အပိုင်း ၂၃၀/ အပိုင္း ၂၃၀

582 61 0
                                    

Unicode

အခန်း ၂၃၀ - ဒါဆို သေတဲ့အထိ အငတ်ခံနေလိုက်
စုချင်မှာ အခြားလုပ်စရာတွေ ရှိသေးတာကြောင့် မုယွမ်ယောင်ကို နည်းနည်းပါးပါး ပြောဆိုဆုံးမပြီးနောက် သူမလူတွေကို ဝတ်ရုံယူသွားရန် အမိန့်ပေးလိုက်သည်။
မုယွမ်ယောင် စိတ်သက်သာစွာ သက်ပြင်းချလိုက်နိုင်ပြီး သူမမျက်နှာပေါ်ရှိ အပြုံးဟာ ပိုပေါ့ပါးသွားသည်။ သူမက မြေခွေးလေးကို အေးစက်စက်နဲ့ ကြည့်ပြီးနောက် လှည့်ထွက်ကာ အိပ်ရာပေါ်သွား အနားယူသည်။
“ဝူး…”
လှောင်အိမ်က သေးလွန်းပြီး နှင်းမြေခွေးလေးခမျာ အထဲတွင် လှည့်လို့တောင် မရချေ။ မုယွမ်ယောင်က သူ့ကို ဂရုမစိုက်တာမြင်တော့ လက်သည်းထုတ်ကာ လှောင်အိမ်ကို ခတ်ထားတဲ့ သော့အိမ်ကို ကုတ်ခြစ်လေသည်။
မုယွမ်ယောင် ဆူညံသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရ၏။ သူမ ထ၍ လှောင်အိမ်တံခါး ဖွင့်ပြီးနောက် မြေခွေးငယ်ရဲ့ ဂုတ်ပေါ်က အမွှေးကိုဆွဲကာ မ လိုက်သည်။
“မင်းသာ ရိုးဖြောင့်မယ်ဆို ငါ ကောင်းကောင်းမွန်မွန် မွေးထားမှာပါ။ ကလိမ်ကကျစ်ဆိုလို့ကတော့ မင်းရဲ့သားမွေးကိုစုတ်ပြီး ခြေသုတ်ကောဇော လုပ်ပစ်လိုက်မှာ”
အစကတည်းက နှင်းမြေခွေးသည် ရိုင်းစိုင်းပြီး ထိန်းသိမ်းမရသည့် စရိုက်လက္ခဏာရှိသည်။ အခု မုယွမ်ယောင် သူ့ကို ကောက်ချီလိုက်တော့ လက်သည်းဆန့်ထုတ်ကာ မုယွမ်ယောင်ရဲ့ မျက်နှာကို ကုတ်ခြစ်မည်ပြုသည်။
မုယွမ်ယောင် မျက်မှောင်ကြုတ်သွားပြီး သူမလက်နဲ့ မြေခွေးငယ်ရဲ့ လက်သည်းလေးချောင်းကို ဆုပ်ကိုင်ထားလိုက်သည်။ အရင်ကလိုပဲ သူမ မြေခွေးငယ်ရဲ့ မေးရိုးကို ဖိကိုင်ထားသည်။ ဒီတစ်ခါ စုချင် အနားမှာမရှိတော့ သူမ ချုပ်တည်းနေစရာမလိုဘဲ နှင်းမြေခွေးကို အသက်ရှူမရတဲ့အထိ တင်းတင်းကြပ်ကြပ် ဖိညှစ်လိုက်ရာ နှင်းမြေခွေး တစ်ကိုယ်လုံး တုန်ရီသွားသည်။
မီးတောက်လေး ငြိမ်ကျသွားတာကိုမြင်မှ မုယွမ်ယောင် နှင်းမြေခွေးကို စားပွဲပေါ်ချကာ လက်ဆန့်တန်းပြီး အမွှေးဖွသက်လျက်
“မင်း ငါ့နောက်လိုက်ပြီး အရသာရှိတာတွေ စားချင်လား၊ ဒါမှမဟုတ် ခြေသုတ်ခုံအတွက် မင်းကို အရေခွံစုတ်လိုက်ရမလား?”
