အပိုင်း ၂၃၅/ အပိုင္း၂၃၅

430 54 0
                                    

Unicode

အပိုင်း၂၃၅
နှင်းမြေခွေးကို ယဉ်ပါးအောင် လုပ်နိုင်ပြီးနောက် မုယွမ်ယောင် အသစ်အဆန်းတစ်ခုကို ခံစားလိုက်ရသည်။ သူမက နှင်းမြေခွေးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးပြီး သူရဲ့လက်သည်းနဲ့ အမွှေးတွေကိုတောင် ညှပ်ပေးကာ သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံပေးနေသည်။
ယွဲ့ဝမ်က ယန်ကျိုးမြို့မှ သတင်းကို လက်ခံရပြီး မုယွမ်ယောင်ကို ကမ်းပေးလိုက်သည်။ သူ့အကြည့်တွေက မုယွမ်ယောင်ပုခုံးပေါ်တွင် လဲလျောင်းနေသည့် နှင်းမြေခွေးပေါ်သို့ ရောက်သွားပြီး သူ့မျက်ခုံးတွေက လှုပ်ရှားသွားသည်။
"မြေခွေးက ကလိမ်ကကျစ်ကျတာကို မင်းက ဒီလို ဘာအကာအကွယ်မှမရှိဘဲ နေနေတယ်ပေါ့၊ မင်းသတိလွတ်နေတဲ့အချိန် သူ မင်းကို တိုက်ခိုက်မှာ မကြောက်ဖူးလား?"
မုယွမ်ယောင်က သူမနှုတ်ခမ်းထောင့်ကို မြှင့်ကာ ပြုံးလိုက်ပြီး သူမလက်ကို မြှောက်လိုက်သည်။ နှင်းမြေခွေးက သူမပုခုံးပေါ်မှ လက်ပေါ်သို့ လျှောကျလာသည်။
"နင်းစစ်ယဲ့ပြောတော့ နောက်ပိုင်းကွမ်းတုံက နှင်းမြေခွေးက အသိစိတ်ရှိပြီးတော့ ယဉ်ပါးသွားရင် အတော်လေး ကာကွယ်တတ်တယ်ဆို၊ သူ့ကြည့်ရတာ ဘယ်ဟာက အကောင်းဆုံးလဲဆိုတာ သိတဲ့ပုံပဲ"
နှင်းမြေခွေးက မုယွမ်ယောင်ရဲ့ လက်ချောင်းများကို မျက်နှာလိုမျက်နှာရ ယှက်လိုက်ပြီး သူ့ရဲ့အမြှီးဖြင့် သူမရဲ့လက်ကောက်ဝတ်ကို ရစ်ပတ်နိုင်သမျှ ကြိုးစားရစ်ထားသည်။ ၎င်းရဲ့ မျက်လုံးများက ဉာဏ်ကောင်းသည့်ပုံပေါ်သည်။
ယွဲ့ဝမ်က အနည်းငယ် သိချင်နေသည်။ နှင်းမြေခွေးကို တခြားသူတွေ ထိန်းကျောင်းတာ မြင်ဖူးပေမယ့် နှင်းမြေခွေးက သခင်ဖြစ်သူနဲ့ ဒီလောက်ထိ ရင်းနှီးမှုရှိပြီး ယဉ်ပါးနေတာကိုတော့ မမြင်ဖူးပေ။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
မုယွမ်ယောင်က မျက်လုံးတွေကို ကျဥ်းလိုက်သည်။
"မြေခွေးရှေ့မှာ ကြက်တစ်ကောင်ကို အစမ်းသတ်ပြတာတော့ ထည့်မတွက်ဘူးမလား?"
