အပိုင်း ၂၁၅/ အပိုင္း ၂၁၅

554 54 0
                                    

Unicode

အပိုင်း ၂၁၅ - ထန်ပါးဝမ် ပြဿနာရှာပြန်ပြီ
မုယွမ်ယောင်ရဲ့မျက်နှာ အနည်းငယ် နီမြန်းသွားပြီး အနည်းငယ် ရှက်ရွံ့နေပုံရသည်။
“ကျွန်မက ပိုက်ဆံရနိုင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားနေရုံပါ။ အထိန်းတော်ချင်း ချီးကျူးရလောက်အောင် မဟုတ်ပါဘူး”
“မိန်းကလေးမုကို ကျုပ် အရင်တစ်ခါက ပေးထားတဲ့ လက်ဝတ်ရတနာကိုဝတ်တာ တစ်ခါမှ မမြင်ဖူးဘူး။ အဲ့ဒီပုံစံမျိုးတွေကို မနှစ်သက်လို့လား? မိန်းကလေးမုကြိုက်တာ တစ်ခုခုရှိရင် ကျုပ် တခြားနေရာတွေကနေ ရှာပေးဖို့ ယွီယိကို ပြောလို့ရတယ်”
“ဒီလောက် အရည်အသွေးကောင်းတဲ့ ခေါင်းပန်ရတနာလေးကို ကျွန်မ ဘယ်လိုလုပ် မကြိုက်ဘဲရှိမှာလဲရှင်၊ ကျွန်မအဖေ ကွယ်လွန်သွားတာ သုံးနှစ်တောင် မပြည့်သေးတာမလို့ အဲ့လိုအရာကို ဒီတိုင်း မပန်ဝံ့တာပါ။ ကျွန်မ လူကြီးမင်းကို အထင်လွဲစေမိပြီ”
အထိန်းတော်ချက်ချင်း သဘောပေါက်သွားပြီး စိတ်ထဲတွင် ချီးကျူးမိသည်။
“မိန်းကလေးမုက ရိုးရှင်းပြီး ကျက်သရေရှိတဲ့ အဝတ်အစားတွေ ဝတ်တာပဲ အမြဲတမ်း မြင်တွေ့ရတာ မထူးဆန်းပါဘူး။ ဒါက အကြောင်းရင်း ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ ကျုပ်ကို ခွင့်လွှတ်ပါ”
“ကိစ္စမရှိပါဘူး၊ အထိန်းတော်ချင်း မစိုးရိမ်ပါနဲ့။ ရက်တွက်ကြည့်ရင် နင်းစစ်ယဲ့ အခုချိန်လောက်ဆို အနောက်တိုင်းကွမ်းတုံဒေသဆီ ရောက်လောက်ပြီ မဟုတ်လား”
“ဟုတ်ပါတယ်၊ ဝမ်ရယ် မကြာခင် ရောက်တော့မှာပါ။ မိန်းကလေး စိတ်မပူပါနဲ့၊ နင်းစစ်ယဲ့ အနောက်ပိုင်းကွမ်းတုံဒေသမှာ အစစအရာရာ ဖြေရှင်းပြီးရင် ပြန်လာမှာပါ”
“…”
ယွီယိ ဝင်လာတာကြောင့် မုယွမ်ယောင် ပြောမလို့လုပ်နေတဲ့ စကားစပြတ်သွားသည်။
