အပိုင်း ၂၂၆/အပိုင္း၂၂၆

548 65 0
                                    

Unicode

အပိုင်း၂၂၆
ကျိုးလွေ့ဟွားက ဆားပို့ဆောင်ရေးသံတမန် လီမုနျန်ရဲ့ဇနီး ဖြစ်သည်။ သူမဟာ စစ်ဘက်ရေးရာ အမတ်ကြီး၏ ကျိုးမိသားစုတွင် မွေးဖွားခဲ့တာဖြစ်သည်။ သူမ အရွယ်ကောင်းလေး ဖြစ်လာချိန်မှာ လီမုနျန်နဲ့ မြင်မြင်ချင်း သိကျွမ်းဝင်သွားပြီး သူမဂုဏ်သိက္ခာကိုပင် စွန့်လွှတ်ကာ သူ့ကိုလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုရလဒ်က ကျိုးမိသားစုနဲ့ လီမိသားစုကို အတော်လေး မပျော်မရွှင် ဖြစ်စေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဧကရာဇ်က သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
သို့သော် တော်ဝင်လက်ထပ်ပွဲက မိသားစုနှစ်ခုကြားရှိ ဆက်ဆံရေးကို တိုးတက်မလာစေပေ။ နှစ်တွေအများကြီး ကြာပြီးတာတောင် မိသားစုနှစ်ခုက အဆက်အဆံ မလုပ်ကြပေ။
သခင်မကျိုးက နူးညံ့စွာ ပြောသည်။
"ကျွန်မ ပူးရှန်းလုံကို သွားချင်ပေမယ့် ကြိုပြီး စာရင်းပေးမထားခဲ့ဘူး။ အဲ့တာ ထိုင်ခုံရှာမတွေ့မှာ စိုးတာနဲ့ ကျွန်မ မိန်းကလေးမုကို လက်လွတ်စပယ် ဖိတ်လိုက်မိတာပါ။ မိန်းကလေးမုကို ဒုက္ခပေးသလိုများ ဖြစ်သွားပြီလား"
"ပူးရှန်းလုံက ဂုဏ်သရေရှိသူတွေကို ဧည့်ခံဖို့အတွက် ခုံတချို့ အမြဲတမ်းရှိပါတယ်။ သခင်မကျိုးကလည်း သေချာပေါက် ဂုဏ်သရေရှိသူတွေထဲကပါပဲ။ အကယ်၍ သခင်မ မနှစ်မြို့မဖြစ်ဘူးဆိုရင် ကျွန်မကိုယ်တိုင် လက်ဖက်ရည်တစ်အိုး လုပ်ပေးပါရစေ"
"အိုး သိပ်ကောင်းတာပေါ့။ မြို့တော်မှာ မိန်းကလေးမုရဲ့ လက်ဖက်ရည် အဖျော်စွမ်းရည်က ထူးခြားလွန်းတယ်လို့ ကြားခဲ့တယ်။ နန်းတော်ထဲက ရှုကုန်းကုန်းဆို မိန်းကလေးမုကို ချီးကျူးလို့မဆုံးဘူး။ အဲ့တာကိုကြားတော့ ဧကရာဇ်က အကယ်၍ အခွင့်အရေးရှိရင် မိန်းကလေးမုကို နန်းတော်ဖိတ်ပြီး ထူးခြားတဲ့ လက်ဖက်ရည်ဖျော်တဲ့ နည်းလမ်းတွေကို ရှုစားကြည့်ချင်တယ်တဲ့"
မုယွမ်ယောင်က အံ့အားသင့်သွားသည်။
"ဧကရာဇ်က တကယ်ပဲ အဲ့လိုပြောခဲ့တာလား? ဒါဆိုရင်တော့ ကျွန်မပြန်ရင် လက်ဖက်ရည်ဖျော်တာကို ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ရတော့မှာပဲ။ ကံကောင်းထောက်မလို့ ဧကရာဇ်ဆီက ဆင့်ခေါ်ခံရရင် ကျွန်မ သေချာပေါက် ကောင်းကောင်းမွန်မွန် ပြသပေးရမယ်လေ"