နှင်းမြေခွေးက သူမစကားတွေကို အပြည့်အဝ နားမလည်နိုင်ပေမယ့် သူမစကားတွေထဲက ခက်ထန်ရင့်သီးမှုကို စူးစူးရှရှ ခံစားမိသည်။ ယင်းသည် အနည်းငယ် တုန်ယင်နေပြီး ဝိုးတဝါး ငိုညည်းတဲ့အသံပြုသည်။ သူ့ပုံပန်းသွင်ပြင်က အလွန်အင်မတန် နာခံနေပုံရသည်။
မုယွမ်ယောင်က အေးစက်တဲ့ ရယ်မောသံတစ်ခုသာ ထွက်ကာ သူ့လက်တွေကို လွှတ်ပေးပြီး ဘေးမှာ ရပ်နေသည်။
နှင်းမြေခွေးသည် စားပွဲပေါ်ကနေ ခုန်လျက် ပြတင်းပေါက်မှ ထွက်ပြေးသည်။ ကံမကောင်းစွာနဲ့ သူ တံခါးဆီ ရောက်ရောက်ချင်း လက်တစ်စုံရဲ့ တားဆီးခြင်းခံရကာ မုယွမ်ယောင်ထံ ခေါ်သွားခြင်းခံရသည်။
“သခင်မလေး သူ့ကို ချည်ထားချင်လား”
“သူ့ကို အဲ့ဒီလှောင်အိမ်ထဲ ပစ်ထည့်ထားလိုက်။ သူ ကောင်းကောင်းနေတဲ့အခါမှ အစာထပ်ကျွေးလိုက်”
“ဟုတ်ကဲ့ပါ သခင်မလေး”
ဒုတိယမြောက်နေ့တွင် စားပွဲပေါ်က မြေခွေးလေးကို ကျင်းချောင်မြင်ပြီး သူမမျက်လုံးထဲတွင် အံဩပျော်ရွှင်မှုနဲ့ ပြည့်သွားသည်။
“သခင်မလေး ဒါက မြေခွေးလား၊ တစ်ကိုယ်လုံး နှင်းလို ဖြူဆွတ်နေပေမယ့် အတော်လေး အဖိုးတန်မယ့်ပုံပဲ”
နှင်းမြေခွေးကို တစ်ညလုံး အပြင်ဘက်မှာ ကြိုးချည်ထားခဲ့ပြီးနောက် မနက်မိုးသောက်ချိန်မှ အခန်းထဲသို့ ပြန်ခေါ်လာခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းသည် ရေဆာသလို ဗိုက်လည်းဆာနေသည်။ ကျင်းချောင်က လက်လှမ်းလာတာကို မြင်တော့ မြေခွေးငယ်သည် သူမလက်ကို ကိုက်ချင်သည့်အတိုင်း အံခဲလို့နေသည်။ ကျင်းချောင် ထိတ်လန့်သွားပြီး လက်အမြန် ပြန်ဆုတ်လိုက်သည်။
မုယွမ်ယောင် ဒါကို မြင်ပြီးနောက် ပြုံးကာ
“မင်း သတိထားရမယ်၊ ဒီမြေခွေးက လူတွေ စားတယ်”
“သခင်မလေးက ဒီအစေခံကို နောက်နေတာပဲ၊ မြေခွေးတစ်ကောင်က ဘယ်လိုလုပ် လူကို စားမှာလဲ”