သူမက နှင်းမြေခွေးအတွက် ရက်အနည်းကြာ ချက်ပြုတ်ပေးခဲ့ရတာ အချည်းအနှီး မဖြစ်ခဲ့ပေ။ တိရိစ္ဆာန်တွေက ဉာဏ်မကောင်းကြပေမယ့် သူတို့မှာ ပင်ကိုအလိုလိုသိစိတ်တို့ ရှိပြီး သူတို့အတွက် အကျိုးအရှိဆုံးဟာကို ဘယ်လိုရွေးရမလဲဆိုတာ သိသည်။
ဉာဏ်ကောင်းတဲ့ မြေခွေးက ပိုပြီး ထိန်းကျောင်းဖို့ခက်သည်။ သို့ပေမယ့် မုယွမ်ယောင်မှာ အစီအစဥ်တစ်ခု ရှိသလိုမျိုး ရှင်းမပြနိုင်တဲ့ ခံစားချက်မျိုး ရနေတာကြောင့် ကြည့်ရတာ သူ မှန်ကန်တဲ့တစ်ခုကို ရွေးမိလိုက်ပုံရသည်။
မုယွမ်ယောင်က သူမလက်ကို မြှောက်လိုက်ပြီး နှင်းမြေခွေးကို သူမပုခုံးပေါ်တွင် ထားလိုက်ကာ စာပါအကြောင်းအရာတွေကို ဂရုတစိုက်ဖြင့် ဖတ်လိုက်သည်။ နှင်းမြေခွေးက ချစ်ဖို့ကောင်းသည်၊ သူမခေါင်းကို ငုံ့လိုက်တာမြင်တော့ သူကလည်း သူ့ခေါင်းကို လိုက်ငုံ့သည်။
သခင်ဖြစ်သူနဲ့ နှင်းမြေခွေးတို့က မျက်ခုံးတွေ ကွေးညွှတ်နေပြီး မျက်လုံးတွေကလည်း ဆင်တူနေကာ ယွဲ့ဝမ် သူတို့ကို တစ်ကြိမ်ထက်မက ပိုကြည့်မိသည်။ ငှက်မွှေးလေးတွေ သူ့နှလုံးသားထဲကို နူးညံ့စွာ ပျံ့လွင့်လာပြီး ကလိလာထိုးနေသလိုမျိုး သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။
"သူ့ကို ပျိုနီပန်းပေးထားတာ အတော်လေး သက်ရောက်မှုရှိသလိုပဲ"
သူမစကားပြောပြီးသည်အထိ ယွဲ့ဝမ်က ငေးမောနေသေးတာကို မုယွမ်ယောင် မြင်လိုက်ရသည်။ သူ တစ်ခုခု စဥ်းစားနေလို့ ဖြစ်မှာပါဟု တွေးလိုက်ပြီး သူမက ငြိမ်ငြိမ်လေး စောင့်ပေးနေလိုက်သည်။
ယွဲ့ဝမ်က အာရုံပြန်ရလာပြီး သူ့မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေက တွန့်သွားသည်။
"ဒီအတိုင်းဆို ငါတို့ရဲ့ နောက်အစီအစဥ်က ပိုပြီးစိတ်ချရပြီ"
"ဟုတ်တယ်၊ ဆားခွန်စစ်ဆေးဖို့ လွှတ်လိုက်တဲ့သူတွေအကြောင်း နင်းစစ်ယဲ့ ကြားပြီပြီလား မသိဘူး"
"အကယ်၍ မမျှော်လင့်ထားတာတွေ ဖြစ်မလာဘူးဆိုရင် အဲ့တာ လျန်ကျန်းမြို့က ဘုရင်ခံ လီယွမ်ယီပဲ ဖြစ်လိမ့်မယ်"
"မျိုးရိုးနာမည် လီလား?"
ယွဲ့ဝမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"လီယွမ်ယီက လီမိသားစုရဲ့ အကိုင်းအခက်ကပဲ၊ ပြီးတော့ ပထမမင်းသားရဲ့ ကြင်ရာတော်ကလည်း အဲ့ဒီထဲကပဲ၊ အလေးအနက်ပြောရရင် ပထမမင်းသားက လီယွမ်ယီကို သူ့ရဲ့ဝမ်းကွဲအဖြစ် ခေါ်ဝေါ်ရလောက်တယ်"
မုယွမ်ယောင်က သူမစိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ကျင်းနန်တစ်ခုလုံး ဆူဆူညံညံဖြင့် စိတ်လှုပ်ရှားနေကြသည်။
"ဧကရာဇ်က ဆားခွန်ကိုစစ်ဖို့ လူတွေပို့လိုက်တာမလို့ သူတို့က ဆားခွန်ကိစ္စကို ရှင်းပစ်ပြီး ကိုယ်ပိုင်ဆားရောင်းဝယ်ရေးကို အရမ်းပေါက်ကြားမသွားအောင်လုပ်တာ သဘာဝကျပါတယ်။ ဒါပေမယ့် သူတို့ လီမိသားစုအားလုံးကို ကျင်းနန်ပို့လိုက်ရင် အဲ့တာ အသုံးမဝင်တော့ဘူးလေ ဟုတ်တယ်မလား?"