“နှုတ်ဆက်ပါတယ်၊ သခင်မလေးမု၊ ဆိုင်ရှင်ချင်း။ ချိုင်ယွဲ့ဆိုင်ရဲ့ သခင်လေးထန်ပါးဝမ် လက်ဖက်ရည်သောက်ဖို့ လာပါတယ်။ သူက လက်ဖက်ရည်က အတုလို့ ပြောနေပါတယ်။ လူတစ်ယောက် အဆိပ်မိပြီး သေသွားပါတယ်။ ပြဿနာတွေ ဖြစ်ကုန်ပါပြီ”
မုယွမ်ယောင် အမြန်ပဲ ထသွားသည်။
“လမ်းပြ၊ တစ်ချက်သွားကြည့်ရအောင်”
ရေပူစမ်းအလယ်တွင် ထန်ပါးဝမ်ရဲ့ နောက်လိုက်က မြေပေါ်မှာ လဲကျနေသည်။ သူ့မျက်နှာက ဖြူဖျော့ပြီး ပါးစပ်က အမြှုပ်ထွက်နေ၏။ ဘေးကစားပွဲကို မှောက်ထားပြီး လက်ဖက်ရည်တွေ ကြမ်းပြင်ပေါ် ပေပွနေသည်။ လက်ဖက်ရည်ဖျော်တဲ့ တာဝန်ရှိသူက စစ်ချာမင်ယင်းဖြစ်ပြီး သူမလက်မောင်းက သွေးတွေစီးကျနေကာ မြေပြင်ပေါ် လဲနေ၏၊ သူမ သေချာပေါက် ထိခိုက်ဒဏ်ရာရထားသည်။
မုယွမ်ယောင် ဝင်လာလာချင်း ထိုင်ခုံပေါ်မှာ အောင်နိုင်သူအပြုံးနဲ့ မိန့်မိန့်ကြီး ထိုင်နေတဲ့ ထန်ပါးဝမ်ကို တွေ့လိုက်ရသည်။ သူက စိတ်အားထက်သန်စွာနဲ့ တံခါးပေါက်ရှိရာဆီ ကြည့်နေပြီး သူမ ဝင်လာတာ မြင်တာနဲ့ ချက်ချင်း မတ်တပ်ထလိုက်သည်။ သူ့အမူအရာက ရုတ်တရက် ဒေါသအသွင်ပြောင်းသွားကာ ဒေါသတကြီး ပြောလာသည်။
“မုယွမ်ယောင်၊ အရင်က ငါတို့တွေ ပဍိပက္ခရှိခဲ့ကြတယ်ဆိုပေမယ့် မင်း လူတွေကို အဆိပ်ခတ်ဖို့ အမိန့်ပေးလို့တော့ မရဘူးလေ။ အခြားလူတွေကိုသတ်ဖို့ အရှက်မရှိ ပြောင်ပြောင်တင်းတင်း အကွက်ချတာက ခေါင်းဖြတ်သေဒဏ်ကျခံရမယ့် အပြစ်ပဲ။ အခုချက်ချင်း ငါ…”
မုယွမ်ယောင်က ယီယိကို လှည့်ကြည့်ကာ ထန်ပါးဝမ်ပြောနေတာကို ကြားဖြတ်လိုက်သည်။
“အစိုးရရုံးဆီသွားပြီး ဒါကိုတိုင်ကြားချေ၊ ထန်ပါးဝမ်က တမင်သက်သက် လက်စားချေဖို့ ပူးရှန့်လုံရဲ့ စစ်ချာကို ဒဏ်ရာအနာတရ ဖြစ်စေပြီး ကောက်ကျစ်စွာနဲ့ လက်ဖက်ရည်ကို အဆိပ်ခတ်ပါတယ်ဆိုပြီး လုပ်ကြံစွပ်စွဲတယ်လို့ ပြောလိုက်၊ ငါတို့အတွက် တရားမျှတမှုရရှိဖို့ လူကြီးမင်းကျောက်ကို ကျေးဇူးပြုပြီး တောင်းဆိုခဲ့!”
