အပိုင်း ၂၀၃/ အပိုင္း ၂၀၃

632 62 0
                                    

Unicode

အပိုင်း ၂၀၃

ပျော်ကြပါးကြပြီးနောက် ကောင်းကင်ယံသည် တဖြည်းဖြည်း မှောင်ရီပျိုးလာပြီး စုချင်လည်း ကောင်းကင်ဘုံကို ပူဇော်ဖို့ အခြားအရာတွေ ပြင်ဆင်ရင်း တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။ မုယွမ်ယောင်ကတော့ ပြတင်းပေါက်နားမှာ ထိုင်ကာ အပြင်က နှင်းလူရုပ်ကိုငေးရင်း သေလောက်အောင် ပျင်းရိနေလေသည်။ ဒါပေမယ့် ယွဲ့ဝမ်က သူမစဉ်းစားနေတာကို မသိဘဲ ဆက်၍ တိတ်ဆိတ်နေသည်။

အပြင်က ဗျောက်အိုးနဲ့ မီးရှူးမီးပန်းဖောက်သံတွေ တစ်သံပြီးတစ်သံ ညံစီလို့နေလေသည်။ စုချင်၊ အထိန်းတော်ချင်းနှင့် အခြားသူတွေက အမွှေးတိုင်ထွန်းဖို့ ပြင်နေကြ၏။ လူ တွေက ခြံဝန်းထဲ ရောက်ရှိလာကာ သူတို့ရဲ့ တောင်းဆုတွေကို ကောင်းကင်ဘုံဆီ မြွက်ကြားကြသည်။ မုယွမ်ယောင် အပေါ်ရုံဝတ်မထားပေ။ သူမ အခန်းထဲက ထွက်ထွက်ချင်း အအေးဓာတ်ကြောင့် ချမ်းတုန်သွားပြီး စိတ်ထဲကနေ သက်ပြင်းချမိလိုက်သည်။ ဆင်းရဲတဲ့ဘဝကနေ ချမ်းသာသွားရင် နေသားကျဖို့ လွယ်ပေမယ့် ချမ်းသာတဲ့ အခြေအနေကနေ ဆင်းရဲမွဲတေသွားရင် ပင်ပန်းခဲယဉ်းတယ်လို့ လူတွေပြောကြတယ်။ ရှေးလူကြီးတွေက အပိုပြောခဲ့တာ မဟုတ်ဘူးပဲ။ သူမ အရင်ဘဝကို ပြန်စဉ်းစားကြည့်ရင် နှင်းထဲမှာ ယက်ကန်ယက်ကန်နဲ့ ထင်းရှာခဲ့ရသည်။ မဟုတ်ရင်င် အဘွားကြီးလီက သူမကို ထမင်းကျွေးမှာ မဟုတ်ပေ။ ထိုအချိန်တုန်းက အေးစက်မာကြောနေတဲ့ ပြောင်းဖူးမုန့်ပေါင်းက သူမအဖို့ အလွန်အင်မတန် အရသာရှိခဲ့သည်။ အခုတော့ အေးစက်တဲ့လေ တိုက်ရင်ကိုပဲ အလွန်မသက်မသာ ခံစားရသည်။

မုယွမ်ယောင်ရဲ့ပုံစံ ခဏ ညှိုးကျသွားတာကို ခံစားမိတဲ့ ယွဲ့ဝမ်က သူမကို တိတ်တဆိတ် တစ်ချက် ကြည့်လိုက်ပြီးနောက် ခြေလှမ်းကျဲကြီးတွေနဲ့ သူမဘေး လျှောက်လာကာ မြောက်အရပ်က လာနေတဲ့ လေအေးတွေကို ကာပေးလိုက်သည်။

သူမဆီ တိုက်ခတ်နေတဲ့ လေအား ရုတ်တရက် လျော့နည်းသွားတာကို မုယွမ်ယောင် ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်တဲ့အခါ သူမနဲ့ မလှမ်းမကမ်းမှာ ရပ်နေပြီး ဘာခံစားချက်မှမရှိတဲ့ မျက်နှာနဲ့ ကန်တော့ပွဲကို စိုက်ကြည့်နေတဲ့ ယွဲ့ဝမ်ကို တွေ့လိုက်ရသည်။ သူမ အရေးစိုက်မနေတော့ဘဲ စုချင်နောက်မှာရပ်ကာ ကောင်းကင်ဘုံကို အရိုအသေပေးလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now