ကျင်းနန်က လီမိသားစုရဲ့ ပိုင်နက်ဖြစ်လာတာ။ ဒါဆို သူတို့က ဆားကုန်သည်တွေကို ချုပ်ကိုင်ပြီး ပထမမင်းသား အင်အားကောင်းလာအောင် ဘာလို့မလုပ်တာလဲ?
"ခမည်းတော်ဧကရာဇ်ရဲ့ အတွေးတွေက အရမ်းအသေးစိတ်ကျတယ်။ သူ့လုပ်ရပ်တွေမှာ အမြဲတမ်း သူ့စည်းမျဉ်းနဲ့သူ ရှိပြီးသား။ သူ ဘာတွေတွေးနေလဲဆိုတာ အပြင်လူတွေ ခန့်မှန်းဖို့ ခက်ခဲပေမယ့် ပုံစံကြည့်ရတာ ခမည်းတော်ဧကရာဇ်က ပထမအစ်ကိုတော်နဲ့ ပတ်သက်ပြီး တစ်ခုခု မကျေနပ်လို့ပဲဖြစ်မယ်"
မုယွမ်ယောင်က မကြာသေးခင်က ချိတ်ပိတ်ထားသည့် ချိုင်ယွဲ့ဆိုင်ကို အလျင်အမြန် တွေးမိလိုက်သည်။ ပထမမင်းသားရဲ့လူတွေက ချိုင်ယွဲ့နဲ့ပတ်သက်ပြီး ကူညီပေးရင် ဧကရာဇ်ရဲ့ဆုလာဘ်နှင့် အသိအမှတ်ပြုမှုခံရမယ်လို့ မျှော်လင့်ခဲ့ပြီး တော်ဝင်တရားရုံးနဲ့ ပတ်သက်သည့်ကိစ္စတွင် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြောင်း ကောလဟာလရှိခဲ့သည်။ ဒါပေမယ့် ရလဒ်ကတော့ ကျေနပ်စရာ မကောင်းပေ။
"နင်းစစ်ယဲ့ လျန်ကျန်းရဲ့ဘုရင်ခံက ဘာကြိုက်တတ်လဲဆိုတာ သိလား?"
ယွဲ့ဝမ်က ခဏလောက် တိတ်ဆိတ်သွားပြီး သူ့မျက်လုံးတွေက ရုတ်တရက် လှုပ်ရှားသွားကာ မှောင်ရိပ်တို့ပေါ်လာသည်။
"အလှလေးတွေ!”
မုယွမ်ယောင်က ရယ်လိုက်သည်။
"အမှန်ပဲ၊ အလှလေးတွေကို မကြိုက်တဲ့ယောကျာ်းတွေ ဒီကမ္ဘာပေါ်မယ် ဘယ်လိုလုပ်ရှိမှာလဲ? အလှတရားကို စွဲလမ်းဖို့က လွယ်တယ်၊ နင်းစစ်ယဲ့ သူ့ကိုချဥ်းကပ်ဖို့အတွက် မိန်းကလေးမင်ယင်းကို အချိန်ခဏလောက် ငှားလို့ရမလား?"
"မင်ယင်းက လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းတွေကို လေ့ကျင့်နေတယ်။ လီယွမ်ယီကို ချဉ်းကပ်ဖို့ အကျိုးသက်ရောက်မှု သိပ်မကောင်းမှာ စိုးရတယ်။ ငါ တစ်ယောက်ယောက်ရှာပြီး မင်းဆီပို့လိုက်မယ်"
"အဲ့လောက်မလိုပါဘူး၊ မိန်းကလေးမင်ယင်းက ထက်မြက်တဲ့သူပါ၊ ဒါထက် သူမရဲ့ လုပ်ကြံသတ်ဖြတ်မှု စွမ်းရည်နဲ့ဆိုရင် လီယွမ်ယီက သူမကို အခွင့်ကောင်းယူဖို့ အင်အားသုံးတဲ့အခါကျရင် သူမ တားဆီးနိုင်လိမ့်မယ်"
မုယွမ်ယောင်က စိတ်ထဲရှိတဲ့ အကြံဉာဏ်ကြောင့် အများကြီး စိတ်သက်သာရာရသွားသည်။ သူမက နှင်းမြေခွေးကို သူမပေါင်ပေါ်တွင် ထားလိုက်ပြီး နောက်ကျောကို ညင်သာစွာ ပွတ်သတ်ပေးလိုက်သည်။
မုယွမ်ယောင်ရဲ့ ဆုံးဖြတ်ချက်ကိုမြင်တော့ ယွဲ့ဝမ်က ထပ်ပြီး တွန်းအားမပေးတော့ပေ။ သူ့ရဲ့အကြည့်တွေက မျက်လုံးတွေ မှိန်းနေတဲ့ နှင်းမြေခွေးပေါ်သို့ ကျရောက်သွားသည်။
"နာမည်ပေးဖို့ စဥ်းစားပြီးပြီလား?"
