အပိုင်း ၂၅၄/ အပိုင္း ၂၅၄

327 43 0
                                    

Unicode

အပိုင်း ၂၅၄ - ရွှေရုပ်လေး မုယွမ်ယောင်
လျိုလျန် ငွေစာရွက်တွေနဲ့ ကျင်းလင်မြို့ဆီ အမြန်ပြန်လာခဲ့သည်။ မုယွမ်ယောင်က သူမအခန်းအလယ်က အိုးထဲမှာ စိုက်ထားတဲ့ ထင်ရှူးပင်အပုမျိုး တစ်ပင်ကို ပြုစုဂရုစိုက်နေသည်။ လျိုလျန်ပြန်လာပြီဆိုပြီး ကျင်းလန်ပြောလာတာကို ကြားလိုက်ရချိန်တွင် သူမလက် မတည်မငြိမ် ဖြစ်သွားပြီး ထင်းရှူးရဲ့ ကိုင်းအတိုလေးတစ်ခုကို ကတ်ကြေးနဲ့ ဖြတ်လိုက်မိပေမယ့် သူမ ဂရုမစိုက်ချေ။ သူမက ကတ်ကြေးတွေကိုသာ ဘေးကို လွှင့်ပစ်လိုက်ပြီး အမြန်ပြောသည်။
“လျိုလျန်ကို အထဲခေါ်လိုက်”
သူက ခြေလှမ်းကျဲတွေနဲ့ အထဲဝင်လာပြီး ဒူးညွှတ်ကာ မုယွမ်ယောင်ကို အရိုအသေပေးသည်။
“နှုတ်ဆက်ပါတယ် သခင်၊ ကိစ္စရပ်တွေ ချောမွေ့စွာနဲ့ တိုးတက်လာပါပြီ”
မုယွမ်ယောင် မတ်တပ်ထလိုက်သည်။ သူမစိတ်က တည်ငြိမ်နေပေမယ့် စိတ်လှုပ်ရှားမှုကြောင့် ပါးအို့တွေ နီလာခဲ့သည်။
“မင်း ပစ္စည်းပြန်ယူလာခဲ့လား?”
“ဟုတ်ကဲ့”
သူ့နောက်ကျောပေါ်က ကျောပိုးအိတ်ကို ချွတ်လိုက်ပြီး လက်ရာပြောင်မြောက်လှတဲ့ သစ်သားသေတ္တာတစ်ခု ထုတ်လိုက်သည်။ သေတ္တာက အလွန်ကြီးမားပြီး အတော်လေး လေးပုံရသည်။
မုယွမ်ယောင်က ကျင်းလန်နဲ့ ကျင်းချောင်းတို့ကို အပြင်ထွက်သွားစေပြီးမှ သေတ္တာကို ဖွင့်သည်။ ငွေစက္ကူတွေ အပြည့်ပါတာကို မြင်တော့ သူမအပြုံးက ပို၍ပင် တောက်ပလာခဲ့သည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ငွေက တစ္စေကိုတောင် ကြိတ်ဆုံလှည့်အောင် စေခိုင်းနိုင်တယ်။ ငွေအများကြီးနဲ့ဆို သူမ ကျောက်ဆုံကိုတောင် ဝိညာဉ်နှင်အောင် လုပ်ခိုင်းနိုင်တယ်!
