အပိုင်း ၂၃၇/အပိုင္း ၂၃၇

520 65 0
                                    

Unicode

အပိုင်း ၂၃၇ - ရိပေါင်ရွှမ်းဖွင့်ပွဲ


ယန်ကျိုးမြို့၌ တစ်လကျော်ကြာအောင် ဥယျာဉ်ကို ပြုပြင်ပြီးတဲ့နောက်မှာ ပူးရှန့်လုံဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲလိုက်ပြီဖြစ်သည်။ ဗျောက်အိုးတစ်ချို့ ချိတ်ဆွဲပြီးတဲ့နောက်မှာ စစ်ချာအယောက်ငါးဆယ်က ဘေးတစ်ဖက်တစ်ချက်မှာရပ်ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို ဥယျာဉ်ထဲသို့ ဦးဆောင်ခေါ်လာကြသည်။

ကျင်းလင်မြို့က ပူးရှန့်လုံရဲ့ ဂုဏ်သတင်းအကြောင်း သူတို့ ကြားဖူးပြီးသားဖြစ်၏။ ပူးရှန့်လုံကပို့လိုက်တဲ့ လက်ဖက်ရည်ကို ဧကရာဇ်တောင် သောက်တယ်ဆိုပြီး ကောလဟာလတွေရှိသည်။ ထိုအချက်တွေကြောင့် အရင်ဆုံး သူတို့ သွားပြီး တစ်ခွက်လောက် မြည်းစမ်းကြည့်ရမည်။

လေထုက အသက်ဝင်တက်ကြွနေချိန်တွင် ပူးရှန့်လုံနဲ့ မျက်ချင်းဆိုင်ရှိ ဆိုင်တစ်ဆိုင်က ဗျောက်အိုးတွေဖောက်ရင်း ခြင်္သေ့အကတွေနဲ့ ဖျော်ဖြေနေတာမို့ အချိန်ခဏကြာအောင် ပူးရှန့်လုံကို ဖိနှိပ်ထားခဲ့၏!

လူတွေ မနေနိုင်ဘဲ တစ်ဖက်ဆိုင်ကို ကြည့်လိုက်ကြတော့ အနီရောင်ပိုးချည်ထည် လိုက်ကာကို မ'တင်ပြီး တံခါးပေါ်က ရွှေရောင်ဆိုင်းဘုတ်ကြီးကို ဖော်ထုတ်လိုက်သည်အား တွေ့လိုက်ကြရသည်။ ရိပေါင်ရွှမ်း!

"ရိပေါင်ရွှမ်း… ရတနာဆိုင်လို့ ဆိုလိုတာမလား"

"ဒါပေမယ့် ပူးရှန့်လုံနဲ့ မျက်နှာချင်းဆိုင်မှာ လာဖွင့်ထားတာ၊ ဘယ်လိုကြည့်ကြည့် လက်ဖက်ရည်ဆိုင်ကြီးကျနေတာပဲ"

"ဘာပဲဖြစ်ဖြစ်ပေါ့ ဆိုင်ဖွင့်ထားမှတော့ တစ်ချက်လောက် ဝင်ကြည့်ကြည့်ရအောင်"
ဝူမင်ကျစ်လည်း အဖိတ်ကြားခံထားရသည်။ သူက ရိပေါင်ရွှမ်းရဲ့ ဝင်ပေါက်မှာရပ်နေတဲ့ ချီမင်ကိုမြင်တော့ သူ့မျက်လုံးထဲမှာ အေးစက်နေတာကို ကောင်းကောင်း သတိထားမိနေပြီး ရှေ့ထွက်ကာမေးလိုက်၏။
"လူကြီးမင်းချီလည်း ရောက်နေတာလား။ ပူးရှန့်လုံဆီက ဖိတ်စာရထားတယ် ထင်ပါရဲ့။ အတူတူဝင်ပြီး လက်ဖက်ရည်သောက်ရအောင်လေ"