"ကျွန်မ အဲ့တာကို မတွေးရသေးဘူး၊ နင်းစစ်ယဲ့ ကျွန်မကို အကြံဉာဏ်ပေးစရာများရှိလား”
"နှင်းမြေခွေးရဲ့ ခန္ဓာကိုယ်က ပေါ့ပါးပြီး နှင်းတွေကြားထဲ ပျံသန်းနေသလိုပဲ။ သူ့ကို တာ့ရွှယ်လို့ခေါ်ရင် ဘယ်လိုလဲ?"
မုယွမ်ယောင်က တောက်ပစွာဖြင့် ပြုံးလိုက်သည်။ ယွဲ့ဝမ် ပေးတဲ့နာမည်က သူမစိတ်နဲ့ အတော်လိုက်ဖက်တယ်လို့ ပြောရမယ်၊ စုမိသားစုရှိ သခင်မလေး ပျိုးထောင်ထားသည့် မြွေပါက ပိုင်ရွှယ်(နှင်းဖြူ)လို့ ခေါ်ပြီး သူမ ပျိုးထောင်သည့် မြေခွေးနာမည်က တာ့ရွှယ်(နှင်းပန်း)လို့ ခေါ်တာကြောင့် သူမရဲ့ စိတ်အခြေအနေကို ဖော်ပြဖို့ အကောင်းဆုံး ဖြစ်တယ်ဆို့ ဆိုရမလားပဲ။
"ကောင်းပါပြီ၊ နာမည်ပေးပေးတဲ့အတွက် နင်းစစ်ယဲ့ကို ကျေးဇူးတင်ပါတယ်"
မုယွမ်ယောင် အိမ်ပြန်ပြီး မကြာခင်မှာပဲ ချိုက်ချင်း ဝင်လာသည်။
"ဒီအစေခံက သခင်မလေးကို အရိုအသေပေးပါတယ်"
"မင်းစောင့်ကြည့်နေတဲ့သူက တစ်ခုခု မှားနေလို့လား?"
"သခင်မလေးကို ဖြေကြားပါတယ်၊ ဝမ်းဆွဲသည်နှစ်ယောက်ထဲက တစ်ယောက်က မနေ့ညက မီးလောင်တဲ့အထဲမှာ ရုတ်တရက် ပါသွားပါတယ်။ သူမ အဲ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို အိမ်က မီးလောင်သွားပြီး ပျက်စီးသွားတယ်၊ သူတို့ မလွတ်မြောက်ဘဲ မိသားစုတစ်ခုလုံး အသက်တွေ ဆုံးရှုံးသွားပါတယ်။ တခြား ဝမ်းဆွဲသည်တစ်ယောက်က အိမ်ပြန်လာတဲ့လမ်းမှာ ဝိုင်နည်းနည်း သောက်လာခဲ့ပြီး ရေထဲကိုချော်ကျပြီး ရေနစ်သွားပါတယ်"
မုယွမ်ယောင်က ခေါင်းညိတ်ပြလိုက်ပြီး ကျင်းလန်ကို တစ်ဖက်သို့ ပိုက်ဆံအိတ် လှမ်းပေးဖို့ ညွှန်ပြလိုက်သည်။
ချိုက်ချင်းက အလျင်အမြန် ငြင်းလိုက်သည်။
"သခင်မလေး ကျွန်တော် လက်မခံနိုင်ပါဘူး"
"ယူလိုက်ပါ၊ ဒီတစ်ခေါက် စစ်ယိုကျွီက ကလေးတွေကို သတင်းမေးဖို့ အသုံးချခဲ့တယ်။ ကျွန်မမှာလည်း တတ်နိုင်စွမ်းက အကန့်အသတ် ရှိတာမလို့ သူတို့အားလုံးကို ဒီမှာနေဖို့ ခေါ်မထားနိုင်ဘူး။ ဒါပေမယ့် သူတို့ရဲ့ အကူအညီနဲ့ ထိုက်တန်တဲ့ ဆုလာဘ်ကလည်း သေးမှာတော့မဟုတ်ဘူး။ နွေဦးရက်တွေကလည်း ရောက်လာတော့မှာမလို့ ဒီငွေတွေက သူတို့အတွက် အင်္ကျီအချို့ဝယ်ပေးဖို့ ကူညီနိုင်လိမ့်မယ်"