မုယွမ်ယောင်က သူ့ထက်တောင်ပိုပြီး တင်းမာတဲ့သူဖြစ်မယ်လို့ ထင်မထားခဲ့ပေ။ သူ့မျက်လုံးထောင့်တွေ ချက်ချင်း တွန့်သွားပေမယ့် သူ့နောက်လိုက် သေသွားပြီဖြစ်တာကို မြင်ပြီး သူ့ရဲ့ ဆိုးယုတ်တဲ့ အစီအစဉ်ကို တွေးတောရင်း သူ့စိတ် အနည်းငယ် ငြိမ်ကျသွားသည်
“မုယွမ်ယောင် လေလုံးထွားမနေနဲ့၊ မင်းက ဒီအကြောင်းကို အရာရှိတွေဆီ တိုင်ကြားချင်တယ်တဲ့လား? ကောင်းပြီ ငါနဲ့ အကြံတူနေတာပဲ။ ငါက မင်းဘယ်လောက် ယုတ်မာပြီး တမင်သက်သက် လက်တုန့်ပြန်ပြီး ပိုက်ဆံအတွက် လူသတ်တာကို သိသွားအောင် လူကြီးမင်းကျောက်နဲ့ ကျင်းလင်မြို့က လူတွေအကုန်လုံးကို လာကြည့်စေချင်နေတာ”
ယွီယိက အမိန့်ရတာနဲ့ ချက်ချင်းလှည့်ကာ ထွက်ခွာသွားသည်။ အရာရှိဆီမတိုင်ခင် သူက ထန်ပါးဝမ်တစ်ယောက် စည်းကျော်ပြီး မုယွမ်ယောင်ကို ထိခိုက်စေခဲ့သည်ရှိသော်ဆိုပြီး လျိုလျန်ကို လာခဲ့ဖို့ အကြောင်းကြားခဲ့သည်။
ဒီက ရုတ်ရုတ်ရက်ရက် ဖြစ်နေတာတွေက လူအတော်အတန်ရဲ့ အာရုံစိုက်မှုကို ခံရပြီးဖြစ်သည်။ ထိုအချိန်တွင် ဧည့်သည်အများက ဒီမြင်ကွင်းကိုကြည့်ဖို့ စုဝေးလာကြပြီးဖြစ်၏။
ထန်ပါးဝမ်ကို မြင်တဲ့အခါ လူတိုင်းမနေနိုင်ဘဲ ရွံ့ရှာမှုကို ခံစားမိကြသည်။ ဒီလူက မိန်းကလေးမုဆီ အရင်က ပြဿနာလာရှာဖူးပြီး နောက်ဆုံးမှ လအနည်းငယ်ကြာ ငြိမ်သွားခဲ့သည်။ သူ ထပ်ပြီး ပြဿနာလာရှာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?
နာမည်ကြီးလာတဲ့ ချိုင်ယွဲ့ဆိုင်အကြောင်း တွေးမိတဲ့အခါ သူတို့ ခန့်မှန်းမိပါသည်။ ထန်ပါးဝမ်က ချိုင်ယွဲ့ဆိုင်အားကိုးနဲ့ မိန်းကလေးမုဆီလာပြီး အရင်က ကိစ္စအတွက် လက်စားလာချေတာ ဖြစ်ပုံရတယ်။
မုယွမ်ယောင်က ရှေ့တိုးလာကာ မြေကြီးပေါ်လဲကျနေတဲ့ စစ်ချာကို ကူညီသည်။
“မင်ယင်း၊ မင်း အဆင်ပြေရဲ့လား”
“ကျေးဇူးတင်ပါတယ် သခင်မလေး၊ ကျွန်မ အဆင်ပြေပါတယ်။ ဒဏ်ရာသေးသေးလေး ထိခိုက်မိသွားရုံပါ”
မင်ယင်းကပြောရင်း သူမ အင်္ကျီလက်ကို မတင်ကာ လက်မောင်းပေါ်က ဒဏ်ရာအရှည်ကြီးကို ပြသသည်။ သူမလက်မောင်းက ဖြူဖွေးသွယ်လျပြီး ဒဏ်ရာက အရှည်ကြီး ခြစ်မိထားတာဖြစ်ပြီး သွေးတွေ ထွက်နေသည်။ တကယ် ထိတ်လန့်ဖွယ်ဖြစ်ပြီး လူအုပ်ကို အံ့ဩသံတွေ ညံစံသွားစေသည်။
“ထန်ပါးဝမ် ရှင်က တကယ် သူများကို နာကျင်အောင် လုပ်ရဲတယ်၊ သိပ်ကို အတင့်ရဲ့ပါလား”
ထန်ပါးဝမ်က မင်ယင်းရဲ့လက်မောင်းပေါ်က ဒဏ်ရာကိုကြည့်ပြီး ချက်ချင်း မျက်လုံးပြူးသွားသည်။ သူက မင်ယင်း ဒုက္ခပေးမှာကြောက်ပြီး မြေကြီးပေါ် တွန်းချလိုက်ရုံဖြစ်ပြီး သူမကို နာအောင်မလုပ်ခဲ့ပေ။ သူမက သူ့ကို ဒုက္ခတကယ်ဖြစ်စေမယ်လို့ မထင်ထားခဲ့ချေ။
“နင် ခွေးမ၊ ငါ ဘယ်တုန်းက နင့်ကို ထိခိုက်အောင် လုပ်လို့လဲ!”
