အပိုင်း ၂၄၀/ အပိုင္း ၂၄၀

369 47 0
                                    

Unicode

အပိုင်း ၂၄၀ - ယွဲ့ဝမ်စိတ်ကို မခန့်မှန်းနဲ့
မင်ယင်းက မုယွမ်ယောင်ပေးတဲ့စာအုပ်ကို ဂရုတစိုက် ဖတ်နေပေမယ့် သေချာနားမလည်နိုင်ပေ။ နားလည်တဲ့နေရာကျလည်း သိပ်မရှင်းသလို ရေးထားတာကလည်း နည်းနည်းလေးသာ။ စာအုပ်မှာက လက်ဖက်ရည်ဆက်သချိန်မှာ လန်ဟွားလက်ပုံစံကို ဘယ်လိုကြည့်ကောင်းအောင် ထားသင့်ပုံ၊ လမ်းလျှောက်‌တဲ့အခါမှာ စကပ်ကို ဘယ်လိုကျက်သရေရှိရှိ လွှဲယမ်းသင့်ပုံ စသည်ဖြင့် သတိထားသင့်တဲ့ အရာတွေကို ဖော်ပြထား၏။ ဖတ်ပြီးတဲ့နောက် သတိကြီးကြီထားပြီး ထိုပုံစံတွေအတိုင်း လိုက်နာပေမယ့် ရံဖန်ရံခါတော့ အမှားတွေလုပ်မိသည်။
အချိန်အကြာကြီး လေ့လာပြီးနောက်မှာတောင် မင်ယင်းက တကယ့်အနှစ်သာရကို နားမလည်နိုင်သေးတော့ စာအုပ်ကိုင်ပြီး မုယွမ်ယောင်ကို သွားမေးလေသည်။
"သခင်မလေး ကျွန်မ စာအုပ်ထဲကဟာတွေကို မှတ်ပြီးပါပြီ။ ဒါပေမယ့် နားမလည်တာတွေ အများကြီးရှိသေးတယ်။ သခင်မလေး ကျွန်မကို သင်ပြပေးဖို့ တောငိးဆိုပါတယ်"
မင်ယင်းတစ်ယောက် မုယွမ်ယောင်ကို ထပ်တွေ့ရတော့ စိတ်လှုပ်ရှားနေ၏။ သူမကိုယ်သူမလညိး စိတ်ထဲမှာ တိတ်တိတ်လေး ဆဲရေးနေ၏။ သခင်မလေးနဲ့ သူမ နှစ်ယောက်လုံးက မိန်းကလေးတွေ၊ ပြီးတော့ အသက်လည်းမပြည့်သေးတာကို ဘာလို့ အရမ်းဆွဲဆောင်မှုရှိတယ်လို့ ထင်‌နေရတာလဲ။
မုယွမ်ယောက် ပြန်ဖြေရန်ပြုစဉ် တံခါးခေါက်သံကို ကြားရလိုက်သည်။
"နင်းစစ်ယဲ့က သခင်မလေးနဲ့ ကျင်းရှို့ဥယျာဉ်မှာ ဆွေးနွေးချင်လို့ပါတဲ့ သခင်မလေး"
"ကောင်းပြီ အဝတ်လဲပြီးတာနဲ့ လာခဲ့မယ်"
မုယွမ်ယောင်က ဆားအခွန်ကိစ္စကြောင့် ဖြစ်မယ်လို့ တွေးလိုက်မိတော့ နည်းနည်းလေးမှ မနှောင့်နှေးရဲတော့ဘဲ အဝတ်လဲပြီးတာနဲ့ ကျင်းရှို့ဥယျာဉ်က ယွဲ့ဝမ်ရဲ့ စာကြည့်ဆောင်ဆီ ထွက်လာခဲ့၏။
"စစ်ယဲ့ကို နှုတ်ခွန်းဆက်ပါတယ်။ ဘာဆွေးနွေးချင်တာလဲသိပါရစေ"
ယွဲ့ဝမ်က ခေါင်းမော့ကြည့်လာသည်။ သူ့ရဲ့ကြည်လင်နေတဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အလင်းတစ်ခု ဖြတ်ပြေးသွားသည်။