မုယွမ်ယောင်က ရထားလုံးပေါ်တက်၍ အမျိုးသမီးကျိုးနဲ့အတူ ကျင်းရှို့ဥယျာဥ်သို့ လိုက်သွားလိုက်သည်။ ထို့နောက် သူမက ပျိုနီပန်း ထိုင်ခုံဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
အထိန်းတော်ချင်း ရောက်လာပြီး သူမကို နှုတ်ဆက်သည်။ ထို့နောက် သူက လူတွေခေါ်လိုက်ပြီး လက်ဖက်ရည်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်သည်။
မုယွမ်ယောင်က ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ကျိုပေးပြီး သခင်မကျိုးကို ဧည့်ခံသည်။ မျက်လှည့်ပြသလိုမျိုး ရင်သတ်ရှုမောစရာကောင်းသည့် မြင်ကွင်းကိုကြည့်ရင်း အမျိုးသမီးကျိုးက ချီးကျူးမဆုံး ဖြစ်နေတော့၏။
"အရင်နှစ်တွေက ကျင်းနန်ရဲ့ လက်ဖက်ရည်ဖျော်တဲ့ အမျိုးသမီးတွေက ကမ္ဘာပေါ်မှာ နှိုင်းယှဥ်လို့မရတဲ့ လက်ဖက်ရည်တွေကို လုပ်နိုင်တယ်လို့ ကြားခဲ့ရတယ်။ သူတို့ရဲ့ သေးငယ်တဲ့ လက်ဖက်ရည်ခွက်ထဲမှာ ရှုခင်းပုံအဖြစ်တောင် ပြောင်းလဲနိုင်တယ်တဲ့။ အစကတော့ ကြွားလုံးထုတ်တယ်လို့ပဲ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမယ့် ဒီနေ့တော့ မိန်းကလေးမုရဲ့ လက်မှုပညာကိုမြင်ပြီး အပြင်လူတွေပြောတာ အမှန်ပဲဆိုတာ ကျွန်မ နားလည်သွားပြီ"
"သခင်မက အရမ်းမြှောက်နေပြန်ပါပြီ"
မုယွမ်ယောင်ရဲ့ မျက်နှာက ရုတ်တရက် နီရဲသွားပြီး အနည်းငယ် ရှက်သွားပေမယ့် သူမမျက်လုံးတွေက ဂုဏ်ယူမှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေသည်။
အမျိုးသမီးကျိုးက မျက်လုံးမှိတ်လိုက်ရင်း သူမမျက်လုံးထဲရှိ အပြုံးတွေက ပိုပြီးနက်ရှိုင်းလာသည်။ လက်ဖက်ရည်သောက်ပြီးနောက် ကျင်းရှို့ဥယျာဥ်ကို အနည်းငယ် လှည့်ပတ်ကြည့်ပြီး ဘာစကားမှမပြောဘဲ ပြန်သွားတော့သည်။
မုယွမ်ယောင်က သခင်မကျိုးကို ဥယျာဥ်အပြင်ဘက်ထိ လိုက်ပို့ပေးခဲ့သည်။ ထို့နောက် သူမ ရထားလုံးပေါ် တက်သွားတဲ့အထိ စောင့်ပေးပြီးနောက် နောက်ပြန်လှည့်ကာ အထဲကို ပြန်ဝင်သွားသည်။
အထိန်းတော်ချင်းက ရောက်လာပြီး တည်ငြိမ်တဲ့ အမူအရာဖြင့် နှုတ်ဆက်သည်။
"မိန်းကလေးမု အဲ့တာက ဆားပို့ဆောင်ရေးသံတမန်အသစ် လျိုမုနျန်ရဲ့ဇနီးလား"
မုယွမ်ယောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ကျွန်မတို့ ချောင်မိသားစုအိမ်တော်က လပြည့်ညစာစားပွဲမှာ တွေ့ကြတာ။ သူက ပူးရှန့်လုံမှာ လက်ဖက်ရည်သောက်ချင်လို့ဆိုပြီး ကျွန်မကို အထူးတလည် ဖိတ်ခဲ့တာ။ အဲ့တာနဲ့ ကျွန်မ သူ့ကိုခေါ်လာလိုက်တာ"
အထိန်းတော်ချင်းက ပြုံးသည်။
"မိန်းကလေးမု သူ့ကို ဘယ်လိုထင်လဲ?"
