အပိုင်း ၂၂၄/ အပိုင္း ၂၂၄

483 62 0
                                    

Unicode

အပိုင်း ၂၂၄ - သခင်မကျင်းရဲ့ စာအိတ်နီ
သူမ ကျင်းနန်းဆောင်မှာ နေထိုင်စဉ်ကလည်း မှန်လုံအိမ်တစ်ခု ရှိခဲ့ပေမယ့် အလွန်သေးသည်။ ဒါပေမယ့် သူမ ပန်းပင်တွေနဲ့ အပင်ငယ်တွေကို အလေးထားပြီး ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ခဲ့သည်။ နှစ်သစ်အချိန်တွင်း ကျင်းဝမ်က သူ မျက်နှာကြီးကြောင်းပြဖို့ သူနဲ့အတူ လှပတဲ့ ပျိုနီပန်းအိုးနှစ်ခု ယူလာပေးခဲ့ဖူးသည်။
“တကယ်လား? ဒီအစေခံ ဒီအကြောင်းကြားဖူးတာ ပထမဆုံးပဲ”
“တကယ်တော့ အဲ့ဒီလောက် အံ့ဩစရာမကောင်းပါဘူး။ မှန်လုံအိမ်တွေကို မြို့တော်က နေရာတော်တော်မှာ ဆောက်ထားပေမယ့် အကုန်အကျ များလွန်းတယ်။ စိုက်တဲ့ပန်းပင်နဲ့ အပင်ငယ်အများစုကလည်း နွေဦးနဲ့ နွေရာသီလောက် မလှဘူး။ ဒါတောင်မှ ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတွေအတွက် အလုံအလောက် ဖြည့်ဆည်းမပေးနိုင်ဘူး”
“သခင်မလေး ဘယ်အချိန်ကျ အဲ့ဒီအပင်တွေကို စိုက်မှာလဲ? ဒီအစေခံလည်း သခင်မလေးဆီက တစ်ခုနှစ်ခုလောက် သင်ယူချင်တယ်။ ရမလား”
ကျင်းချောင်က အလွန်စိတ်အားထက်သန်စွာနဲ့ ကြည့်လာသည်။ သူမရဲ့ လက်ပန်းထိုးအရည်အချင်းက မဆိုးဘူးဆိုပေမယ့် ကျင်းလန်နဲ့ယှဉ်ရင် သက်ဝင်မှုအနည်းငယ် ပျောက်ဆုံးနေတယ်။ သူမစိတ်ထဲမှာ လက်ပန်းထိုးပညာကို သိပ်ပြီး ချစ်မြတ်နိုးပုံမရဘူး။ သို့ပေမယ့် အခု ပန်းတွေ မြက်ခင်းတွေအကြောင်း ကြားတော့ သူမ အပြည့်အဝ စိတ်ဝင်စားနေသည်။
“ကောင်းပြီ၊ မင်း နှစ်သက်တယ်ဆိုရင် ငါ့ဆီက သင်ယူပေါ့။ မင်းအောင်မြင်ရင် ငါလည်း မျက်နှာလွှဲထားပြီး အခြားအရာတွေ လုပ်လို့ရတယ်”
မုယွမ်ယောင်က ကျင်းချောင်ကို ဖန်လုံအိမ်ဆီ ရက်အနည်းငယ်ကြာအောင် ခေါ်လာပေးပြီး သူမ ပန်းတွေနဲ့ အပင်တွေကို ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာ သင်ပြပေးသည်။ အဲ့ဒီနောက် သခင်မကျင်းကို လပြည့်ပွဲနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ ထွက်ခွာလာခဲ့သည်။
ချောင်ယွင်နျန် ရာထူးတိုးမြှင့်ပေးခြင်း ခံရပြန်တာကြောင့် မရေတွက်သောလူတွေကို မနာလိုအားကျရစေသည်။ တစ်နှစ်အတွင်းမှာ အဆင့်ငါး ကျစ်ကျိုးအဆင့်ကနေ အဆင့်လေး မြို့တော်အရာရှိ ဖြစ်လာခဲ့တာကြောင့် ဘယ်သူ အားမကျဘဲနေနိုင်မှာလဲ။ သူ့ရဲ့တစ်နှစ်တာက အခြားသူတွေ ဆယ်နှစ်ကြာအောင် ကျားကုတ်ကျားခဲ ကြိုးစားတာနဲ့ ညီမျှသည်။ သူတို့တွေ မနာလိုရတာ အမှန်ပင်။