မုယွမ်ယောင် အလွန်အင်မတန် ပျော်ရွှင်နေတာကို မြင်တော့ လျိုလျန်ရဲ့မျက်နှာပေါ်က အမူအရာ ပျော့ပျောင်းသွားသည်။
“သခင်က ငွေလျန်တွေကို အရမ်းသဘောကျတာပဲလား”
မုယွမ်ယောင် ငွေတစ်အုပ်ကို ကောက်ယူလိုက်ပြီး သေသေချာချာ ကြည့်သည်။
“ငါ ကြိုက်တာက ငွေမဟုတ်ပေမယ့် ငွေလျန်က ထောက်ကူပေးနိုင်တဲ့ အရာပဲ။ အခု ဒီကမ္ဘာလောကကြီးမှာ အာဏာမရှိဘူးဆိုရင် ငွေလျန်ရှိရမယ်။ နှစ်ခုလုံး မရှိဘူးဆိုရင် ဘဝကို လွယ်လွယ်ကူကူ နေနိုင်ဖို့ ခက်ခဲတယ်”
လျိုလျန် သူမ ပြောတာကို နားမလည်ပေမယ့် ထပ်ပြီး မေးမနေတော့ချေ။
“သခင် ချီမင်က အခု ယန်ကျိုးက ယီပေါင်ရွှမ်းမှာ နေနေပါတယ်။ လီယွမ်ယီ ကျင်းလင်မြို့မှာ ဆားခွန်စစ်ဆေးပြီးရင် ယန်ကျိုးမြို့ကို အဆောတလျင် ထွက်ခွာလိမ့်မယ်။ သူ ပေါ်သွားရင် သခင့်ကို အမှုပတ်လာမှာ စိုးရိမ်မိတယ်။ ကျွန်တော် သူ့ပါးစပ်လုံအောင် လုပ်ဖို့လိုလား”
မုယွမ်ယောင် သူမကိုယ်သူမ မထိန်းနိုင်ဘဲ လျိုလျန်ကို ရယ်မောသည်။
“ချီမင်က ယုံကြည်စိတ်ချရတဲ့လူပါလို့ မင်းပြောခဲ့တယ် မဟုတ်လား။ ပြီးတော့ သူက ဒီအချိန်အတောအတွင်းမှာ အလွန်အင်မတန် စဉ်းစားဆင်ခြင်ဉာဏ်ရှိခဲ့တာ။ အခု သူက ငါ့ကို ငွေလျန်အများကြီး ရအောင် ကူညီပေးထားတာ၊ လူတွေကို လွယ်လွယ် သုတ်သင်ရှင်းလင်းလိုက်မယ်ဆိုရင် ငါ ရက်စက်ပြီး အကြင်နာတရားမရှိရာ ရောက်သွားမယ် မဟုတ်လား”
လျိုလျန် ခေါင်းရမ်းသည်။
“ကျူးလွန်မှာက ကျွန်တော်ပါ၊ သခင်နဲ့ ဘာမှမသက်ဆိုင်ပါဘူး”
သခင့်အတွက်ဆို အန္တရာယ်အားလုံး ရှင်းလင်းပစ်ဖို့ သူ ဆန္ဒရှိသည်။
“ကောင်းပြီ၊ ငါတို့တွေ ချီမင်ကို သုံးလို့ရသေးတယ်။ နောက်နောင်မှာ ငါ သူ့ကို ငွေလျန်တွေ ပိုရှာပေးဖို့ ညွှန်ကြားစေခိုင်းစရာတွေ ရှိသေးတယ်။ မင်း လီယွမ်ယီ့ကိစ္စကို စိတ်ပူဖို့မလိုဘူး။ သူ ယန်ကျိုးမြို့ကို ‌ရောက်တဲ့အချိန်ကျရင် သူ့ကိုယ်သူတောင် ဂရုစိုက်နိုင်မှာ မဟုတ်တာကြောင့် အခြားအရာတွေကို စုံစမ်းစစ်ဆေးဖို့ သူ့မှာ ဘယ်လိုလုပ် အချိန်ရှိမလဲ?”
မုယွမ်ယောင်က မချိပြုံးပြုံးကာ သေတ္တာထဲက ငွေလျန်တွေကို ကြည့်လိုက်သည်။ သေတ္တာထဲက ငွေတွေကို ကြည့်ပြီးနောက်မှာ သူမ အဖုံးပိတ် သော့ခတ်လိုက်ပြီး ဘေးမှာချထားလိုက်သည်။
“လျိုလျန် မင်း ဒီတစ်ခါ ညပါမနားဘဲ ခရီးသွားနေခဲ့တာ။ မင်း အလုပ်ကြိုးစားထားတာကြောင့် အရင်ဆုံး သွားအနားယူသင့်တယ်။ တစ်ခုခုလွဲမှားတာရှိရင် ငါ မင်းကိုခေါ်ဖို့ လူလွှတ်လိုက်မယ်”
“ဟုတ်ကဲ့”
လျိုလျန် ထွက်သွားပြီး‌နောက် မုယွမ်ယောင် အဝတ်အစားလဲပြီး ထကာ ယွဲ့ဝမ်ကိုတွေ့ရန် ဘေးအိမ်ဆီ ထွက်လာခဲ့သည်။
စာကြည့်ဆောင်ထဲတွင် ယွဲ့ဝမ် မုယွမ်ယောင်ရဲ့ မျက်နှာပေါ်က အပြုံးကို မြင်တော့ သူ့အမူအရာ ပျော့ပျောင်းသွားရသည်။
“လျိုလျန် ပြန်လာပြီလား”
“နင်းစစ်ယဲ့က သတင်းတွေ ကောင်းကောင်းသိတာပဲ၊ ကျွန်မ မှန်းဆကြည့်ရရင် ယန်ကျိုးမြို့က အဖြစ်အပျက် အောင်မြင်သွားချင်းပဲ နင်းစစ်ယဲ့ ဒီအကြောင်းသိနေခဲ့တာ မဟုတ်လား?”
