အပိုင်း ၂၂၅/ အပိုင္း ၂၂၅

518 67 0
                                    

Unicode

အပိုင်း ၂၂၅
မုယွမ်ယောင်က အလျင်အမြန် ခေါင်းညိတ်ပြ၏။
“မွေးစားအမေ စိတ်ချပါ။ သမီးက ဘဝကို   ရိုးရိုးသားသားပဲ ဖြတ်သန်းမှာ။ ဘယ်လိုလုပ် လီတာ့ရန်နဲ့ အဆက်အဆံရှိရမှာလဲ”
သခင်မကျင်းက သက်ပြင်းချလေသည်။
“ပူးရှန့်လုံနဲ့ နီယွင်ဖန်းကြောင့်သာ   မဟုတ်ရင် မင်းနဲ့ညီမစုကို မြို့တော်သာ ခေါ်သွားလိုက်ချင်တယ်”
“မစိုးရိမ်ပါနဲ့ မွေးစားအမေရဲ့။   နောက်ကျရင် သမီးက ပူးရှန့်လုံနဲ့ နီယွင်ဖန်းကို မြို့တော်မှာလည်း လာဖွင့်ဦးမှာ။   အဲ့အချိန်က အမေ့ဆီလာမှာပေါ့”
“ကောင်းပြီ အဲ့အချိန်ကို   စောင့်နေမယ်”
သခင်မကျင်းလည်း မုယွမ်ယောင်ကို   မခွဲနိုင်ပေ။ ဒီနှစ်ဝက်ထဲ အတူတူ အချိန်ကုန်ဆုံးခဲ့တာ နည်းပေမယ့် မုယွမ်ယောင်နဲ့အတူရှိတိုင်း   ကြုံနေရတဲ့ ဒုက္ခတွေအားလုံးကို ဘေးဖယ်ထားနိုင်ပြီး စိတ်သက်သက်သာသာ နေနိုင်လေသည်။
“မွေးစားအမေ ဝမ်းနည်းမနေနဲ့နော်။   မွေးစားအမေ မြို့တော်မှာအခြေချပြီးရင် သမီးနဲ့အမေ   မြို့တော်ဆီလာတွေ့လှည့်ဦးမှာပါ။ မြို့တော်က ဘယ်လောက်ကြွယ်ဝလည်း တွေ့ရတာပေါ့”
“ကောင်းတယ်။ အခြေချပြီးတာနဲ့   သမီးဆီစာပို့လိုက်မယ်။ အချိန်အားရင် လာလည်ရမယ်နော်”
မုယွမ်ယောင် ဘာဆက်ပြောမှန်းမသိ ဖြစ်နေပြီး   သခင်မကျင်း ဝမ်းမနည်းအောင် ဖြောင်းဖြပြီးတဲ့နောက်မှာ မတ်တပ်ထရပ်ပြီး   နှုတ်ဆက်စကားပြောလိုက်သည်။
နေ့ရက်တွေ မသိလိုက်ပါပဲ   ကုန်ဆုံးသွားပြီးနောက် သခင်မကျင်းကလေးရဲ့ တစ်လပြည့်အခမ်းအနား ရောက်လာသည်။   မီးနေကာလအတွင်းမှာ မုယွမ်ယောင်က သခင်မကျင်းဆီ ခဏခဏလာပြီး စောင့်ရှောက်ပေးခဲ့သည်။   အခမ်းအနားမတိုင်ခင် ‌ရှေ့ရက်မှာလည်း သခင်မကျင်းကို ချွေးထုတ်ပေးဖို့ တကူးတက လာပေးခဲ့သေးသည်။   ထိုအကူအညီကြောင့် သခင်မကျင်း နောက်တစ်နေ့မနက်ခင်း ရေချိုးတဲ့အချိန်မှာ   မီးဖွားမှု လုံးဝဖြစ်မထားသလိုမျိုး သက်တောင့်သက်သာရှိနေ၏။