မင်ယင်း အနည်းငယ် တုန်ယင်သွား၏။ သူမအမူအရာတွင် ကြောက်ရွံ့မှုတွေ ပြည့်နေပြီး မနေနိုင်ဘဲ မုယွမ်ယောင်ရဲ့ အနောက်ကို ရွှေ့သွားမိသည်။ သူမရဲ့ ဖြူဖျောနေပြီးသား မျက်နှာက ပို၍ပင် ဖြူဖျော့သွားသည်။
လူအုပ်ဆီက ဝေဖန်ချက်တွေလည်း ပိုပြီးကျယ်လောင်လာသည်။
“ထန်ပါးဝမ်၊ ငါတို့ မိန်းကလေးမင်ယင်းဘက်က သက်သေလိုက်ပေးမှာ၊ ငါတို့ သေချာပေါက် မင်းကို အပြစ်ပေးဖို့ လူကြီးမင်းကျောက်ကို တောင်းဆိုရမယ်”
“မင်းတို့အားလုံး မျက်လုံးကန်းနေလား? ငါ့နောက်လိုက်တွေ ဒီခွေးမရဲ့ လက်ဖက်ရည်သောက်ပြီး ပါးစပ်မှာ အမြှုပ်တွေထနေတာ မမြင်ဘူးလား။ စကားကို ဒီလို ကပြောင်းတိကပြောင်းပြန် ပြောရဲကြသေးတယ်? တစ်ယောက်ယောက် တကယ်သေသွားရင် မင်းတို့အားလုံး ကြံရာပါတွေပဲ”
ထန်ပါးဝမ်က ဘေးပတ်လည်က စားသုံးသူတွေကို ရက်စက်တဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်သည်။
“လွန်ခဲ့တဲ့နှစ်ဝက်လုံး ငါတို့တွေ ပူးရှန့်လုံဆီ ခဏတိုင်း လက်ဖက်ရည် လာသောက်နေတာ၊ လက်ဖက်ရည်မှာ ဘာပြဿနာမှ မရှိဘူး။ အရမ်းကောင်းတာ၊ မိန်းကလေးမင်ယင်းက မင်းနောက်လိုက်ကို ဘာလို့အဆိပ်ခပ်ရမှာလဲ?”