"မင်း မင်ယင်းကို သင်ကြားပေးနေတယ်ကြားလို့ ငါလည်း အတူတူ စောင့်ကြည့်ချင်တယ်။ ပြောရရင် ဒီကိစ္စက အရမ်းအရေးကြီးတော့ လီယွမ်ယီသာ မူမမှန်တာတစ်ခုခု ရှာတွေ့သွားရင် ငါတို့အတွက် ရှေ့ဆက်တိုးဖို့ အဆင်ပြေမှာမဟုတ်ဘူး"
"စစ်ယဲ့စကားတွေက ကျိုးကြောင်းဆီလျော်ပါတယ်။ အခုပဲ မင်ယင်းကလည်း ကျွန်မကို မသိတာတွေ မေးချင်နေတာဆိုတော့ သူ့ကို ဒီလာခိုင်းလိုက်ပါ့မယ်"
ယွဲ့ဝမ်က ခေါင်းညိတ်၏။
"ကောင်းပြီ"
"နှုတ်ခွန်းဆက်ပါတယ် သခင်"
မင်းယင်က ယွဲ့ဝမ်ကိုတွေ့တော့ ချက်ချင်း ဒူးထောက်အရိုအသေပေးသည်။ သူမအမူအရာကလည်း ရိုသေလေးစားသမှုဖြင့် ပြည့်နေ၏။ မုယွမ်ယောင်က မင်ယင်းရဲ့ပုံစံကြည့်ရင်း စိတ်ထဲတွေးတော့နေသည်။ ယွဲ့ဝမ်ကို တစ်ယောက်တည်း၊ ဒါမှမဟုတ် အထိန်းတော်ချင်း၊ ယွိဟိန်၊ ယွီယိတို့နဲ့ပဲ တွေ့ဖူးခဲ့သည်။ သူတို့တွေက ယွဲ့ဝမ်အပေါ်မှာ ယဉ်ကျေးကြတယ်ဆိုပေမယ့် ကိန်းကြီးကိန်းခမ်းမဟုတ်ဘဲ သမားရိုးကျပဲ ဆက်ဆံသည်။ အခုက ပထမဆုံး‌အနေနဲ့ ယွဲ့ဝမ်ကို လက်အောက်ငယ်သားတစ်ယောက်က နှုတ်ဆက်တာကို တွေ့ရခြင်းပင်။ ကြည့်ရုံနဲ့တင် မင်ယင်းက ယွဲ့ဝမ်ကို စိတ်ရင်းနဲ့ ရိုသေလေးစားမှန်း သိနိုင်၏။
"ထပါ၊ မင်း မိန်းကလေးမုကို တစ်ခုခု မေးချင်နေတာမလား၊ အခုမေးလိုက်ရတယ်"
မင်ယင်းက အလျင်အမြန် ခေါင်းညိတ်ပြီး သူမအမူအရာကလည်း ပိုပြီးတည်ငြိမ်လာသည်။
"ဒီအစေခံ သခင်မလေးကို မေးချင်တာက စာအုပ်ထဲကအနှစ်သာရကို ဘယ်လိုဆုပ်ကိုင်ရမလဲဆိုတာပါ"
"မင်း စာအုပ်ထဲက အကြောင်းအရာ အကုန်လုံးကို မှတ်ပြီးပြီလို့ ကြားလိုက်သလားလို့"
"ဟုတ်ကဲ့ ကျွန်မ စိတ်ထဲနှလုံးသားထဲထိ မှတ်သားပြီးပါပြီ"
မုယွမ်ယောင်က ခေါင်းညိတ်ကာ
"ဒါဆိုရင် မင်း နောက်ထပ် ဆက်လုပ်ရမှာက စာအုပ်ထဲမှာ မြင်ခဲ့သမျှ အကုန်လုံးကို မေ့ပစ်လိုက်ဖို့ပဲ"
မင်းယင်က ပဟေဠိဖြစ်သွားပြီး
"ကျွန်မ အခုလေးတင် မှတ်ခဲ့တာမို့ ဘယ်လိုလုပ် မေ့ပစ်လို့ရမှာလဲ သခင်မလေး"