မုယွမ်ယောင်က စုချင်နဲ့အတူ   ချောင်အိမ်တော်ဆီ ရောက်လာသည်။ ယင်းဟုန်က ဝင်ပေါက်မှာရပ်ရင်း ဧည့်သည်တွေကို နှုတ်ဆက်စကားဆိုနေသည်။   သူမက မုယွမ်ယောင်တို့ကိုမြင်တော့ တက်တက်ကြွကြွနဲ့ နောက်ဖေးဆီ ခေါ်သွားပေး၏။
မကြာခင်မှာ ဧည့်သည်တွေအားလုံး ရောက်လာပြီး   မုယွမ်ယောင်က သူတို့နဲ့အတူ ခြံရှေ့ဆီလိုက်လာသည်။
သူမ ဝင်လာလာချင်းမှာပဲ ချောင်ယွင်နျန်ဘေးမှာရပ်နေတဲ့   လူတစ်ယောက်ကို မြင်လိုက်သည်။ ထိုသူက အတော်လေး ငယ်သေးပြီး ၂၅၊ ၂၆အရွယ်လောက်ပဲ ရှိသေးပုံရသည်။   သို့ပေမယ့် သူပုံစံက သာမန်ထက် ထူးကဲနေပုံပေါက်၏။ နွေးထွေးတဲ့အပြုံးနဲ့ သိမ်မွေ့တဲ့မျက်နှာက   လူတွေကို ရင်းနှီးစေချင်လာသည်။
သို့ပေမယ့် ထိုလူရဲ့အပြုံးက   အပေါ်ယံသာသာပဲဖြစ်ပြီး မျက်လုံးထိမရောက်တာကို မုယွမ်ယောင်ကတော့ မြင်သည်။   ထိုအပြုံးက ခံစားချက်အစစ်အမှန်ကို လူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားတဲ့   မျက်နှာဖုံးတစ်ခုလို ဖြစ်နေ၏။ မုယွမ်ယောင်က မျက်လုံးကျဉ်းမြောင်းသွားပြီး   အပြုံးဖျော့ဖျော့လေးကလည်း မျက်လုံးကနေ ဖြတ်ပြေးသွားသည်။ ဒီလီမုနျန်က   အမတ်ချုပ်လီယွမ်ကျိုးရဲ့ အငယ်ဆုံးသားဖြစ်ပြီး ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရသည်။   ကောလဟာလတွေကတော့ အမတ်ချုပ်က လီမုနျန်ကို ဂုဏ်သတင်းကျော်ဇောမှုအတွက် စာမေးပွဲ အတင်းအကြပ်   ဖြေခိုင်းထားသည်ဟူ၍။ ဒါပေမယ့် လူတွေမသိကြတာကတော့ လီမိသားစုရဲ့ အရေးကြီးဆုံးသူက   မဖြစ်စလောက် စာပေအရည်အချင်းနဲ့ ဒုတိယအဆင့်အရာရှိ 'လီမုချုံ’လည်း မဟုတ်သလို   ရဲရင့်ပြီး အတိုက်အခိုက်ကျွမ်းလို့ နာမည်ကြီးပြီး စစ်ပွဲအောင်မြင်မှုတွေ အများကြီးရထားတဲ့   'လီမုပိုင်’လည်း မဟုတ်ဘဲ သိပ်မထင်ပေါ်တဲ့ လီမုနျန်သာဖြစ်သည်။
