ခံပေးခဲ့သည်။ ဂရုတစိုက် မေးမြန်းကြည့်တော့ လီယွမ်ယီက မင်ယင်းရဲ့ မိသားစုဝင်အားလုံးကို ထိခိုက်စေခဲ့ကြောင်း သိလိုက်ရသည်။
မုယွမ်ယောင် တိတ်ဆိတ်သွားတာကို မြင်တော့ မင်ယင်းက ရှေ့တိုးလာပြီး ဒူးထောက်လိုက်သည်။
"အထိန်းတော်ချင်းဆီကနေ ကျွန်မက မိဘမဲ့ကလေးဆိုတာ မိန်းကလေးမု ကြားပြီးပြီလား မသိပေမယ့် ကျွန်မမိဘတွေက ကျွန်မကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူး။ သူတို့ကို သစ္စာဖောက်တစ်ယောက်က သတ်သွားခဲ့တာ"
မုယွမ်ယောင်က မတ်တပ်ရပ်လိုက်ပြီး မင်ယင်းကို ထရပ်ဖို့ ကူညီပေးလိုက်သည်။
"မင်းရဲ့မိသားစုနဲ့ လီယွမ်ယီတို့ကြားမှာ အာဃာတတွေ ရှိတယ်ဆိုတာ ဆိုင်ရှင်ချင်းဆီကနေ ကြားပြီးပြီ။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ အကယ်၍ မင်းအဆင်ပြေတယ်ဆိုရင် ကျွန်မကို အသေးစိတ် ပြောပြလို့ရတယ်"
“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ကျွန်မအဖေက လင်ကျန်းမြို့ရဲ့ ရာဇဝတ်တရားသူကြီးတစ်ယောက်ပါ၊ လင်ကျန်းမြို့က နှစ်တစ်ရာနေလို့ တစ်ခါမိုးခေါင်တော့ တော်ဝင်တရားရုံးက ကယ်ဆယ်ရေးနဲ့ စားစရာတွေပေးဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်မအဖေက အမိန့်အရ စပါးကျည်ကို စစ်ဆေးကြည့်တော့ အထဲက ပြောင်းစပါးစေ့တွေ ပျောက်နေတယ်။ အဲ့ဒီအစား အဲ့နေရာမှာ ရွှံအိတ်တွေနဲ့ သဲတွေကို အစားထိုးထည့်ထားခဲ့တာ။ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်လိုက်ခါမှ အဲ့ဒီ လီယွမ်ယီက စပါးပြောင်းစေ့တွေကို တိတ်တဆိတ်ခိုးပြီး အကုန်လုံး ရောင်းစားနေတာ!"
"ကျွန်မ ကျင်းလင်မြို့ကိုရောက်တော့ လွန်ခဲ့တဲ့ဆယ်နှစ်က လင်ကျန်းမြို့မှာ ဖြစ်တဲ့ကိစ္စတွေကို ခဏခဏ ကြားရတယ်။ မင်းရဲ့အဖေက လင်ကျန်းမြို့(လုယန်)ရဲ့ ရာဇဝတ်တရားသူကြီး ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ လုတာ့ရန်က အမှန်တရားကို ရှာတွေ့တော့ သူက ဖော်ထုတ်ဖို့ ကြိုးစားခဲ့တာပေါ့?"
အတိတ်ကို ပြန်တွေးရင်း မင်ယင်းက တုန်ယီလာပြီး သူမရဲ့ မုန်းတီးမှုအပြည့် ဖြစ်နေတဲ့ မျက်လုံးများက တောက်ပလာသည်။
"ကျွန်မအဖေက မှန်ကန်တဲ့ အရာရှိတစ်ယောက်ပါ။ အဲ့တာကြောင့် မြို့ထဲမှာ စားစရာတွေ မရှိတော့တာကို မြင်တာနဲ့ သူက တော်ဝင်တရားရုံးကို သတင်းပို့ချင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ လီမိသားစုက အရမ်းအင်အားကြီးပြီး လီချင်းကျိုးက တော်ဝင်တရားရုံးရဲ့ အမတ်ဖြစ်တာကြောင့် လင်ကျန်းမြို့ရဲ့ သတင်းတွေ ထွက်မလာခင်ကတည်းက သူက ကြားဖြတ်ခဲ့တာ။ နောက်တော့ လီယွမ်ယီက သက်သေတွေ လုပ်ကြံဇာတ်ခင်းပြီး အဖေ့ကို ထောင်ဖမ်းတယ်။ အခုထိတောင် တစ်ယောက်ယောက်က အဖေ့နာမည်ကို ပြောလိုက်ရင် လင်ကျန်းမြို့သူမြို့သားတွေက ကျိန်ဆဲနေတုန်းပဲ..."