“လူတွေတောင် လူတွေကို စားသေးတာပဲ၊ မြေခွေးဆိုတာ ပြောမနေနဲ့”
မုယွမ်ယောင်က မျက်နှာသစ်၊ ပါးလုတ်ကျင်းပြီးနောက် လှောင်အိမ်ဆီ လျှောက်သွားကာ အထဲက နှင်းမြေခွေးကို ကြည့်လိုက်သည်။
“မင်း စဉ်းစားကြည့်ပြီးပြီလား”
နှင်းမြေခွေးက ကျောကိုင်းကာ ခြိမ်းခြောက်တဲ့ ဟိန်းဟောက်သံပေးသည်။
မုယွမ်ယောင်ကလည်း မမှုပါချေ။ သူမက ခေါင်းလှည့်ကာ ကျင်းလန်နဲ့ ကျင်းချောင်တို့ကို ညွှန်ကြားသည်။
“ဒင်းကို အစာမကျွေးနဲ့ ရေလည်းမတိုက်နဲ့”
“ဟုတ်ကဲ့ပါ၊ သခင်မလေး”
မုယွမ်ယောင်က မနက်စာ စားပြီးနောက် ကျင်းရှို့ဉယျာဉ်က ဖန်လုံအိမ်ဆီ သွားသည်။ ဒီနေ့ ပျိုနီပန်းဖူးလေး အရင်ကထက် အနည်းငယ် ပိုကြီးလာပြီး ပွင့်ဖတ်တွေရဲ့ အရောင်ကို ခပ်ရေးရေး မြင်ရလာသည်။ သူမက ဝါနေတဲ့ သစ်ရွက်တွေကို ဂရုတစိုက် တိဖြတ်ပြီး ဘေးက ခြင်းတောင်းငယ်ထဲ ထည့်လိုက်သည်။
ခြေသံတွေ တံခါးဆီ နီးကပ်လာသည်။ မုယွမ်ယောင် ခေါင်းလှည့်ကြည့်စရာ မလိုဘဲ ယွဲ့ဝမ်ဆိုတာ ပြောနိုင်ပါသည်။
“နင်းစစ်ယဲ့က ဖန်လုံအိမ်စိုက်ခင်းက ပန်းပွင့်တွေကို အမြတ်တနိုး ကြည့်ရတာ ဘာကြောင့် စိတ်ဝင်စားတာပါလဲ”
“အဲ့ဒီနှင်းမြေခွေးလေး ဘယ်လိုလဲ? ငါ အဲ့ဒီအကောင်လေးကို ယဉ်အောင်လုပ်ပေးမယ့်သူ တစ်ယောက်ယောက် ရှာပေးရမလား”
“မလိုပါဘူး။ ဒင်း အခု ကျွန်မအခန်းထဲမှာ ဗိုက်ဆာနေတာ၊ ထမင်းတစ်နပ်နှစ်နပ်လောက် အငတ်ခံခိုင်းတာ ပိုကောင်းတယ်”
မုယွမ်ယောင်က ခံစားချက်မဲ့စွာ ပြောသည်။
ယွဲ့ဝမ် အသာခေါင်းရမ်းသည်။
“အနောက်ပိုင်းကွမ်းတုံနယ်မှာ ဆောင်းရာသီက အခြားနေရာတွေထက် ပိုကြာပြီး ဒီရာသီမှာ မြွေတွေ တွေ့ရခဲတယ်။ နှင်းမြေခွေးတွေက ဆာလောင်မှုဒဏ်ကို အတော်လေး ခံနိုင်ရည်ရှိတယ်။ သူတို့ ပိုဗိုက်ဆာလေ ပိုရက်စက်ကြမ်းကြုတ်လေပဲ၊ အချို့က နာခံသဘောတူမဲ့အစား သေတဲ့အထိတောင် အငတ်ခံတတ်ကြတယ်။ သူတို့ကို ယဉ်ပါးအောင်လုပ်ဖို့ အရမ်းခက်ခဲတယ်”