နှုတ်ခွန်းဆက်စကား ဆိုပြီးတဲ့နောက်မှာ   မုယွမ်ယောင်က မျက်လွှာချရင်း သခင်မကျင်းဘေးမှာ ရပ်နေသည်။ သူမပုံစံက အတော်လေး ရိုသေသမှုရှိပြီး   အတော်လေးလည်း တိတ်ဆိတ်နေသည်။ လီမုနျန်က ပြုံးရင် ဘေးပတ်လည်ကို ကြည့်နေ၏။   သူ့အကြည့်က မုယွမ်ယောင်ဆီ ရောက်သွားတော့ စိတ်ထဲ နည်းနည်းတော့ အံ့အားသင့်သွားသည်။   မုယွမ်ယောင်က ဒီလောက်ငယ်တဲ့အရွယ်နဲ့ ဧကရာဇ်ဆီက ဆုနှစ်ဆုတောင် ရပြီးသွားသည်။   နောက်ပြီး အရပ်သူတစ်ယောက်ဆိုပေမယ့် ချောင်ယွင်နျန်နဲ့ သခင်မကျင်းရဲ့ မွေးစားသမီး   ဖြစ်လာတယ်။ ဘယ်လောက် ဥပေက္ခာပြုတတ်တဲ့ စိတ်ရှိပါစေ ဒီလိုအချိန်မှာ‌တော့ အနည်းငယ်   ကိုယ်ရည်သွေး ဝင့်ကြွားနေသင့်သည်။ သို့ပေမယ့် အခု ထိုတစ်ယောက်က ကျက်သရေရှိရှိ ဝတ်စားထားပြီး   အမူအရာက ငြိမ်သက်အေးချမ်းနေသည်။ ဖုံးကွယ်ဖို့ခက်ခဲတဲ့ အလှတရားကြောင့်သာ မဟုတ်ရင်   လူတိုင်းက လျစ်လျူရှုထားလောက်သည့် ပုံစံမျိုးပင်။
“မင်းက သခင်မလေးမု ဖြစ်ရမယ်။   မြို့တော်မှာကတည်းက သခင်မလေးမုရဲ့ ကြင်နာမှုတွေကို ကြားဖူးထားပါတယ်။   လက်မှုပညာကျွမ်းကျင်တဲ့အပြင် လေးစားဖို့ကောင်းတာက အရည်အချင်းတွေကို လျှိုမထားတာပါပဲ”
လီမုနျန် ပထဆုံးမေးလာတဲ့သူက   မုယွမ်ယောင် ဖြစ်နေမယ်လို့ သခင်မကျင်းလည်း ထင်မထားခဲ့ပေ။
“ယွမ်ယောင်က ငယ်သေးလို့ သင်ယူစရာ စည်းမျဉ်းစည်းကမ်းတွေ   အများကြီး ရှိပါသေးတယ်။ လီတာ့ရန် ချီးကျူးလွန်းနေတာပါ။ ယောင်အာ   မြန်မြန်နှုတ်ဆက်လိုက်လေ”
မုယွမ်ယောင်က ခေါင်းမမော့ဘဲ သခင်မကျင်းပြောတဲ့အတိုင်း   ရှေ့တိုးကာ နှုတ်ခွန်းဆက်လိုက်ပြီး သခင်မကျင်းရဲ့ဘေးနားကို ပြန်သွားလိုက်သည်။
လီမုနျန်ရဲ့မျက်လုံးတွေ ‌ရွေ့လျားသွားပြီး   သူ့အပြုံးကလည်း ပုံမှန်အတိုင်းရှိနေဆဲပင်။ သူက ခေါင်းညိတ်ပြပြီး   တစ်ဖက်ပြန်လှည့်ကာ ချောင်ယွင်နျန်နဲ့ စကားဆက်ပြောနေသည်။
ချောင်ယွင်နျန်က   မြို့တော်သွားတော့မှာမို့ သူ့အနာဂတ်အောင်မြင်မှုက အကန့်အသတ် မရှိတော့ပေ။   လူတိုင်းက လက်ဆောင်တွေ ရက်ရက်ရောရော ပြင်ဆင်လာကြပြီး ချစ်စရာကောင်းတဲ့ ကလေးလေးအား   ခေါ်ထုတ်လာချိန်မှာလည်း အဆက်မပြတ် ချီးကျူးကြတာမို့ သခင်မကျင်းတစ်ယောက်   အပြုံးမပျက်တော့ပေ။