"စာအုပ်ထဲက အကြောင်းအရာတွေကို မေ့ခိုင်းတာမဟုတ်ဘူး၊ စာအုပ်ထဲမှာ မြင်ခဲ့တာတွေကို မေ့ခိုင်းတာ။ ဒီလိုနည်းနဲ့ပဲ စာအုပ်ထဲကလို လိုက်လျောညီထွေဖြစ်ပြီး လှုပ်ရှားမှုတိုင်းက တခြားသူတွေကို လှည့်စားမယ့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြနိုင်မှာ။ ဒီနည်းနဲ့ပဲ တခြားသူကို စိတ်ရှုပ်ထွေးအောင်လုပ်နိုင်မှာ"
မင်ယင်းက သေချာတွေးကြည့်နေပြီး တစ်ခုခုကို နားလည်သွားသလို ခံစားလိုက်ရ၏။ သဲကွဲအောင် လုပ်ချင်ပေမယ့် အခုထိ မဖမ်းဆုပ်‌နိုင်သေးတာမို့
"အတင့်ရဲမိလို့ ခွင့်လွှတ်ပေးပါ သခင်မလေး။ တစ်ခေါက်လောက် လက်ဖက်ရည်ပြန်ကျိုပြလို့ရမလား သခင်မလေး"
မုယွမ်ယောင်က လက်ခံ၏။
"ကောင်းပြီ ထပ်လုပ်ပြမယ်၊ ဒီတစ်ခေါက် အရှိန်နှေးပေးပြီး အသေးစိတ် ရှင်းပြပေးမှာမို့ သေချာလေး ဂရုစိုက်ထား။ ပိုနားလည်နိုင်အောင်လုပ်"
မင်ယင်းက အလျင်အမြန် ခေါင်းညိတ်၏။
"ကျေးဇူးတင်ပါတယ် သခင်မလေး"
အထိန်းတော်ချင်းက လက်ဖက်ရည်လုပ်ဖို့ ပစ္စည်းတွေ ယူလာပေးသည်။ သူက မင်ယင်းကို အသိအမှတ်ပြုသလို ကြည့်နေပြီး ယွီဟိန်ထဲက နှုတ်ထားတဲ့လစာကို မင်ယင်းကို ပေးရင်ကောင်းမလားလို့ တွေးနေ၏။
မုယွမ်ယောင်က ထိုင်ကာ အင်္ကျီလက်အနေအထားကိုပြင်ဖို့ လက်ကို ညင်ညင်သာသာ မြှောက်လိုက်သည်။
"ကျော်ကြားတဲ့ ညှိ့ယူတတ်တဲ့ အတတ်ပညာက လူတွေရဲ့အမြင်ကို ရှုပ်ထွေးစေဖို့လို့ ကြားဖူးတယ်။ ဒီနည်းလမ်းက လူတွေကို ခဏတာလောက် မွေ့လျော်သွားစေတယ်၊ စွဲမက်စေတဲ့အထိကို ဖြစ်သွားစေနိုင်တယ်။ ဒါပေမယ့် အဆုံးသတ်ရလဒ်က နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်စေနိုင်တယ်။ တကယ့်ညှို့ယူခြင်း အတတ်ပညာက လူတွေရဲ့စိတ်ကို ရှုပ်ထွေးသွားအောင် လုပ်တာပဲ။ ဒီနည်းကပဲ လူတွေကို ရူးသွပ်စွဲလမ်းပြီး ချစ်ခင်စုံမက်သွားစေနိုင်တာ။ လူတွေက သူ့ကို မင်းကလူလိမ်ပါလို့ ဘယ်လောက်ပြောပြော၊ မင်း သူ့အသည်းကို ဘယ်လောက်ခွဲခွဲ မင်းငိုနေတာကို မကြည့်ရက်နိုင်တဲ့အထိလေ"