မုယွမ်ယောင် နှုတ်ခမ်းတွေ ကော့ညွတ်သွားသည်။
"သူက နူးညံ့ပြီး ချဉ်းကပ်ရလွယ်တယ်၊ ကျွန်မတို့ အချိန်အကြာကြီး သိလာတဲ့သူတွေ မဟုတ်တာတောင် သူ့ကို လူကောင်းလို့ ထင်မိတယ်"
၎င်းကိုကြားတော့ အထိန်းတော်ချင်း စိတ်သက်သာသွားသည်။
"မိန်းကလေးမု မင်းက အရာအားလုံးကို မြင်နိုင်တာပဲ၊ သခင်မစုက မင်းကို စိုးရိမ်တကြီး စောင့်နေလိမ့်မယ် ထင်တယ်။ အိမ်မြန်မြန်ပြန်လိုက်ပါဦး"
"ကောင်းပါပြီ။ ဒါဆို ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်"
ယွီယိက ရှုပ်ထွေးနေသည်။ မုယွမ်ယောင် ထွက်သွားပြီးနောက် သူက အထိန်းတော်ချင်းကို မေးလိုက်သည်။
"အထိန်းတော်ချင်း မိန်းကလေးမုကို ခင်ဗျား အခုပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။ နောက်ကွယ်က မြှုပ်ကွက်ကို ကျွန်တော် ဘာကြောင့် မကြားနိုင်ရတာလဲ?"
"ဘာမြှုပ်ကွက်မှ မရှိပါဘူး၊ မင်း ဘာလို့ ဒီလိုပြောတာလဲ"
"ဒါဆို သခင်မကျိုးက ကောင်းတာလား ဆိုးတာလား?"
အထိန်းတော်ချင်း ခေါင်းယမ်းမိသည်။ ဒီကောင်ရဲ့ ဦးနှောက်က ဘယ်လိုတုံ့ပြန်ရမှန်း လုံးဝမသိဘူးပဲ။
“သခင်မကျိုးကဘာလဲ? မိန်းကလေးမုရဲ့ အဆင့်အတန်းကရောဘာလဲ?”
"သခင်မကျိုးက လီမုနျန်ရဲ့ဇနီး၊ ပြီးတော့ မြို့တော်က ကျိုးမိသားစုဝင်တစ်ယောက်၊ သူက အခုလက်ရှိ စစ်မက်ရေးရာဌာနက အမတ်ကြီးရဲ့ တရားဝင်သမီး၊ နောက်ပြီး ဧကရာဇ်က သူမကို လျိုမုနျန်နဲ့ လက်ထပ်ခွင့်ပေးထားတာ။ ပုံမှန်အတိုင်း သူမရဲ့ အဆင့်အတန်းက ကွဲပြားတယ်။ မိန်းကလေးမုက အခု ချောင်တာ့ရန်ရဲ့ မွေးစားသမီး ဖြစ်နေပေမယ့် သူမအနေအထားက တိမ်မြှုပ်လွန်းသေးတယ်။ ဒီတော့ သခင်မကျိုးအနေနဲ့ မိန်းကလေးမုကို အလေးအနက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
အထိန်းတော်ချင်းက ခေါင်းညိတ်လိုက်သည်။
"မင်း အဓိကအချက်ကို ပြောလိုက်ပြီပဲ မဟုတ်လား?"
"အဓိကအချက်?"
ယွီယိက ဂရုတစိုက် စဉ်းစားလိုက်ပြီး ရုတ်တရက် ကြောင်သွားသည်။
"ဟုတ်တယ်နော်၊ ယုတ္တိရှိရှိပြောရရင် သခင်မကျိုးက ချဉ်းကပ်ရလွယ်ရင်တောင် မိန်းကလေးမုကို ကောင်းကောင်း ဆက်ဆံပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး! နောက်ပြီး ကျွန်တော်ကြားတာတော့ သခင်မကျိုးက အပြင်ပန်း တည်ငြိမ်ပေမယ့် အတွင်းမှာ သူမက အရမ်းမာနကြီးတယ်တဲ့။ တစ်ခါက သူ တော်ဝင်မိသားစုထဲက ကြင်ယာတော်တစ်ပါးကိုတောင် ရွံ့မုန်းတယ်လို့ ပြောခဲ့ဖူးတယ်တဲ့..."