မုယွမ်ယောင်က သက်ပြင်းချလိုက်သည်။
"ဟုတ်တယ် အရင်ဆယ်နှစ်လောက်တုန်းက လီမိသားစုရဲ့အင်အားက အထွတ်အထိပ်ကို ရောက်နေတာ။ လီယွမ်ယီကလည်း လီမိသားစု လက်အောက်ကမလို့ ဒီကိစ္စကို ရှင်းလိုက်တာနဲ့ လီမိသားစုရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်နိုင်တယ်။ လီမိသားစုက ဒါကိုဖုံးကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာပဲ"
မင်ယင်းက သူမမျက်ရည်တွေကို သုတ်လိုက်သည်။
"အဲ့အချိန်တုန်းက ကျွန်မက ငယ်သေးတယ်။ ကျွန်မအသက်ကို အိမ်အကူဟောင်းတစ်ယောက်က နည်းလမ်းစဥ်းစားပြီး ကယ်တင်ခဲ့တာ။ အချိန်တွေအများကြီး ကြာသွားပြီဆိုတော့ သက်သေရှာလို့မရတာ နှမြောဖို့ကောင်းတယ်..."
မုယွမ်ယောင်က ကျင်းလင်မြို့တွင် ဘာဖြစ်ခဲ့မှန်း မသိပေမယ့် အထိန်းတော်ချင်းရဲ့ စရိုက်နှင့် ယွဲ့ဝမ်ရဲ့စွမ်းရည်အရ သူတို့လူရွေးသည့်အပေါ်မှာ ယုံကြည်သည်။ အကယ်၍ မင်ယင်းမှာ တကယ်ပြဿနာရှိရင် သူမကို အရင်ကတည်းက ထုတ်ပယ်ခံရလောက်ပြီးပြီ။ ဒါပေမယ့် သူမပြောနေတာတွေက တကယ် အမှန်တွေလိုပင်။
"ဖြစ်ခဲ့တာတွေက ကြာပါပြီ၊ မိန်းကလေးမင်ယင်းအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်"
"မိန်းကလေးမု လီယွမ်ယီနားကပ်ရဖို့ ကျွန်မ ဒီအခွင့်အရေးကို ယူမှဖြစ်မယ်၊ ကျွန်မ အကောင်းဆုံး လိုက်နာပါ့မယ်!"
မုယွမ်ယောင်က ခဏလောက် စဥ်းစားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ငါ မင်းကို အခွင့်အရေးပေးနိုင်ပါတယ်။ ဒါပေမယ့် မင်း ဒီကိစ္စတွေကို လုံးဝထုတ်မပြောပါဘူးလို့ အာမခံနိုင်လား?"
နောက်ပြီး လန်ကျင်းမြို့ရဲ့ကိစ္စက အမှန်ဖြစ်ပါက မင်ယင်းနဲ့ လီယွမ်ယီတို့ကြား သွေးကြွေးတွေ ဖြစ်လာလိမ့်မည်။ အချိန်ရောက်လာလို့ ရန်သူကို သူမရှေ့မှာတွေ့လျှင် သူ့ကိုသတ်ဖို့ မထိန်းနိုင် ဖြစ်သွားနိုင်တယ်မလား?
မင်ယင်းရဲ့ မျက်လုံးတွေက တည်ငြိမ်နေသည်။
"စိတ်ချပါ မိန်းကလေးမု၊ အဲ့ဒီနှစ်က ကိစ္စမှာ သေချာပေါက် လီယွမ်ယီ တစ်ယောက်တည်းရဲ့ လက်ချက်မဖြစ်နိုင်ဘူးဆိုတာ ကျွန်မသိပါတယ်။ တခြားလီမိသားစုဝင်တွေရဲ့ အကာအကွယ်ပေးမှုလည်း ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မ ကမူးရှူးထိုးမလုပ်ဘဲနဲ့ ကျွန်မအဖေရဲ့ ဖြူစင်မှုကိုပြန်ရအောင် ကြိုးစားပြီး သက်သေရှာမယ်!"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now