သူမက ကျန်းနန်မြို့မှာ သူ့လွှမ်းမိုးမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်နေမှန်း ယွဲ့ဝမ်သိပြီး ဖုံးကွယ်မနေတော့ပေ။
“ဟမ်း… အခု ဆားကုန်သည်တွေက စိတ်လေးလံနေရတဲ့ ကိစ္စကို ဖြေရှင်းပြီးပြီထင်ပြီး တိတ်တဆိတ် အောင်ပွဲခံနေကြလောက်ပြီ။ လီယွမ်ယီ အဲ့ဒီကို ရောက်တဲ့အခါ သူတို့တွေ ရယ်နိုင်ဦးမလား သိချင်မိတယ်”
“ချီမင်က ကျန်းနန်မြို့မှာပဲ ရှိသေးတာမလို့ ကျွန်မ သူ့လုံခြုံရေးကို စောင့်ကြည့်ပေးဖို့ နင်းစစ်ယဲ့ကို လူအချို့ လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ လီယွမ်ယီ အဲ့ဒီကို ရောက်တဲ့အခါ ဆားကုန်သည်တွေက သူ့ကို တစ်စစီလုပ်ပစ်လိုက်မှာ ကျွန်မ စိုးရိမ်လို့ပါ”
ယွဲ့ဝမ် မနေနိုင်ဘဲ လှမ်းကြည့်မိတဲ့အခါ သူမရဲ့ပြုံးနေတဲ့ မျက်နှာကို‌ တွေ့မြင်လိုက်ရပြီး သူ့နှုတ်ခမ်းတွေ ကွေးတက်သွားသည်။
“ချီမင်က မင်းကို ငွေလျန်အလုံအလောက်ရအောင် ကူညီပေးပြီးပြီပဲ။ သူက ဘာလို့ အခြားနေရာတွေမှာ သွားပုန်းမနေရတာလဲ?”
မုယွမ်ယောင်ရဲ့အပြုံးက ပို၍ပင် ပြည့်လာခဲ့သည်။
“ဒါက ကျွန်မကို ငွေလျန်ဆယ်သန်းပဲ ရရှိစေခဲ့တာ။ ကျွန်မ ဆားကုန်သည် တစ်ယောက်နှစ်ယောက်ကို ဒီတိုင်း ဆွဲထုတ်လိုက်ရင် ဒီပမာဏလောက်ပဲ ဖြစ်မှာမဟုတ်ဘူး။ သေချာပေါက် ကျွန်မ သူတို့ကို လိမ်လည်ဖို့ နည်းလမ်းစဉ်းစားရတာပေါ့”
ယွဲ့ဝမ် နှလုံးခုန်နှုန်းပင် စည်းချက်တစ်ခု ကျော်သွားသည်။
“ငွေလျန်ဆယ်သန်း?”
မုယွမ်ယောင်က မျက်တောင်ခတ်လျက် အပြုံးလေးနဲ့ ပြောလာသည်။
“နင်းစစ်ယဲ့က ဒါကို မယုံနိုင်စရာပဲလို့ ခံစားရတယ်လား?”
“တကယ်ပဲ သာလီမင်းဆက် တိုင်းပြည်တစ်ခုလုံးရဲ့ အကောက်ခွန်က တစ်နှစ်မှာ ငွေလျန် သန်းငါးဆယ်ကျော်ကျော်ပဲ ရရှိတာကို မင်းက ဆားကုန်သည်တွေဆီကနေ ငွေလျန်ဆယ်သန်း နုတ်ယူပြီးပြီ။ ဘယ်လိုလုပ်ပြီး ထိတ်လန့်စရာ မကောင်းရမှာလဲ?”
ဒီအခိုက်အတန့်တွင် ယွဲ့ဝမ် သူ့စိတ်ထဲက ခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲ မသိပေ။ သူ့ရဲ့ ပထမဆုံး တုန့်ပြန်ချက်သည် တကယ်တော့ သူ သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့သင့်ဘူးဆိုတာပဲ။ မဟုတ်ရင် သူ အဲ့ဒီထဲက တချို့တဝက်ကို ခွဲယူရရှိနိုင်ခဲ့လိမ့်မည်။
တံခါးဘေးမှာ စောင့်နေတဲ့ အထိန်းတော်ချင်း မနေနိုင်ဘဲ မျက်ခုံးပင့်မိသွားသည်။ သူ အံ့ဩတဲ့အသံ ထွက်မသွားမိအောင် အံကြိတ်နေရသည်။ သူ့နဂိုအမြင်က ထင်ထားသလိုကောင်းပြီး အဲ့ဒီတုန်းက မှန်နေခဲ့တာပဲ။ မိန်းကလေးမုက ရွှေစင်စစ်နဲ့ လုပ်ထားတဲ့ ရွှေရုပ်ကလေးပဲ။
ယွဲ့ဝမ်ရဲ့ ဒီအမူအရာကို မြင်တွေ့ရဖို့ ရှားပါးတာကြောင့် မုယွမ်ယောင် ပို၍ ပြုံးလိုက်မိသည်။
“တစ်ယောက်ယောက်ကသာ ကျန်းနန်မြို့ရဲ့ ဆားကုန်သည်တွေ အကုန်လုံးကို စုဆောင်းရဲမယ်ဆိုရင် ငွေလျန်တွေ သုံးလို့မကုန်အောင် အကန့်အသတ်မရှိလို့ ပြောလို့ရတယ်”
ယွဲ့ဝမ်က မျက်လုံးတွေ အနည်းငယ် မှေးကျုံ့လို့ သူ့မျက်လုံးတွေထဲတွင် သူငယ်အိမ်ကျယ်ပြန့်သွားသည်။
“မင်း သူတို့ကို ထပ်ပြီး လှည့်စားချင်တယ်လို့ ပြောတယ်မဟုတ်လား။ မင်း ငါ့အကူအညီလိုလား”
မုယွမ်ယောင် မနေနိုင်ဘဲ မျက်လုံးပင့်ကာ လှမ်းကြည့်လိုက်သည်။
“ကျွန်မတို့ လုယူထားတဲ့ ဆားတစ်သုတ်ကိုပဲ လိုချင်တယ်လို့ နင်းစစ်ယဲ့ အရင်က ပြောခဲ့တယ် မဟုတ်လား? အခု ဘာလို့ အခြားနေရာတွေမှာပါ ပါဝင်ပတ်သက်ချင်တာလဲ”
“မင်း တကယ် အလုပ်ကြိုးစားလုပ်နေတာကို ငါ သိတယ်။ ငါ မင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေယူချင်ရုံသက်သက်ပဲ။ ဘာလို့ သတိကြီးကြီးထားနေတာလဲ”
“နင်းစစ်ဘဲ ကျွန်မကို ကူညီပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကျွန်မ ရှင့်ကို အရှုံးမရှိစေချင်ဘူး။ ကျွန်မ အဲ့ဒီဆားတစ်သုတ်ကို ဝယ်ဖို့ ငွေလျန်ပေးမယ်ဆိုရင်ရော”
“မင်းက ငါ ဓားပြတိုက်ထားတဲ့ ဆားတစ်သုတ်ကို ဝယ်ချင်တာလား?”