“သေချာပေါက် သူမက အရင်ကအရာတွေအတွက် လက်စားချေတာ ဖြစ်မှာပေါ့၊ အဲ့ဒီတုန်းက ချိုင်ချင်းအတွက်နဲ့ ငါ့စကားက မုယွမ်ယောင်ကို အခက်တွေ့စေခဲ့လို့ သူမစိတ်ထဲမှာ အမုန်းတရားတွေ ကိန်းအောင်းနေခဲ့တာ၊ အခု ငါ လက်ဖက်ရည်သောက်နေတာ မြင်တော့ ငါ့ကိုသတ်ဖို့ မင်ယင်းကို အဆိပ်ခတ်ခိုင်းခဲ့တာပဲ။ ထင်မထားဘဲ မင်းက နေရာမှားပို့ခဲ့ပြီး ငါ့နောက်လိုက်ကို သောက်ခိုင်းမိလိုက်တာ။ ငါ ကံကောင်းလို့ အသက်ရှင်တာ၊ ကောင်းကင်ဘုံရဲ့ ကာကွယ်ပေးမှုကြောင့် ထင်ပါရဲ့၊ သူတို့က ကောက်ကျစ်တဲ့သူ အောင်မြင်တာကို မရှုစိမ့်လို့လေ”
မုယွမ်ယောင်ရဲ့ အမူအရာကို ထန်ပါးဝမ် မျက်စိဆွေစောင်းကြည့်သည်။ သူမမျက်နှာက တည်ငြိမ်နေတာမြင်ပြီး သူ့စိတ်ထဲက အမုန်းတရားတွေ ပိုပိုတိုးပွားလာသည်။ သူ့အဖေက သူ့ကိုပစ်ပယ်ပြီး ထောင်ထဲမှာ သုံးလကြာ ခံစားစေခဲ့၏။ ဤအမုန်းတရားသည် ရင်နဲ့မမျှပေ၊ အခု ချိုင်ယွဲ့ဆိုင်ရဲ့ အကျိုးဆောင်မှုက နီယွင်ဖန်းထက် သာလွန်ကောင်းမွန်သွားပြီဆို‌တော့ သူ စိုးရွံ့နေဖို့ မလိုတော့ချေ။
အတိတ်က အမုန်းတရားနဲ့ အခု အမုန်းတွေပေါင်းပြီး သူတို့ လက်စားချေတာ ဖြစ်ကောင်းဖြစ်မည်။
မုယွမ်ယောင် ကျင်းလန်လက်ထဲက အဖြူရောင် ပတ်တီးလိပ်ကိုယူပြီး မင်ယင်းရဲ့လက် သွေးတိတ်အောင် ယာယီပတ်တီးစီးပေးပြီးနောက် မေးလိုက်သည်။
“မိန်းကလေးမင်ယင်း၊ ဒီကိစ္စရပ်က ထန်ပါးဝမ် ပြောသလိုပဲလား”
မင်ယင်း နှုတ်ခမ်းကို ဖိကိုက်ပြီး အမြန်ခေါင်းခါသည်။
“ကျေးဇူးပြုပြီး ဒီကိစ္စကို ရှင်းလင်းပေးပါ သခင်မလေး၊ ထန်ပါးဝမ်က အဖြူနဲ့အမဲ ပြောင်းပြန်လှန်ပြီး ရည်ရွယ်ချက်ရှိရှိ ကျွန်မကို ချောက်ချတာပါ။ သူ ဒီကို လက်ဖက်ရည်သောက်ဖို့ ရောက်လာတာသိတော့ ကျွန်မ အမြဲတမ်း ဂရုတစိုက်နဲ့ သူ့ကို တည်ခင်းဧည့်ခံခဲ့တာပါ။ သူ ပူးရှန့်လုံကို ထပ်ပြီး ဒုက္ခပေးမှာ စိုးရိမ်ပေမယ့် ကျွန်မကို ပြက်ရယ်ပြုဖို့ သူ တစ်ခုခု ပြောခဲ့ပါတယ်။ သူ ပူးရှန့်လုံမှာ ရုတ်ရုတ်သဲသဲ ဖြစ်စေပြီး တခြားဧည့်သည်တွေကို ထိခိုက်မှာ ကြောက်တဲ့အတွက် ဘာမှမပြောဘဲ သည်းခံနေခဲ့ပေမယ့် ထင်မထားခဲ့ဘဲ သူက ကျွန်မကို ထိပါးလာပြီး ကျွန်မကို တစ်ခုခုမကောင်းတာလုပ်ဖို့ သူ့နောက်လိုက်တွေကို ညွှန်ကြားပါတယ်။ ကျွန်မ အကူအညီ‌ အော်ခေါ်ဖို့လုပ်တော့ နောက်လိုက်က မြေကြီးပေါ် လဲကျသွားပြီး ပါးစပ်က အမြှုပ်တွေ ထွက်လာတာပါ…”