ချီမင်ကလည်း ဝူမင်ကျစ်ကို နှုတ်ဆက်လိုက်၏။
"ခေါင်းဆောင်ဝူကို နှုတ်ဆက်ပါတယ်။ လက်ဖက်ရည်မသောက်တော့ပါဘူး၊ ကျုပ်မှာလည်း ရိပေါင်ရွှမ်းဖွင့်ဖို့ အလုပ်တွေရှုပ်နေတာ။ အခု ခင်များသာ ရတနာတွေ၊ လက်ဝတ်လက်စားတွေဝယ်ဖို့ ရိပေါင်ရွှမ်းကို လာခဲ့ရင် ကျုပ် ထိပ်တန်းလုံကျင်းလက်ဖက်ရည်နဲ့ ဧည့်ခံပါ့မယ်။ ခေါင်းဆောင်ဝူ စိတ်ဝင်စားရင် ဇနီးသည်အတွက် ဆိုင်မှာ အဝတ်အစားတွေ လာဝယ်နိုင်ပါတယ်၊ နီယွင်ဖန်းက အဝတ်တွေထက် မနိမ့်ကျစေရပါဘူး"
ဝူမင်ကျစ်ရဲ့မျက်လုံးတွေ တောက်ပသွားပြီး ဖိတ်စာကို တခြားတစ်ယောက်အား ပေးလိုက်သည်။ သူက ရိပေါင်ရွှမ်းဆီ လျှောက်လာရင်း ပြောလိုက်၏။
"လူကြီးမင်းချီရဲ့ အဝတ်တွေနဲ့ အသုံးအဆောင်တွေက တကယ်ကို တင့်တယ်လှပါတယ်။ ဒါပေမယ့် နီယွင်ဖန်းပိုင်ရှင်ငယ်လေးရဲ့ လက်ရည်က လောကမှာ ပြိုင်ဘက်ကင်းပြီး သာမန်လူ‌တွေအတွက် ယှက်ပြိုင်ဖို့ ခက်ခဲတယ်ဆိုပဲ"

"သူ့လက်ပန်းထိုးအရည်အသွေးက တကယ်ကောင်းပါတယ်။ ဒါပေမယ့် သူက သိထားသမျှ အကုန်လုံးကို မထိမ်ချန်ပဲ ဖြန့်ဝေပေးထားတော့ တစ်ဖက်မှာ ဂုဏ်သတင်းတက်လာပေမယ့် တစ်ဖက်မှာတော့ သူ့အတွက် အထိအခိုက်လေးတစ်ချို့ ရှိတာပေါ့။ ကျုပ်ရှာထားတဲ့ ပန်းချည်ထိုးသမတွေက နီယွင်ဖန်းက လူတွေထက်တော့ မညံ့နိုင်ပါဘူး။ ကျုပ် ယုံကြည်ချက်ရှိပါတယ်"

"လူကြီးမင်းချီက ဆားလုပ်ငန်းလုပ်တာ မဟုတ်ဘူးလား။ ဘာလို့ ရိပေါင်ရွှမ်းထောင်ချင်သေးတာလဲ"

ချီမင်က ရယ်မောပြီး တမင်သက်သက် စကားလွှဲလိုက်၏။
"အပျော်သက်သက်ရယ်ပါ။ မျက်နှာပန်းမလှပါဘူး။ ခေါင်းဆောင်ဝူကို ဟာသတွေတွေ့စေမိပြီ"

ထိုအရာကိုမြင်တော့ ဝူမင်ကျစ်က ဆက်မမေးတော့ပေ။ အဲ့ဒီအစား သူက အဝတ်အစားတွေ အများကြီးရွေးပြီး အိမ်တော်သို့ ပြန်သယ်သွားသည်။

နောက်ပိုင်းမှာ ချီမင်က ငွေကိုရေလို သုံးခဲ့သည်။ ရိပေါင်ရွှမ်းက ပစ္စည်းတွေကို ဝယ်ယူတဲ့သူတိုင်းအား လုံကျင်းလက်ဖက်ခြောက်တွေ အလကားပေးသည်။ သူက ငွေဘယ်လောက်ကုန်ကုန် လက်မတွန့်ခဲ့ပြီး အဲ့တာက ပူးရှန့်လုံရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့သည်။
နောက်ပိုင်းမှာတော့ ချီမင်ရဲ့ နောက်ကွယ်ရှိ ပထမမင်းသားက နီယွင်ဖန်းကို သဘောမကျဖြစ်နေပြီး နီယွင်ဖန်းကို ဖိနှိပ်ခိုင်းထားသည်ဟူ၍ ကောလဟာလတွေ ထွက်လာသည်။ ချိုင်ယွဲ့ဆိုင် ချိတ်ပိတ်ခံရတာကလည်း နီယွင်ဖန်းနဲ့ ဆက်စပ်မှုရှိနေ‌သည်တဲ့လေ။