ချောင်ယွင်နျန် လပွဲတော်ပြီးရင် မြို့တော်ကို ဝင်ချင်ပေမယ့် ကျင်းလင်မြို့ကို စီမံကွပ်ကဲဖို့ သူ ကြိုးစားတည်ဆောက်ထားတဲ့ အဆက်အသွယ်တွေကို လက်မလွှတ်ချင်ပေ။ ထို့ကြောင့် သူတို့တွေ မြို့တော်ကို သွားတော့မယ်ဆိုတာနဲ့ မိတ်ဆွေတွေအပေါ် တာဝန်ပျက်ကွက်တယ် မဖြစ်ရလေအောင် ဧည့်ခံပွဲကို အကြီးကျယ် အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်ခဲ့သည်။ မဟုတ်လျှင် မထိုက်တန်ဘဲ နေလိမ့်မည်။
သခင်မကျင်းက မုယွမ်ယောင်ကို အလေ့အကျင့် ရစေချင်တာကြောင့် ပွဲအတွက် ဧည့်သည်စာရင်း၊ ထိုင်ခုံတွေနဲ့ ဟင်းပွဲတွေ ကူညီပြင်ဆင်ပေးဖို့ သူမကို အကူအညီတောင်းထားသည်။
မုယွမ်ယောင်ကလည်း မငြင်းပယ်ခဲ့ပေ။ အချိန်အကြာကြီးနေမှ နောက်ဆုံး သူမ ကျင်းလင်မြို့က လူတွေရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို စေ့စေ့စပ်စပ် နားလည်သွားသည်။ ခေတ္တမျှ တွေးပြီးနောက် သူမ စတင် ချရေးလိုက်ပေမယ့် သိပ်အရေးမကြီးတဲ့သူအချို့ကို သေချာချန်ထားခဲ့ပြီး သခင်မကျင်းကို စာရင်းအပြည့်အစုံအနေနဲ့ ပေးလိုက်သည်။
သခင်မကျင်းက ဂရုတစိုက် ကြည့်ရှုပြီး စိတ်ထဲတွင် သက်ပြင်းချမိသည်။ ထင်ထားတဲ့အတိုင်းပင် မုယွမ်ယောင်က နှလုံးသား တကယ်လှတာပဲ။
“ယောင်အာ တကယ်ကောင်းကောင်း စီစဉ်ထားတာပဲ။ ငါ မင်းအရွယ်တုန်းက ဆော့ကစားချင်တဲ့စိတ်ပဲ ရှိခဲ့တာ။ ဒါပေမယ့် မင်း အာရုံစိုက်ရမယ့် လူအချို့ရှိသေးတယ်…”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မွေးစားအမေ။ မဟုတ်ရင် သမီး တကယ်မေ့တော့မလို့”
“မင်းက ငယ်သေးတယ်၊ ဒီစီစဉ်မှုက တမူထူးခြားပြီး ခမ်းနားကြီးကျယ်နေပြီ။ ဟင်းပွဲတွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိတာကြောင့် မင်းရဲ့ ညွှန်ကြားချက်တွေအတိုင်း ပြင်ဆင်ဖို့ စေခိုင်းလိုက်ပြီ”
အဲ့ဒီနောက် သခင်မကျင်းက ခေါင်းအုံးအောက်က စာအိတ်နီကို ထုတ်လိုက်သည်။
“ငါ မီးဖွားတုန်းက မင်းကို စာအိတ်နီပေးမယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမယ့် ခန္ဓာကိုယ် ပြန်အားပြည့်အောင် လုပ်တာနဲ့ မင်းရဲ့မောင်လေးကို ဂရုစိုက်တာနဲ့ ဒီရက်ပိုင်း အလုပ်များနေခဲ့လို့ ဒီကိစ္စကို မေ့နေခဲ့တာ။ လပြည့်ပွဲတော်ရက်ကျမှ မင်းကို စာအိတ်နီ ပေးချင်ခဲ့ပေမယ့် တွေးကြည့်လိုက်တော့ ဒါက မင်းအတွက် မလွှဲမရှောင်သာ ပြဿနာတွေ ဖြစ်သွားမှာစိုးလို့ ဒီနေ့ပေးဖို့ ဆုံးဖြတ်လိုက်တာ”