ချိုက်ချင်းက အလျင်အမြန် ဒူးထောက်လိုက်ပြီး သူမကို ကျေးဇူးတင်လာသည်။
"သခင်မလေး ကြီးမားတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
"ဒီလိုလုပ်နေဖို့ မလိုပါဘူး၊ ဒါက ငွေလျန် အနည်းငယ်လောက်ပဲဟာကို၊ နောင်မှာ သူတို့ အသုံးဝင်မယ့် သတင်းအချက်အလက်တွေ ရှာတွေ့ရင် ကျင်းရှို့ဥယျာဥ်ကို ပို့လိုက်ပါ။ အကယ်၍ အသုံးဝင်တယ်ဆိုရင် ကျွန်မက သူတို့ကို ဆုလာဘ်တချို့ပေးမယ်"
"ဟုတ်ကဲ့ပါ"
ညနေပိုင်းတွင် လျိုလျန်က ချီမင်ဆီမှ သတင်းနှင့်အတူ အမြန်ပြန်လာခဲ့သည်။
"သခင်မလေး ဝူမင်ကျစ်နဲ့ သူ့လူတွေက အတော်လေး သတိထားကြတယ်၊ ချီမင်ရဲ့ အထောက်အထားကို အတည်ပြုပြီးတဲ့ နောက်မှာတောင် သူတို့က သူ့ကို ဆက်ပြီး သတိထားနေတုန်းပဲ။ ချီမင်နဲ့ သူ့လူတွေက အသုံးဝင်တဲ့ အချက်အလက်တွေ မရသေးဘူး၊ ဒါပေမယ့် တခြားသူတွေရဲ့ ပါးစပ်ကနေ ရက်အနည်းငယ်အတွင်း ကျင်းလင်မြို့ကို ရှီကျန်းမြစ်ကနေ ဖြတ်ပြီး တရားဝင်ဆားတွေ အများအပြား ရောက်လာတော့မယ်ဆိုတာ ရေးတေးတေး အာရုံရနေကြပါတယ်တဲ့"
မုယွမ်ယောင်ရဲ့ နှလုံးသား တုန်လှုပ်သွားသည်။
"ဧကရာဇ်က ဆားခွန်စစ်ဆေးဖို့ လူတွေ လွှတ်လိုက်တာကို၊ ဒီအချိန်မှာ ရောင်းဖို့ တရားဝင်ဆားတွေ အများကြီး ရောက်မလာသင့်ဘူး"
ဆားခွန်ကို စစ်ဆေးပြီးတိုင်း ဆားကုန်သည်တွေက ရောင်းသည့် ဆားပမာဏကို လျော့ချကြသည်။ နောက်ပိုင်း ထိုအချိန်တွင် ပုံမှန်ထက် ပိုကုန်ကျမယ့် ဆားအခွန်နဲ့ ပတ်သက်ပြီး ဘယ်သူမှ ဘာမှလုပ်ရဲမှာမဟုတ်ပေ။
"ဒီသတင်းက ဝိုးတိုးဝါးတားပါပဲ၊ သေချာပေါက် မမှန်နိုင်ပါဘူး"
"ဘာအကြောင်းမှ မရှိဘဲနဲ့ ဒီလိုသတင်းမျိုး ထွက်မလာဘူး။ ချီမင်ကို စုံစမ်းဖို့ အလျင်စလိုမလုပ်ဘဲ သတိထားဖို့ပြောလိုက်။ ဒီအချိန်မှာ ပိုပြီး တည်ငြိမ်နေရင် လူတွေပိုပြီး ရှုပ်ထွေးလာလိမ့်မယ်၊ သူ ရိပေါင်ရွှမ်းအတွက် အချိန်တချို့ပေးပြီး ပြင်ဆင်ထားသင့်တယ်၊ သူ့ပြင်ဆင်မှုရော ဘယ်လိုနေပြီလဲ?"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now