မင်ယင်းက မုယွမ်ယောင် အင်္ကျီလက်ကိုပြင်ပြီး ရေနွေးကျိုတာကအစ လှုပ်ရှားမှုတိုင်းကို စီးမျောကြည့်နေသည်။ သူမနှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားပြီး ပုံမှန်ထက် နက်နဲလာသည်။ သူမရဲ့ ပေါ့ပေါ့ပါးပါး လုပ်ကိုင်နေတဲ့ပုံစံကိုက တစ်မူထူး‌ခြားနေ၏။ စိတ်လှုပ်ရှားတဲ့ခံစားချက်က သူမရင်ထဲ နောက်တစ်ကြိမ် ထပ်ရောက်လာပြီး သူမရဲ့လက်စားချေမှုတွေ ပြီးဆုံးသွားရင် မုယွမ်ယောင်ဘေးနားမှာ အစေခံအဖြစ် နေနိုင်မလားဟု တွေးနေသည်။ သခင်မလေးမုဘေးနားမှာ နေရတာက သူမကို ပြီးပြည့်စုံသွားစေတယ်လို့ ခံစားရစေ၏။
မုယွမ်ယောင်က ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ဇွန်းနဲ့ လက်ဖက်ခြောက်ခတ်ပြီး လက်ဖက်ရည်ခွက်ထဲ ထည့်လိုက်သည်။ သူမက ခေါင်းမော့ပြီး မင်ယင်းကို ကြည့်လိုက်ပေမယ့် ယွဲ့ဝမ်ရဲ့အကြည့်နဲ့ ရုတ်တရက် ဆုံမိသွားပြီး နှလုံးခုန်နှုန်းမှားသွား၏။
ထိုအခိုက်မှာ ယွဲ့ဝမ်က မုယွမ်ယောင်ကို အာရုံအပြည့်စိုက်ပြီး ကြည့်နေတာဖြစ်၏။ အခုက သူ လုံးဝမမြင်ဖူးသေးတဲ့ မုယွမ်ယောင်ပင်။ သူမရဲ့မျက်ခုံးက ကွေးညွှတ်နေပြီး တောက်ပမှုက လှိုင်းထနေ၏။ မျက်နှာလေးက ပန်းရောင်သန်းနေပြီး ပြစ်ချက်ကင်းစွာနဲ့ လှပနေကာ စကားလုံးတွေ အဆက်မပြတ်ထွက်နေတဲ့ နှုတ်ခမ်းမှာ အပြုံးက တွဲချိတ်ထားသေးသည်။ လက်ချောင်းထိပ်လေးတွေကလည်း အနည်းငယ် ကော့ညွတ်နေသေး၏။ သူမရဲ့ လှုပ်ရှားမှုတိုင်းက ယွဲ့ဝမ်ကို ညှို့ယူနေပြီး အနောက်ကွမ်းတုံက နှင်းမြေခွေးဒဏ္ဍာရီကို ပြန်အမှတ်ရသွားစေသည်။ မြေခွေးက စိတ်ဝိညာဉ်နဲ့ မွေးဖွားလာပြီး ကောင်းကင်နဲ့မြေကြီးရဲ့ အဆီအနှစ်တွေကို စုပ်ယူနိုင်သည်။ နှင်း‌မြေခွေး လူအဖြစ်သို့ ပြောင်းလဲသွားတဲ့အခါရောက်ရင် လူသားတွေအားလုံးကို ဆွဲဆောင်‌နိုင်လေသည်။ လက်ရှိမုယွမ်ယောင်က နှင်းမြေခွေးရဲ့ လူသဏ္ဍာန် ဖြစ်နေ၏။
သူမကိုကြည့်ရင်း ယွဲ့ဝမ်ရဲ့ ပုံမှန်ဆိုတည်ငြိမ်နေတဲ့ နှလုံးသားက ရုတ်ချည်း ဂဏာမငြိမ်ဖြစ်လာပြီး ဗုံသံလို ကျယ်လောင်စွာ မြည်ဟီးနေ၏။ ရင်ထဲမှာ ထိပ်ထိပ်ပျာပျာ ဖြစ်လာပြီး ရင်ဘက်ကို လက်နဲ့ဖိအုပ်ထားချင်သည်အထိ ဖြစ်လာသည်။
ထိုအခိုက်မှာ မုယွမ်ယောင်က သူမအပြုအမူ‌က မသင့်တော်သလို ဖြစ်သွားမှန်း နားလည်သွားသည်။ သူမရင်ဘက်ထဲလည်း အသက်ရှုရခက်လာပြီး မျက်နှာက ရဲတွတ်လာကာ ဂရုမစိုက် လုပ်လိုက်မှုကြောင့် စိတ်ထဲမှာလည်း နောင်တတွေပြည့်နေသည်။