လီမုနျန်က   ကျောက်စိမ်းဆွဲပြားကိုချွတ်ပြီး အစေခံတစ်ယောက်သယ်လာတဲ့ ပန်းကန်ပေါ်တင်လိုက်သည်။
“ဒီဆွဲပြားကို ကျုပ်   ကျန်းမာရေးချူချာတုန်းက အဖေပေးထားခဲ့တာ။ သိပ်တန်ဖိုးမရှိပေမယ့် ကံကောင်းခြင်းနဲ့   ငြိမ်းချမ်းမှုကို ဆောင်ပါတယ်။ ချောင်တာ့ရန်နဲ့ သခင်မကျင်း သဘောမကျမဖြစ်ဖို့   မျှော်လင့်ပါတယ်”
“ဘယ်လိုလုပ် သဘောမကျဘဲနေမှာလဲလေ။   အမတ်ချုပ်ရဲ့လက်ဆောင်ဖြစ်ပြီး လီတာ့ရန်အတွက်လည်း တန်ဖိုးထားရတဲ့အရာ ဖြစ်နေတာကို”
“ကလေးက တစ်လပဲရှိသေးပေမယ့်   အတော်လည်း ချစ်ဖို့ကောင်းနေပြီ။ သူ့ကိုမြင်တုန်းက ကျုပ် တော်တော်လေး ပျော်သွားတာ။   အိမ်ခေါ်သွားပြီးတောင် ပျိုးထောင်ပေးချင်လာတယ်။ ကျုပ်နဲ့ကလေးရဲ့ကံကြမ္မာလို့   ဆိုရမှာပေါ့။ ဒီကလေး အနာဂတ်မှာ ကံကောင်းပြီး အန္တရာယ်ကင်းဖို့ မျှော်လင့်ပါတယ်။   ကလေးမှာ နာမည်ရှိပြီလား”
ချောင်ယွင်နျန်က ခေါင်းညိတ်သည်။
“ရှိပါတယ်၊ မှည့်ပြီးပါပြီ။ နာမည်က   ကျစ်ဝမ်ပါ”
“နာမည်ကောင်းလေးပဲ။   ကျုပ်ရဲ့လက်ဆောင်နဲ့ တကယ်ကိုက်ညီနေတာပါပဲလား”
အခမ်းအနားပွဲ အသက်ဝင်နေသည်။   မုယွမ်ယောင်ကလည်း လက်ဆောင်ပြင်ထားသည်။ သူမရဲ့လက်ဆောင်က စျေးကြီးတယ်လို့ သတ်မှတ်လို့မရတဲ့   ကလေးဝတ်စုံလေးတစ်စုံဖြစ်၏။ အဝတ်အစားလေးတွေက သေးသေးလေးတွေဖြစ်ပြီး အတွင်းဝတ်၊   အပြင်ဝတ်၊ ဖိနပ်၊ ဦးထုတ်၊ ခါးပတ်၊ အိတ်ကပ် အစုံလိုက်ဖြစ်သည်။ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့   ပန်းထိုးထားတာလည်း ဖြစ်သည်။ သခင်တစ်ချို့က ထိုလက်ဆောင်ကိုမြင်တော့   သက်ပြင်းတချချနဲ့ သူမလက်ရာကို ချီးကျူးကြတော့၏။
မုယွမ်ယောင်က ဘာမှသိပ်မပြောဘဲ   အပြုံးလေးနဲ့ပဲ တုန့်ပြန်သည်။
ဧည့်ရှင်ရော၊ ဧည့်သည်ရော   ပျော်ရွှင်ခဲ့ကြရပြီးနောက် အခမ်းအနားပြီးသွားခဲ့သည်။ မုယွမ်ယောင်လည်း   အိမ်ပြန်ဖို့လုပ်စဉ်မှာပဲ အစေခံတစ်ဦးက သူမနားရောက်လာသည်။
“ဒီအစေခံက သခင်မလေးကို နှုတ်ဆက်ပါတယ်”
“မိန်းကလေး အဲ့လောက်ယဉ်ကျေးဖို့ မလိုပါဘူး။   ဘယ်သူများလည်းမသိဘူး...”