မုယွမ်ယောင် စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သခင်မကျင်းက လပွဲတော်မှာသာ သူမကို စာအိတ်နီပေးလိုက်ရင် လူအများက သေချာပေါက် ဘာသဘောနဲ့ ပေးတာလဲဆိုပြီး မေးခွန်းထုတ်နေကြမှာ။ အဲ့ဒီအခါကျ သူမ ဘယ်လိုပဲ ရှင်းပြပါစေ အတင်းအဖျင်းတွေကတော့ ထွက်လာရင် ထွက်လာဦးမှာပဲ။ အဲ့ဒီအခါ ထိုလူချမ်းသာတွေက နက်နက်နဲနဲ စုံစမ်းပြီး သူမက သားဖွားပေးရာမှာ အလွန်ကျွမ်းကျင်တယ်ဆိုပြီး သိသွားကြလိမ့်မယ်။ လူတွေက သူမကို လာရောက်သားဖွားပေးဖို့ တောင်းဆိုသူတွေ ပေါ်လာရင် သွားရမလား၊ မသွားဘဲ နေရမလား ဆုံးဖြတ်ဖို့ ခဲယဉ်းလိမ့်မည်။
“ကျေးဇူးတင်ပါတယ် မွေးစားအမေ၊ သမီး အရင်ကတည်းက ပြောထားတာဆိုတော့ အားနာမနေတော့ဘူးနော်”
မုယွမ်ယောင်က စာအိတ်နီကို ယူလိုက်ရာ လက်ထဲတွင် အတော်လေးလံသည်။
“မွေးစားအမေ ဘဏ်စာရွက် ဘယ်နှရွက်တောင် ဒီထဲ ထည့်ထားတာလဲ။ ဘယ်လိုလုပ်ပြီး အရမ်းလေးရတာလဲ”
သခင်မကျင်းက ပြုံးကာ ပြောလာသည်။
“သမီး ဖွင့်ကြည့်တဲ့အခါ သိပါလိမ့်မယ်”
မုယွမ်ယောင်က စာအိတ်နီကို ဖွင့်လိုက်တဲ့အခါ အထဲမှာ ပါတာတွေမြင်ပြီး အနည်းငယ် တွန့်ဆုတ်မိသည်။
“မွေးစားအမေ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ငွေလျန်သောင်းပေါင်းများစွာအပြင် အိမ်တော်အချို့၊ စိုက်ပျိုးမွေးမြူရေးခြံ၊ အိမ်တွေနဲ့ မြေစာချုပ်များစွာလည်း ပါဝင်သည်။ ကြွေထည်၊ ကျောက်စိမ်းပစ္စည်းနဲ့ အဆင်တန်ဆာအမျိုးမျိုး စာရင်းတစ်ခု ပါသည်။ အရင်က သခင်မကျင်းရဲ့ အသွင်းပစ္စည်းထက်တောင် အဆအနည်းငယ် ပိုများလိမ့်မည်။
“မွေးစားအမေ၊ ဒါက သိပ်ကို တန်ဖိုးကြီးလွန်းတယ်။ သမီး သေချာပေါက် လက်မခံနိုင်ဘူး”
“မစိုးရိမ်ပါနဲ့၊ မင်းကို အသေးစိတ် ရှင်းပြမယ်”
သခင်မကျင်းက မုယွမ်ယောင်ရဲ့လက်ကို ဆွဲကာ ထိုင်ခိုင်းသည်။
“မင်းက ငါ့ကို မွေးစားအမေလို့ခေါ်တော့ ငါက မင်းကို သမီးအရင်းလို ဆက်ဆံရမှာပေါ့။ ငါ့မျက်လုံးထဲမှာ မင်းနဲ့ ကျီဝမ်က ငါ့ကလေးတွေဖြစ်ပြီး မင်းအပေါ် အစစ်အမှန် ကောင်းစေချင်တယ်။ ဒါပေမယ့် မင်းရဲ့မောင်လေးက ယောက်ျားတစ်ယောက်အနေနဲ့ သူ့ဘဝလမ်းကြောင်းအတွက် အလုပ်လုပ်နိုင်တယ်။ သမီးက မိန်းမသားတစ်ယောက်အနေနဲ့ နောင်အနာဂတ်မှာ တစ်စုံတစ်ယောက်ရဲ့ မိသားစုဆီ လက်ထပ်ပြီး သွားနေရမှာ။ မင်းရဲ့ ယောက္ခမတွေကိုလည်း အလုပ်အကျွေးပြုရဦးမယ်၊ မင်းရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရမယ်၊ ခင်ပွန်းကို ဂရုစိုက်ရမယ်။ မင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ ခံစားရတာတွေကို အပြင်လူတွေ နားလည်နိုင်မှာတောင် မဟုတ်ဘူး။ ဒီအပယိကအရာတွေက မင်းဘဝ ပိုကောင်းကောင်းနေရဖို့ ကူညီပေးနိုင်ရင် မွေးစားအမေလည်း စိတ်သက်သာရာရပါတယ်”
မုယွမ်ယောင်ရဲ့နှလုံးသား တုန်ယင်ကာ ပြင်းထန်တဲ့ ခံစားချက်တစ်ခု သူမခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့သွားသည်။ သူမနေရာကို တကယ် ဝင်ခံစားမကြည့်ပေးဘူးဆိုရင် သခင်မကျင်း ဒီလိုစကားတွေပြောမှာ မဟုတ်ပေ။
“မွေးစားအမေ၊ ပန်းတွေလိုအပ်တဲ့ မြို့တော်မှာ နေရာအများကြီး ပိုရှိပါတယ်။ သမီးလက်ထဲမှာ နီယွင်ဖန်းနဲ့ ပူးရှန့်လုံရှိတယ်။ သမီး ငွေလျန်မချို့တဲ့ပါဘူး။ အခြားအရာတွေကို သမီး ဖြေးဖြေးချင်း ဝယ်နိုင်ပေမယ့် မွေးစားအမေက မတူဘူးလေ။ အချိန်ဒီလောက်ကြာမှ သမီး တော်တော်‌လေး နားလည်သဘောပေါက်လာတာ၊ ကျင်းမိသားစုက တည့်အောင်နေဖို့ လွယ်ကူတဲ့နေရာ မဟုတ်ဘူး။ မွေးစားအမေ သမီးအတွက် အကုန်ချန်ထားပေးတာ သူတို့သိသွားရင် ရန်ငြှိုးကို ရှောင်ဖို့ခက်တယ်…”
သခင်မကျင်းက သူမလက်ကို ပုတ်လျက်
“မစိုးရိမ်ပါနဲ့၊ ငါ့မှာလည်း နှစ်ပေါင်းများစွာ စုလာတဲ့ ကိုယ်ပိုင်ပိုက်ဆံ အများကြီး ရှိပါတယ်။ ငါ့မှာ အများကြီး မရှိပေမယ့် မင်းအတွက် အချို့တစ်ဝက် သိမ်းထားတယ်။ မင်း မျက်နှာချေလိမ်းတဲ့အချိန်ကျရင် လက်လွှဲယူလို့ရတယ်။ အချို့ဆိုင်တွေကိုတော့ ငါ ချန်ထားတယ်။ ငါ ကိုင်တွယ်စီမံဖို့ အဆင်မပြေတာကြောင့် မင်းကို ပေးတာ”
မုယွမ်ယောင်က လက်ခံလို့ မဖြစ်ဘူးလို့ ခံစားနေရသေးသည်။
“မွေးစားအမေ…”
ဒါတွေက သူမမွေးစားအမေ ပိုင်ဆိုင်သမျှ အကုန်လုံးနီးပါး ဖြစ်မှာကို စိုးရိမ်သည်။ သိပ်ကို တန်ဖိုးများလွန်းတယ်။
“ကောင်းပြီ၊ မင်း လက်ခံဖို့ ငြင်းဆန်နေဦးမယ်ဆိုရင် ငါ စိတ်ဆိုးရလိမ့်မယ်။ ကိုယ်တိုင်ဝမ်းနဲ့ လွယ်မွေးမထားပေမယ့် မွေးစားထားတာဆိုတော့ စိတ်ဆိုးတာရဲ့ နောက်ဆက်တွဲက ခါတိုင်းထက် အများကြီး ပိုဆိုးလိမ့်မယ်”
သခင်မကျင်းရဲ့မျက်နှာ တကယ်ပဲ တင်းမာနေတာမြင်တော့ မုယွမ်ယောင် ခဏကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်သည်။