"ကြည့်ရတာ ကျင်းလင်မြို့မှာ နောက်တစ်ကြိမ် လေပြင်းတိုက်တော့မယ့်ပုံပဲ"
အထိန်းတော်ချင်းက ခဏလောက် တွေးဆပြီး ပြောလိုက်သည်။
"မကြာခင် လီမိသားစုကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက် ရှာထားလိုက်။ ဘာပဲဖြစ်ဖြစ် လီမိသားစုက ပထမမင်းသမီးကြီးရဲ့ မျိုးနွယ်တွေပဲ။ ငါတို့ရဲ့ လက်ရှိဆိုင်ကိုလည်း ခုထိ မဖွင့်ရသေးဘူး။ ဒါကို ပထမမင်းသားဖက်က သတိထားမိသွားလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါတို့အရင်က ကြိုးစားခဲ့သမျှအရာတွေ သဲထဲရေသွန် ဖြစ်ကုန်လိမ့်မယ်"
လီချင်းကျိုး၏ အကြီးဆုံးသမီးသည် နန်းတော်ထဲတွင် ရှိနေတာ နှစ်အတော်ကြာပြီဖြစ်ပြီး ယခုတွင် သူမက တော်ဝင်ကိုယ်လုပ်တော် ရာထူးတောင် ရနေပြီဖြစ်သည်။ ထို့အပြင် သူမက ဧကရာဇ်ရဲ့ အင်မတန် အလေးထားမှုကိုခံရသော အကြီးဆုံးသားတော်ကိုလည်း ပြုစုပျိုးထောင်ပေးနေသည်။ အခု ပထမမင်းသားက လီမိသားစုဝင်ထဲက သမီးတစ်ယောက်နဲ့ ထိမ်းမြားထားတာဖြစ်ပြီး သူတို့ရဲ့ ဆက်ဆံရေးက ပိုပြီး ခိုင်မာလာသည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ၎င်းဟာ ပထမမင်းသားရဲ့ အင်အားစု အားကောင်းလာအောင် ထောက်ပံ့ပေးနေတဲ့ အချက်ဖြစ်ပြီး ဧကရာဇ်က လီချင်းကျိုးရဲ့ အာဏာကို လျှော့ချစပြုလာတဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်သည်။
"အင်း"
မုယွမ်ယောင် အိမ်ပြန်ရောက်တော့ စုချင်က သူမကိုကြည့်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချသည်။
"ယောင်အာ သခင်မကျိုးက သမီးနဲ့ ဘာကိစ္စရှိလို့တဲ့တုန်း"
"နီယွင်ဖန်းနဲ့ ပူးရှန်းလုံက အရမ်းနာမည်ကြီးလို့နေမှာပေါ့။ သူက အဲ့တာကို စစ်ဆေးချင်တာနဲ့ သမီးလည်း အလိုက်ထိုက်နေပေးလိုက်ရုံပါ"
"အဲ့တော့ ဘယ်လိုနေလဲ?"