မုယွမ်ယောင် ပြုံးလိုက်ရာ သူမအပြုံးသည် ထူးခြားစွာ ချိုမြနေသည်။
“ကျွန်မ သူ့ကို ယဉ်အောင် မလုပ်နိုင်ဘူးဆိုရင် သေတဲ့အထိ အငတ်ခံခိုင်းလိုက်မယ်။ အခြားသူတွေ သူ့ကို ထိန်းနိုင်မယ်ဆိုရင် နှင်းမြေခွေးကို ကျွန်မဘေးမှာ မထားဝံ့ပါဘူး။ အခြားသူတွေရဲ့ အမိန့်အောက်မှာ ရှိနေမလားဆိုတာ ဘယ်သူသိမှာလဲ”
ဒါက တကယ်ပဲ အကြောင်းရင်းအစစ်လား? ယွဲ့ဝမ် ခဏကြာ ရပ်တန့်သွားပြီးနောက် ထိုအကြောင်း ဆက်မပြောတော့ပေ။
“နီယွင်ဖန်းကို ချိုင်ယွဲ့ဆိုင်က ဖိနှိပ်ထားလို့ အခု ဆိုင်က အတော်လေး ခြောက်သွေ့နေတယ်ဆို”
“ဟုတ်ပါတယ်၊ မဟုတ်ရင် ကျွန်မ ဒီမှာ ပန်းပင်တွေ ပြုစုယုယနေဖို့ အချိန်ဘယ်ရှိပါ့မလဲ”
“ဒါပေမယ့် ကြည့်ရတာ မင်း အလျင်စလို ဖြစ်နေပုံမရဘူး”
မုယွမ်ယောင် ခေါင်းမော့ကာ ယွဲ့ဝမ်ကို ကြည့်လိုက်သည်။
“နင်းစစ်ယဲ့ ကျွန်မ တည့်ပဲပြောပါ့မယ်၊ နင်းစစ်ယဲ့က အခု ချိုင်ယွဲ့ဆိုင် ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ကျွန်မထက် ပိုကောင်းကောင်းသိတယ်လို့ ယူဆပါတယ်”
ကူကယ်ရာမဲ့သော အကြည့်သည် ယွဲ့ဝမ်မျက်လုံးတွေထဲ ဖြတ်သန်းသွားသည်။ မနေ့က သူ့အပြုအမူက သူမကို စိတ်ဆိုးသွားစေခဲ့တာကြောင့် သူမက အလွန်ရန်လိုနေတယ်ဆိုတာ သူသိပါသည်။ ထို့ကြောင့် သူ တိတ်တိတ်နေပြီး သူမ ပန်းလေးတွေ ပုံကျအောင် အကိုင်းဖြတ်နေတာကို ကြည့်နေဖို့ပဲ ဆုံးဖြတ်လိုက်သည်။
သူ မနေ့က အနီးကပ်ကြည့်ဖို့ အချိန်မရှိခဲ့တာကြောင့် ဒီနေ့ ပျိုနီပန်းရိုးတံတွေကို ထပ်ကြည့်တော့ တစ်ခုခုလိုနေသလို ခံစားလိုက်ရသည်။
“ဒါက… အရောင်နှစ်မျိုးပွင့်တဲ့အပင်လား?”