ထိုကဲ့သို့ မျက်နှာရဲတွတ်လာမှုက ယွဲ့ဝမ်နှလုံးသားကို ကျောက်တုံးကြီးကြီးတစ်ခု ပစ်ထည့်လိုက်သည့်အတိုင်း၊ တုန်ရီသွားပြီး သူကိုယ်သူ အလျင်အမြန် ဖိအားပေးကာ အကြည့်လွှဲလိုက်ရသည်။
မင်ယင်းတစ်ယောက် တံတွေးမျိုချမိရုံတစ်ပါး ကျန်တာမလုပ်နိုင်။ လူတွေက လှပတဲ့အရာတွေကို အမြဲတောင့်တခဲ့ကြပြီး အခုချိန်မှာတော့ မုယွမ်ယောင်က သူမရဲ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခုလိုဖြစ်ပြီး သူမကို ပုံမှန်နီးကပ်ချင်လာအောင် ဆွဲဆောင်နေ၏။ သူမ မထိန်းနိုင်ဘဲ ရေရွတ်မိလေသည်
"သခင်မလေး…"
ထိုအသံက စာကြည့်ဆောင်ထဲရှိ စွဲမက်ဖွယ်လေထုကို တိုက်ရိုက်ချိုးဖြတ်လိုက်၏။ မုယွမ်ယောင်က ဘာမှမဖြစ်ခဲ့သလို လက်ဖက်ရည်ဇွန်းကို အောက်ချလိုက်ပြီး ပုံမှန်အတိုင်းပြုံးကာ
"မင်ယင်း ငါအခုလုပ်ခဲ့တာတွေကို မှတ်မိလား"
မင်ယင်းက ရှက်ပြီး ခေါင်းငုံ့သွားသည်
"သခင်မလေးမု ဒီအစေခံ စိတ်လွတ်သွားမိလို့ပါ။ တောင်းပန်ပါတယ်…."
"ဘာမှမဖြစ်ဘူး၊ နောက်တစ်ခေါက် ထပ်ကြည်ပေါ့"
မင်ယင်းက အတော်လေး ရှက်သွားသည်။ သူမနဲ့ လီယွမ်ယီကြားမှာ မဖြေရှင်းနိုင်တဲ့ သွေးကြွေးတွေရှိနေတာမို့ သူမ မြန်မြန်ဆန်ဆန် သင်ယူပြီး ထိုသူနဲ့ တွေ့တဲ့အခါကျ အမှားမလုပ်မိအောင် နေချင်သည်။ သို့ပေမယ့် အခု မုယွမ်ယောင် သင်ပြလာတော့ကျ သူမက စိတ်လွတ်သွားပြန်၏။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုဆက်သွားတော့မှာလဲ။ ထိုအတွေးတွေကြောင့် သူမက တိုက်ရိုက် ဒူးထောက်ချလိုက်ပြီး
"သခင်မလေး ကျွန်မ တကယ်ကြိုးစားပါ့မယ်…"
မုယွမ်ယောင်က ရှေ့တိုးလာပြီး သူမကို ထစေသည်။
"ရပါတယ်၊ စိတ်လွတ်သွားမိတာ ဘာမှမဖြစ်ပါဘူး။ မင်း ဖြည်းဖြည်းချင်း သင်ယူလို့ ရတာပဲကို။ မင်းစိတ်ရှုပ်ထွေးနေရင် အနားယူဖို့ အပြင်ထွက်ရအောင်လေ၊ ငါမင်းနဲ့အတူ လမ်းလျှောက်ပေးမယ်။ ဘယ်သူသိမှာလဲ စိတ်ရှင်းသွားရင် ဆရာမလိုဘဲနဲ့‌တောင် နားလည်ရင်နားလည်သွားမှာ"
သူမက စကားပြောပြီးပြီးချင်း မင်ယင်းနဲ့အတူ အပြင်ထွက်လာခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now