“ကောင်းပါပြီ၊ ဒါဆို သမီး လက်ခံပါ့မယ်။ ကျေးဇူးတင်ပါတယ် မွေးစားအမေ”
သခင်မကျင်းက အပြုံးတစ်ခု လှစ်ဟပြလျက်
“ဒီလိုမှပေါ့၊ ဆိုင်ရှင်ကျင်းက ငါ့လက်အောက်မှာ နှစ်ပေါင်းများစွာကြာ အလုပ်လုပ်လာတာ၊ ငါပိုင်တဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေ၊ အိမ်တော်တွေနဲ့ ဆိုင်တွေအကြောင်း အကုန်သိတယ်။ ငါ မြို့တော်ဆီ ပြန်တဲ့အခါ သူ့ကို အတူခေါ်မသွားဘူး။ မင်းဘေးမှာ ထားခဲ့ပေးမယ်”
“ဟုတ်ကဲ့၊ မွေးစားအမေ ကျေးဇူးပြုပြီး စိတ်ချပါ၊ သမီး ဆိုင်ရှင်ကျင်းကို ကောင်းကောင်း ဂရုစိုက်ပြီး တစ်ခုခုရှိရင် သူ့ဆီက အကြံဉာဏ်တောင်းပါ့မယ်”
“ဟုတ်ပြီ”
သခင်မကျင်း နောက်တစ်ချက်ကို တွေးမိသွားသည်။
“အို ဟုတ်သားပဲ၊ မင်းမွေးစားအဖေရဲ့နေရာကို တာဝန်လွဲပြောင်းယူမယ့် မြို့တော်က လီမုနျန်အကြောင်း မင်းလည်း ကြားပြီးလောက်မှာပါ။ သူ ဘယ်သူဘယ်ဝါဆိုတာက သာမန်မဟုတ်တာကြောင့် မင်း ပိုသတိထားရမယ်နော်။ သွားမဆွမိစေနဲ့”
“သူက မြို့တော်က လီမိသားစုကလို့ သမီးကြားထားတယ်။ သမီးက ဝေးလံတဲ့ ကျင်းလင်မြို့ကဆိုပေမယ့် လီမိသားစုရဲ့ ဩဇာတိက္ကမအကြောင်း ကြားဖူးတယ်။ တကယ် အံ့ဩဖို့ကောင်းတာပဲ၊ လေးစားစွာနဲ့ သက်ပြင်းတစ်ချက်ပဲ ချနိုင်ခဲ့တယ်”
မုယွမ်ယောင်က အံ့အားသင့်တဲ့ အမူအရာနဲ့ ဖော်ပြသည်။
သခင်မကျင်းက သဘောတူစွာ ခေါင်းညိတ်သည်
“လီမုနျန်ရဲ့ဖခင်က ဒီမင်းဆက်ရဲ့ အမတ်ချုပ်၊ လီချင်ကျိုး။ သူက အသက်အရွယ် အိုမင်းနေပြီး ဧကရာဇ်က သူ့အာဏာကို လျှော့ချချင်ပေမယ့် သူက ဒီတစ်လျှောက်လုံး ဧကရာဇ်နောက်က ထပ်ကြပ်မကွာ လိုက်လာခဲ့တဲ့ ဝါရင့်မင်းမှုထမ်းတစ်ယောက်လေ။ ဧကရာဇ်က သူနဲ့ အရင်ကဆက်ဆံရေးကို အမြဲတမ်း ထည့်သွင်းစဉ်းစားတယ်။ ဒါကြောင့် သူ့ကို အာဏာရှိတဲ့ အကြီးအကဲတစ်ယောက်လို့ ယူဆလို့ရတယ်။ ဒီနှစ်ပိုင်းမှာ စုမိသားစုက တဖြည်းဖြည်း ဖွံ့ဖြိုးလာနေတာ၊ သူတို့တွေက လီချင်ကျိုးကို ခပ်ရေးရေးပဲ ပြိုင်နိုင်တယ်။ နောက်လူတွေက အရင်ကလူတွေလောက် အာဏာမကြီးဘူးလို့ ငါ ထင်တယ်။ လီမုနျန် ဒီကိုလာတာ အခြားရည်ရွယ်တွေရှိမှာ ငါ စိုးရိမ်မိတယ်။ ငါတို့ ထွက်ခွာသွားပြီးနောက်ပိုင်း လွှမ်းမိုးမှုက သေချာပေါက် အရင်လောက် ကောင်းမှာမဟုတ်ဘူး။ မင်း အဲ့ဒီကိစ္စမှာ မပါဝင် မပတ်သက်မိဖို့ ပိုသတိထားရမယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now