“နင်းစစ်ယဲ့ သဘောကျတယ်ဆိုရင် ကျွန်မ ပန်းတွေပျိုးပြီးတဲ့အခါ ပန်းအိုးတစ်အိုး ယူလာပေးပါ့မယ်”
သူမရှေ့က ပျိုနီပန်းတွေရဲ့ တန်ဖိုးကို မသိတဲ့အတိုင်း မုယွမ်ယောင်က သမားရိုးကျ တိုတိုတောင်းတောင်းသာ ပြောသည်။
မုယွမ်ယောင်က သူမရဲ့လမ်းဖောက်ဖို့ ပျိုနီပန်းတွေကို အသုံးပြုရန် ဘာကြောင့် ရွေးချယ်ခဲ့တယ်ဆိုတာ နောက်ဆုံးတော့ ယွဲ့ဝမ် နားလည်သဘောပေါက်သွားသည်။ သူမရှေ့က ပျိုနီပန်းအနည်းငယ် အောင်မြင်စွာ ပွင့်ဖူးလာခဲ့ရင် နေရာတိုင်းမှာ ရတနာတစ်ပါး ဖြစ်လာလိမ့်မည်။
သူတို့ စကားပြောနေချိန်တွင် ကျင်းချောင် ဝင်လာသည်။ သူမ ယွဲ့ဝမ်ကို မြင်တော့ အနည်းငယ် တုန့်ဆိုင်းသွားသည်။
“နှုတ်ဆက်ပါတယ်၊ သခင်နင်း။ နှုတ်ဆက်ပါတယ်၊ သခင်မလေး”
“ဘာဖြစ်လို့လဲ”
“သခင်မလေးကို တင်ပြပါတယ်။ ချိုင်ယွဲ့ဆိုင်ပိုင်ရှင် ထန်လင်က သခင်မလေးနဲ့ ပူးရှန့်လုံမှာ တွေ့ဆုံဖို့ ဖိတ်ကြားစာ ပို့လာပါတယ်”
မုယွမ်ယောင် မတ်တပ်ထကာ ဖိတ်ကြားစာကို ကြည့်လိုက်ပြီးနောက် ဘေးက သစ်ရွက်ခြောက်တွေနဲ့ ပြည့်နေတဲ့ ခြင်းတောင်းထဲကို ပစ်ထည့်လိုက်သည်။
“မင်း အခု ပြန်သွားလို့ရပြီ။ ငါ ဖျားနေတာ နှစ်ရက်လောက်ရှိပြီမလို့ ဧည့်သည်တွေနဲ့ တွေ့ဆုံဖို့ မသင့်တော်ဘူးလို့ သူ့ကို ပြောလိုက်”
“ဟုတ်ကဲ့ပါ သခင်မလေး”
ကျင်းချောင် ပြန်ပြောလာတာကို ကြားတော့ ထန်လင်ရဲ့ မျက်လုံးထဲမှ သူငယ်အိမ်ကျယ်သွားသည်။ သူ လှည့်ထွက်ကာ ရထားလုံးပေါ်တက်ပြီး ချိုင်ယွဲ့ဆိုင်ဆီ ပြန်လာခဲ့သည်။ ချိုင်ယွဲ့ဆိုင်ရှင်က သူ့ကို အမြန်လာရောက် ဆီးကြိုသည်။
“သူဌေး ပြန်လာပါပြီလား။ မုယွမ်ယောင်ကိုတွေ့ဖို့ သူဌေးဘာလို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရတာလဲ။ မိတ်ဆွေအရင်းအချာဖြစ်တဲ့ သခင်မချန်နဲ့ သခင်မကျောက်ကလွဲပြီး ဘယ်သူမှ သူ့ဆိုင်ဖွင့်ပွဲကို မသွားကြဘူး။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ချိုင်ယွဲ့ဆိုင်ရဲ့ အလှတရားစာအုပ်တွေကို အိမ်တော်အသီးသီးဆီ ပေးပို့ပြီးပြီ။ အတိုင်းနဲ့ချုပ်လုပ်ပေးဖို့ ပြန်လည် မှာကြားစာတွေလည်း လက်ခံရရှိနေပြီ။ နီယွင်ဖန်း ဆက်ပြီးတောင့်ခံနေနိုင်မှာ မဟုတ်တော့ဘူး”