ပထမမင်းသားက ချိုင်ယွဲ့ဆိုင်ကိုဆွယ်ပြီး သူ့အိတ်ကပ်ထဲ ချိုင်ယွဲ့ဆိုင် ရောက်လာအောင် ကြံရွယ်နေတာဖြစ်၏။ သို့ပေမယ့် ချိုင်ယွဲ့က နီယွင်ဖန်းနဲ့ ပတ်သက်မိပြီး လက်ပန်းထိုးနည်းတွေ ကူသင်ပေးပြီးတဲ့နောက်မှာ ဧကရာဇ်ရဲ့အမျက်ကို ဆွမိသွားပြီး ချိတ်ပိတ်ဖို့အထိ အမိန့်ချခံလိုက်ရ၏။

ထို့ကြောင့် ပထမမင်းသားက နီယွင်ဖန်းကို အမျက်ထွက်နေခဲ့သည်။ ဧကရာဇ်ရဲ့ ရွှေရောင်ဆိုင်းဘုတ် ရှိနေတဲ့ဆိုင်ကို လူသိရှင်ကြား ဖြုတ်ချလိုက်လို့ မဖြစ်တာမို့ နီယွင်ဖန်းကိုဖိနှိပ်ဖို့ ဆိုင်တစ်ဆိုင် ဖွင့်လိုက်သည်တဲ့လေ။ ကောလဟာလတွေအရ ရတနာဆိုင်တစ်ဆိုင်က ကျင်းလင်းရှိ နီယွင်ဖန်းနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ထားပြီး လုပ်ငန်းကလည်း အောင်မြင်နေသည်တဲ့။
ပန်းခန်းမထဲမှာ ဝူမင်ကျစ်က စားပွဲရဲ့ထိပ်မှာ ထိုင်‌နေပြီး ချောင်မိသားစုနဲ့ ဝေမိသားစုတို့လည်း ရှိနေသည်။ ဝူမင်ကျစ်က လက်ဖက်ရည်ခွက်ကိုချရင်း ပြောလာ၏။
"ညီအစ်ကိုချောင်နဲ့ ညီအစ်ကိုဝေတို့ ကျုပ် ဘာလို့ဖိတ်လိုက်လဲဆိုတာ သိလောက်မယ် ထင်ပါတယ်။ ဆားအခွန်စစ်ဆေးဖို့ ဧကရာဇ်လွှတ်လိုက်တဲ့သူက လျန်ကျန်းဘုရင်ခံ လီယွမ်ယီပဲ။ သူက ပထမမင်သားရဲ့ဝမ်းကွဲမို့ ပထမမင်းသားနဲ့ တစ်ဖွဲ့တည်း။ ကျန်းနန်မှာ ရုန်းရင်းဆန်ခက်တွေ ဖြစ်လာတော့မှာ။ ကျုပ်တို့သာ သွေးကြောကို ဆုပ်ကိုင်မထားနိုင်ဘူးဆိုရင် ဖြုတ်ချခံရမယ့်ထဲ ပါသွားနိုင်တယ်"

"ညီအစ်ကိုဝူရဲ့ စကားတွေက ဆီလျော်တယ်။ ဒါပေမယ့် ဘာလုပ်သင့်လဲဆိုတာအတွက် ကျုပ်တို့မှာ အစီအစဉ်သိပ်မရှိဘူး"

ဝူမင်ကျစ်က ခဏတွေးနေရင်း
"ချီမင်ဆိုတဲ့လူကို ဘယ်လိုမြင်လဲ"