မင်ယင်း ပြောရင်း မျက်ရည်တွေ တပေါက်ပေါက် ကျလာခဲ့သည်။
“ဘာဖြစ်သွားခဲ့တာလဲ ကျွန်မ တကယ်မသိပါဘူး။ ကျွန်မ လက်ဖက်ရည်ကို အဆိပ်မခတ်ခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပြီး အပြစ်ကင်းကြောင်း သက်သေပြပေးပါ၊ သခင်မလေး…”
ဒါကိုကြားတော့ လူတိုင်း မင်ယင်းကို ဂရုတစိုက် ဆန်းစစ်ကြည့်ကြသည်။ ထိုအခါမှ သူမ အဝတ်အစားနဲ့ ဆံပင်က အနည်းငယ် ပုံပျက်နေတာကို သူတို့ သတိထားမိကြသည်။ အထူးသဖြင့် သူမ အင်္ကျီလက်နေရာတွေနဲ့ ကိုယ်အရှေ့ခြမ်းက အဝတ်အစားတွေ။ ဆွဲခံထားရတဲ့ ခြေရာလက်ရာတွေ သိပ်ကို ထင်ရှားသည်။
“အဲ့ဒီထန်ပါးဝမ်ဆိုတဲ့သူက အရင်ကလည်း အမှန်တရားကို ပြောင်းပြန်လှန်ဖို့ လာခဲ့သေးတယ်။ အခု သူ့နည်းလမ်းတွေက ပိုပိုပြီးတောင် ရက်စက်ကြမ်းကြုတ်လာတယ်။ သူ နောက်ကျ သေချာပေါက် လူကြီးမင်းကျောက်ရဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းခံရမယ်”
“အခု ချိုင်ယွဲ့ဆိုင်က အရှိန်ကောင်းကောင်းနဲ့ လက်ပန်းထိုးနည်းတွေ သင်ပေးနေတော့ သူ့ကို အပြစ်ပေးချင်ရင်တောင် သတိထားရမှာ စိုးရတယ်။ ပြောရရင် အစကတည်းက မိန်ကလေးမုက စိတ်သဘောထား ကြင်နာပေမယ့် သူမလုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ ဒါကြောင့် အတိတ်က ရန်ငြှိုးကိုတောင် ဂရုမစိုက်ဘဲ လူအများ အကျိုးဖြစ်ဖို့ လက်ပန်းထိုးနည်း ဝေမျှတာကို ချိုင်ယွဲ့ဆိုင်ဆီ ယုံကြည်ပုံအပ်ပေးတယ်။ ဒါပေမယ့် ချိုင်ယွဲ့ဆိုင် ဒီနေ့လိုဖြစ်လာဖို့ သူ မမျှော်လင်ခဲ့ပေမယ့် ပြန်ပြီး ဖိနှိပ်တယ်တဲ့၊ ချိုင်ယွဲ့ဆိုင်ရှင်က ဒီကြင်နာမှုကို သူ့အညှိုးအတေးတွေနဲ့ ပြန်ပေးဆပ်တာပဲ!”

“အရင်က ချိုင်ယွဲ့ဆိုင်ရှင်က တိတ်တဆိတ် ပိုက်ဆံထုတ်ပေးပြီး လူတစ်ယောက်အသက်ကို အတင်းအကြပ် ယူခဲ့တယ်။ ဒီကနေ ချိုင်ယွဲ့ဆိုင်က ကောင်းတဲ့နေရာ မဟုတ်ဘူးဆိုတာ ငါတို့ မြင်နိုင်တယ်။ အဲ့ဒီဆိုင်မှာ ပိုပြီးတော့တောင် ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တွေ ရှိရင်ရှိဦးမှာ”
“ဘယ်သူသိနိုင်မှာလဲ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now