ချိုင်ယွဲ့ဆိုင်ရှင်သည် သူ့ကိုယ်သူ အတော်လေး ကျေနပ်နေ၏။ နီယွင်ဖန်းမှာ ဧကရာဇ်ချီးမြှင့်ထားတဲ့ ရွှေဆိုင်းဘုတ်ရှိလည်း ဘာဟုတ်သေးလဲ။ ချိုင်ယွဲ့ဆိုင်က သူတို့အပေါ် ကျော်တက်သွားတာကြောင့် သူတို့ခေါင်းတောင် မမော့ရဲဘူးမဟုတ်လား။
ထန်လင်ရဲ့အမူအရာက နည်းနည်းလေးမျှ ပြေလျော့မနေပေ။
“မင်း သခင်လေးကို ဂရုစိုက်ဖို့ တစ်ယောက်ယောက် စေလွှတ်ပြီးပြီလား”
“ကျွန်တော် ငွေလျန်အချို့ ပေးပို့ဖို့ လူလွှတ်ထားပြီးပါပြီ။ သခင်လေး အဲ့ဒီမှာ ဘေးဒုက္ခခံစားရမှာ မဟုတ်ပါဘူး။ နှစ်ရက်နေရင် ကျွန်တော် တစ်ယောက်ယောက်ကို တိတ်တဆိတ် စေလွှတ်ပြီး သူ့ကို ပြန်ခေါ်ခိုင်းလိုက်ပါ့မယ်”
ထန်လင် ခေါင်းညိတ်သည်။
“နောက်ထပ် ရက်အနည်းငယ်ကြာတဲ့အထိ အနားမယူနဲ့ဦး။ ငါတို့တွေ နီယွင်ဖန်းကို အပြီးတိုင် ဖိနှိပ်ရမယ်”
“သူဌေး၊ ကျွန်တော်တို့ ချိုင်ယွဲ့ဆိုင်က အတော်လေး ကြွယ်ဝချမ်းသာပါတယ်။ ကျွန်တော်တို့ကို နီယွင်ဖန်းက ယှဉ်လို့မရဘူးဆိုပေမယ့် ကျွန်တော်တို့မှာ ဆိုင်းဘုတ် မရှိသေးဘူး။ ဧကရာဇ်က ကျွန်တော်တို့ဆိုင်ကိုလည်း အလားတူ ချီးမြှင့်မယ်လို့ ကောလာဟလတွေ ထွက်နေတယ်မလား။ ဒီဆုလာဘ်ကို ဘယ်အချိန်မှ လက်ခံရရှိမလဲ သိချင်မိတယ်”
“လှုပ်ရှားဖို့အတွက် ငါ လူတစ်ချို့ မြို့တော်ဆီ လွှတ်ထားပေမယ့် အချို့အချိတ်အဆက်တွေက ဖြတ်ကျော်ဖို့ အတော်လေး ဒုက္ခများတယ်။ ငါ စိတ်ရှည်ရှည်နဲ့ နည်းနည်း ထပ်စောင့်ဖို့ လိုသေးတယ်”
သို့သော် သူ စောင့်နေချိန်တွင် သတင်းဆိုးအချို့ ကြားလိုက်ရသည်။ ပထမတစ်ခုက ထန်ပါးဝမ် နယ်နှင်ဒဏ်ပေးခံရတဲ့ ဒေသမှာ အခြားသူတွေနဲ့ ရန်ဖြစ်ရာ အကျဉ်းသားနှစ်ယောက် လက်ချက်နဲ့ အသက်ဆုံးပါးသွားခြင်းဖြစ်သည်။ အဲ့ဒီနောက် ချိုင်ယွဲ့ဆိုင်က အရာရှိတွေကို လာဘ်ထိုးဖို့ လူလွှတ်သည့် ကိစ္စရပ် သတင်းပေါက်လာခဲ့သည်။ အကြောင်းရင်းအချို့ကြောင့် အထက်ဆင့် အရာရှိတစ်စု ပါဝင်ပတ်သက်နေသည်။ သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားကာ ဧကရာဇ်မင်းမြတ်၏ နားဝသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now