ထိုအစေခံက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။   အပြုံးကချိုသာပြီး စဉ်းစားတွေးခေါ်တတ်ပုံပင်။ သို့ပေမယ့် မျက်လုံးတွေထဲမှာတော့   မောက်မာမှု တစ်စွန်းတစ်စ ကိန်းဝပ်နေ၏။
“ဒီအစေခံက ဆားသယ်သူပို့ဆောင်ရေး သံတမန်ကတော်   သခင်မကျိုးရဲ့ အစေခံပါ။ ကျွန်မရဲ့သခင်မက ဒီကသခင်မ‌လေးရဲ့ ပန်းထိုးလက်ရာကို   နှစ်သက်မိလို့ စကားနည်းနည်း ပြောချင်တယ်ဆိုလို့ပါ”
ထိုအစေခံက ပြောရင်းဆိုရင်း   လက်ကိုမြှောက်ကာ ဘေးကရထားလုံးဆီ လက်ဟန်ပြလေသည်။
မုယွမ်ယောင်က စုချင်ဘက်လှည့်ပြီး
“အမေ အိမ်အရင်ပြန်နှင့်လေ။ သမီး   သခင်မကျိုးနဲ့ စကားပြောလိုက်ဦးမယ်။ ပြီးမှ မွေးစားအမေကိုပြောပြီး   တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်”
စုချင်က စိုးရိမ်နေသေးပေမယ့်   အခုချိန်မှာ ပြောလို့မကောင်းတာမို့ ခေါင်းပဲညိတ်ပြပြီး မုယွမ်ယောင်ရဲ့လက်ကို   တင်းတင်းကြပ်ကြပ် လှုပ်ရမ်းလိုက်သည်။
“ကောင်းပြီ”
မုယွမ်ယောင်က အပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်သည်။   ထို့နောက် အစေခံနောက်ကနေ မျက်မှောင်ကြုတ်ရင်း ရထားလုံးနားဆီ လိုက်လာခဲ့၏။
“မုယွမ်ယောင်က သခင်မကျိုးကို   နှုတ်ခွန်းဆက်ပါတယ်”
သူမ ပြောလို့ပြီးစဉ်မှာပဲ   ရထားလုံးလိုက်ကာက မတင်ခံလိုက်ရပြီး အပြုံးလေးတစ်ခုနဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ကို   မြင်လိုက်ရသည်။ သူမက မျက်ခုံးလှပြီး မျက်နှာနူးညံ့ကာ ဘယ်မျက်လုံးအောက်က   မျက်ရည်ခံမှည့်လေးကြောင့် ပိုပြီးတောင် နူးညံ့သွားစေသည်။
“သခင်မလေးမူကို အားနာလိုက်တာ။   ဖိတ်လိုက်မိတာ အိမ်ပြန်နောက်ကျသွားမှာပဲ”
“သခင်မက အားနာလွန်းနေပါပြီ။   ကျွန်မအိမ်ကလည်း ဒီနေရာနဲ့နီးတော့ နောက်ကျကျ၊ စောစော သိပ်အရေးမကြီးပါဘူး”
မုယွမ်ယောင်ရဲ့အပြုံးက   အလွန်ချိုသာနေပြီး ငြိမ်သက်အေးချမ်းနေသည်။ မျက်လုံးတွေကလည်း အလွန်အမင်း ကြည်လင်တောက်ပနေ၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Donde viven las historias. Descúbrelo ahora