“ဟုတ်ပါတယ်၊ နင်းစစ်ယဲ့။ နင်းစစ်ယဲ့ ဆားတွေအများကြီး အနောက်ပိုင်းကွမ်းတုံနယ်ဆီ ပို့မယ်ဆိုရင် ပေါ်သွားနိုင်တာကြောင့် နင်းစစ်ယဲ့နဲ့အတူ ငွေလျန်ယူသွားတာ ပိုလုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့် အဲ့တာကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဆားကုန်သည်တွေရှိပြီး သူတို့ကို ဖယ်ရှားဖို့ အတော်လေး ခက်ခဲတယ်။ နင်းစစ်ယဲ့ ဒုက္ခပိုမများအောင် ဈေးကွက်ပေါက်ဈေးအတိုင်း ရှင့်လက်ထဲက ဆားတွေကို ကျွန်မဝယ်တာပေါ့”
ဒီဆားတစ်သုတ်ကို ငွေသားအဖြစ် ဘယ်လိုပြောင်းရမလဲဆိုတာ ယွဲ့ဝမ် စဉ်းစားနေခဲ့သည်။ အခု မုယွမ်ယောင်က ဦးစွာ ကမ်းလှမ်းလာပြီး ပေါက်ဈေးအတိုင်း ငွေပေးဦးမယ်ဆိုတော့ သေချာပေါက် အကောင်းဆုံးအကြံပဲ။ ဒါပေမယ့် အဲ့ဒါနဲ့ ပတ်သက်ပြီး တစ်ခုခု မသင်္ကာစရာကောင်းတယ်လို့ သူ တစ်ချိန်လုံး ခံစားနေရသည်။
“ငါ့လက်ထဲက ဒီဆားတစ်သုတ်ကို ဖယ်ရှားဖို့ မလွယ်ကူဘူး။ မင်းလက်ထဲ ရောက်သွားရင်လည်း အတူတူပဲ ဖြစ်မှာ။ မင်းအတွက် ငွေလျန်အများကြီး ဝင်ဖို့ဆိုတာ မလွယ်ဘူး။ မင်း လွယ်လွယ် ပေးလိုက်ရင် နောင်အနာဂတ်မှာ ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရမှာ မစိုးရိမ်ဘူးလား?”
“အခုလေးတင် နင်းစစ်ယဲ့က ကျွန်မကို ကူညီပေးဖို့ လုပ်ခဲ့တာ၊ အခု ကျွန်မက ဆားတွေကို ငွေအဖြစ်ပြောင်းဖို့ ကူညီပေးတာဆို‌တော့ အပြန်အလှန် အကျိုးရှိတာပါပဲ။ ကျွန်မ အဲ့ဒီဆားတစ်သုတ်ကို မကြာခင် ဒါမှမဟုတ် နောက်နောင် ရောင်းတဲ့အခါ အရှုံးလေးနည်းနည်း ခံစားရတာ ကိစ္စမရှိပါဘူး”
ယွဲ့ဝမ်က ခပ်ရေးရေးပြုံးကာ လှမ်းကြည့်သည်။
“မေ့ထားလိုက်ပါ၊ မင်းက ငါ့အပေါ် ဒီလို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆက်ဆံတာကြောင့် ငါ မင်းကို ဘယ်လိုဆုံးရှုံးမှုကိုမှ မခံစားရစေချင်ဘူး။ ငါ့ဘာသာ ဖြည်းဖြည်းချင်း အဖြေရှာကြည့်လိုက်မယ်”
မုယွမ်ယောင်က အနည်းငယ် နောင်တရစွာ ခေါင်းခါသည်။
“ကျွန်မ နင်းစစ်ယဲ့ဆီက ငွေလျန်အချို့ ရယူဖို့ စဉ်းစားနေခဲ့သေးပေမယ့် ကျွန်မ လုပ်နိုင်မှာ မဟုတ်တော့ဘူးပဲ။ ဒါဆို ကျွန်မ ရိုးသားပါ့မယ်။ ကျွန်မက ဆားကုန်သည်တွေ ဆားလဲတဲ့သတင်းကို ဖြန့်ဖို့လုပ်ထားတာ”
ယွဲ့ဝမ်ရဲ့ မျက်ခုံးတွေ လှုပ်သွားသည်။
“ဒီလိုသာဆို ကျန်းနန်မြို့တစ်ခုလုံး ဝရုန်းသုံးကားအခြေအနေ ကျရောက်သွားမှာ ငါစိုးရိမ်တယ်။ နန်းတွင်းခုံရုံးသာ ဒီအကြောင်း သိသွားပြီး စုံစမ်းစစ်ဆေးရင် ငါတို့တွေလည်း အပြစ်ငြိစွန်းလာနိုင်တယ်”
“ပုံမှန်ဆိုရင် ဒါက ပြဿနာဖြစ်လိမ့်မယ်။ ဒါပေသိ သတင်းထွက်မလာခင် ဆားတွေ့ရင်ရော?”
“ငါ သဘောပေါက်ပြီ၊ မင်းက ငါ့ကို ဒီဆားတစ်သုတ်ကို ပြန်ပို့စေချင်တာလား?”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now