ဒီရက်တွေထဲ ချီမင်ရဲ့လုပ်ရပ်တွေကို သူတို့အားလုံး သိထားပြီး ထင်မြင်ချက်တွေကလည်း များပြားနေ၏။
"ချီမင်ယူလာတဲ့ ပျိုနီပင်က သာမန်မဟုတ်ဘူး။ ဒီလိုပန်းမျိုး ရှာနိုင်တယ်ဆိုတာ အရင်းအမြစ်တွေ ကြွယ်ဝပြီး အရည်အချင်းနဲ့ ငွေကြေးအရလည်း အထင်မသေးသင့်တဲ့လူ ဆိုတာကို ပြနေတယ်"

"အခုလည်း ရိပေါင်ရွှမ်းထောင်ပြီး ရက်အနည်းငယ်နဲ့ လျန်သိန်းဂဏန်းလောက်ထိ သုံးနေတာ။ သူကြည့်ရတာ အတားအဆီးမဲ့၊ အထိန်းအကွပ်မဲ့ လုပ်နေတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူက တော်တော်လေး စေ့စေ့စပ်စပ်ရှိပြီး ရည်ရွယ်ထားတဲ့ ပန်းတိုင်ကလည်း ရှိတယ်။ ပူးရှန့်လုံဆိုင်ရှင်တောင် သူ့ကြောင့် အထိအခိုက်တွေ ရှိနေပြီ။ ကျုပ်တော့ ဒီလိုပုံစံမျိုး တစ်ခါမှ မကြားဖူးဘူး။ မိသားစုကြီးတစ်ခုက သေချာလေ့ကျင့်ပေးထားတဲ့လူမျိုး ဖြစ်နိုင်တယ်"
ဝူမင်ကျစ်က မျက်မှောင်ကြုတ်ရင်း
"ကျုပ် သံသယဖြစ်နေတာက သူပေါ်လာတာက အတော်လေး အချိန်ကိုက် ဖြစ်နေလွန်းတာကိုပဲ။ ဆားခွန်စစ်ဆေးမယ့်သူက လီယွမ်ယီလို့ ကျုပ်တို့ သတင်းရခါစ ရှိသေးတယ်၊ သူက ကျုပ်တို့ဆီ ဖိတ်စာကဒ်ပို့လိုက်ပြီးပြီ။ နောက်ထပ် လှုပ်ရှားမှုကကျ အတော်လေး လူသိရှင်ကြားဖြစ်တာမို့ ဖုံးကွယ်ထားဖို့ စိတ်မဝင်စားတဲ့ပုံပဲ။ ကျုပ်တို့ကို မထီမဲ့မြင်ပုံစံနဲ့ မြင်နေတာကို ကြည့်ရရင် နောက်ခံက တော်တော်လေး မြင့်မားနိုင်တယ်"

"ညီအစ်ကိုဝူရဲ့ စကားတွေကို နားထောင်ရင်း ကျုပ်တော့ ပိုပြီးတောင် မသေချာသလို ဖြစ်လာပြီ။ ချီမင်က အဲ့ဒီလူ စေလွှတ်လိုက်တာများ ဖြစ်နိုင်မလား"

တိုက်ရိုက်မပြောပေမယ့် သူ ရည်ညွှန်းတဲ့သူက မြို့တော်မှာရှိတဲ့ ပထမမင်းသား ‘လင်းဝမ်’မှန်း အကုန်နားလည်ကြသည်။

ဝူမင်ကျစ်က ခဏလောက် တိတ်ဆိတ်နေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ဂရုစိုက်ဆက်ဆံတာပေါ့။ တကယ်ပဲ စေလွှတ်လိုက်တဲ့သူ ဖြစ်နေရင် ကျုပ်တို့ သူ့ကို မှီခိုလို့ရနိုင်တယ်။ ဂရုစိုက်တာက မမှားနိုင်ပါဘူး"

"ညီအစ်ကိုဝူပြောတာ ကျိုးကြောင်းသင့်တယ်။ ဘာလုပ်ရမလဲဆိုတာ ကျုပ်တို့ကို လမ်းညွှန်ပေးပါဦး"

"ကျုပ်တို့ ချီမင်ကို သေချာလေး စောင့်ကြည့်ရမယ်။ လူတွေကို ခဏလောက်ထိန်းထားပြီး သူနဲ့ ပဋိပက္ခမဖြစ်စေနဲ့။ နောက်ပြီး ဆားအခွန်ကိစ္စကို အနည်းနဲ့အများ ပေါက်ကြားလာအောင် လူလွှတ်စုံစမ်းရမယ်။ ကျုပ်တို့နဲ့ လာမပတ်သတ်နေဖို့တော့ အရေးကြီးတယ်။ အဲ့လိုသာဆို တစ်ခုခုဖြစ်ခဲ့ရင် သက်သေလည်း ရှိတော့မှာမဟုတ်ဘူး"

"ကောင်းပါပြီ ကျုပ် ချက်ချင်းလုပ်လိုက်ပါ့မယ်"

ဝူမင်ကျစ်က ခေါင်းညိတ်ပြီး တည်ကြည်စွာ ပြောလေသည်။
"ဆောင်းတွင်းမှာနှင်းထူပြီး ဆားဈေး မငြိမ်မသက်ဖြစ်‌တတ်လို့ ကျုပ်တို့ ဆားတွေအများကြီး စုဆောင်းထားတာ။ နောက်ပြီး အရင်ကဆားခွန်မှာလည်း လိုငွေတွေပြနေတာမို့ ကျုပ်တို့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ ငွေဆိုတာ ဝင်စမြဲ၊ထွက်စမြဲပါပဲ။ ကျုပ်တို့ လီယွမ်ယီရဲ့ စံမံခန့်ခွဲတဲ့ပုံစံကို မမှန်းဆနိုင်တာမို့ သူ့ဆီကနေ ကျုပ်တို့ ဘယ်လောက်ထိ အကျိုးအမြတ်ရနိုင်မလဲ မသိသေးဘူး။ ကုန်ပစ္စည်းတွေကို စမ်းသပ်စစ်ဆေးဖို့ကလည်း ငွေအများကြီးလိုတယ်။ ဒါ့ကြောင့်မို့ ဒီတစ်ခေါက် တရားဝင်ဆားနာမည်ရဲ့ အကူအညီနဲ့ ကျုပ်တို့လက်ထဲမှာရှိတဲ့ ကိုယ်ပိုင်ဆားတွေကို သေချာဝှက်ထားဖို့တော့ လိုမယ်။ ဘယ်လိုအမှားမှ လုပ်မိလို့မဖြစ်ဘူး။ မဟုတ်ရင် ဒီတစ်ခေါက် ကြီးကြီးမားမား နစ်နာသွားနိုင်တယ်"

"ကျုပ်တို့က ကိုယ်ပိုင်ဆားကို ပမာဏများများ မသယ်ပို့ထားပေမယ့် လက်ထဲမှာ ငွေတော်တော်များများ ရှိနေတယ်။ အရင်က ဆားအခွန်ကလည်း နည်းနည်းပဲပေးရတာမို့ လီယွမ်ယီ လာစစ်ဆေးရင် တစ်ချက်ကြည့်တာနဲ့ လွဲနေမှန်း သိနိုင်တယ်။ အဲ့ဒါကိုဖြေရှင်းဖို့ ကျုပ်တို့ ငွေတော်တော်များများ ထုတ်မှဖြစ်မယ်"
ဆားကုန်သည်တွေက ချမ်းသာပေမယ့် ငွေက အဆုံးအသတ် မရှိတာတော့ မဟုတ်ဘူး။ ငွေတော်တော်များများ သုံးမိတိုင်း စိတ်ဓာတ်ကျရသည်။ တွေးကြည့်မိတော့ အကြံကောင်းပေါ်လာ၏။ အစိုးရပိုင် ဆားပမာဏ များများဝယ်ပြီး သယ်ယူနေရင်း အဲ့ဒီတရားဝင်ဆားသင်္ဘောကြီးက မတော်တဆ မှောက်သွားရင် ဆားတွေက ရေထဲမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားလိမ့်မည်။ အဲ့လိုဆို လိုငွေပြနေတဲ့နေရာမှာ ဆားဝယ်ခြင်းဆိုပြီး အမည်တပ်နိုင်သွားလိမ့်မယ်။ ငွေလည်းကုန်သွားသလို ဆားလည်း ရေထဲရောက်သွားပြီ။ တကယ့်အခြေအနေမှာဆို ဘယ်သူက မြစ်ထဲထိသွားပြီး စစ်ဆေးနိုင်မှာတဲ့လဲ?

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now