"အမေ စိတ်ပူစရာ မလိုပါဘူး၊ သခင်မကျိုးရဲ့ နောက်ခံက တော်ဝင်မျိုးနွယ်လေ။ ပြီးတော့ သူက ချမ်းသာတဲ့ လီမိသားစုကြီးနဲ့ လက်ထပ်ထားတာ။ ပုံမှန် သမီးတို့လိုလူကို အရေးစိုက်နေမှာတောင် မဟုတ်ဘူး၊ နီယွင်ဖန်းနဲ့ ပူရှန်းလုံလို ပါမွှားလေးတွေကို ထားဦး၊ ချိုင်ယွဲ့လိုမျိုး ဆိုင်ကြီးတွေတောင် သူတို့မျက်လုံးထဲမှာဆို ဘာမှမဟုတ်တော့ဘူး။ ကုန်သည်လေးတွေသာသာပဲ"
"ဟင်း… ချောင်တာ့ရန်နဲ့ သခင်မကျင်းတို့ ထွက်သွားပြီးကတည်းက အမေ့ရင်ထဲ ခွန်အားတချို့ ဆုံးရှုံးနေတာ"
စုချင်က မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ သူမမှာ တည်ငြိမ်တဲ့ ပင်ကိုစရိုက်ရှိသည်။ သူမအတွက် အရာအားလုံးက စနစ်တကျ ဖြစ်နေတယ်လို့ ခံစားရဖို့ မလွယ်ပေမယ့် ရုတ်တရက် တစ်ခုခု မကောင်းသလို ခံစားနေရသည်။ နောင်မှာ ဘာဖြစ်လာမလဲဆိုတာ သူမ မသိတော့ပေ။
မုယွမ်ယောင်က စုချင်လက်မောင်းကို ဆွဲလိုက်ပြီး ခုတင်ဘေးတွင် ထိုင်လိုက်သည်။
"အမေ ဘာမှစိတ်ပူနေစရာ မလိုပါဘူး၊ မွေးစာအဖေနဲ့အမေ မြို့တော်ကို သွားတာလည်း ကောင်းတာပါပဲ။ အဲ့လိုဆို သမီးတို့ စုမိသားစုဆီ ပြန်တဲ့အခါကျ သူတို့နဲ့ မြို့တော်မှာ တွေ့နိုင်တာပဲ"
"ယောင်အာ အထိန်းတော်ချင်းဆီကနေ သခင်လီရဲ့ အကြောင်းတချို့ကို ကြားခဲ့တယ်။ သူ့ရဲ့နောက်ခံက နက်နဲပြီး ကြီးကျယ်တယ်။ ပြီးတော့ သူက အမေတို့ ခုခံလို့ရတဲ့သူတွေ မဟုတ်ဘူး၊ အနာဂါတ်မှာ အမေတို့ တတ်နိုင်သလောက် သူနဲ့ ဝေးဝေးနေရမယ်"
"အမေ သမီးလည်း သူ့ကို ရှောင်ချင်ပေမယ့် အခု ကြည့်ရတာတော့ အဲ့လိုလုပ်ဖို့ မဖြစ်နိုင်လောက်တော့ဘူး။ သခင်မကျိုး ဒီနေ့ သမီးကိုခေါ်တွေ့တာက သမီးရဲ့ စိတ်သဘောထားနဲ့ စရိုက်ကို စစ်ဆေးဖို့ ကြိုးစားနေတာ။ သူ့မှာ တခြားအကြောင်းအရင်းတွေ ရှိလောက်တယ်"
မုယွမ်ယောင်က စုချင်ကို အမှန်အတိုင်း ပြောပြဖို့ မဆုံးဖြတ်ခင် ခဏလောက် တွေးလိုက်သည်။ တချို့အရာတွေကို အနှေးနဲ့အမြန် ကြုံတွေ့ရမှာမို့ စောစော ပေးသိထားတာက သူမအတွက် ကြိုတင်ပြင်ဆင်ချိန် ရှိလိမ့်မည်။
"အဲ့ဒီ လီမိသားစုက ပိုင်ဆိုင်မှုတွေ အများကြီးရှိပြီးတော့ သခင်လီရဲ့ အဖေက အမတ်ချုပ်ကြီးတစ်ယောက်။ အမေတို့က သာမန်ပြည်သူသာသာပဲ၊ အမေတို့ဆီကနေ သူတို့ ဘာရနိုင်မှာမလို့လဲ?"
"အမေက သခင်လီ့အဖေရဲ့ အထောက်အထားကိုတောင် သိတယ်ဆိုတော့ ပထမမင်းသားရဲ့ မိခင်ဖက်က အဖိုးကိုလည်း သိမယ်ထင်တယ်။ နီယွင်ဖန်းနဲ့ ပူးရှန့်လုံက ကျင်းနန်မှာ နာမည်ကောင်းတွေ ရထားတာ။ အကယ်၍ ပထမမင်းသားက အဲ့တာတွေကို အသုံးချမယ်ဆိုရင် ကောင်းသွားလိမ့်မယ်"
စုချင် စိတ်လှုပ်ရှားသွားသည်။
"အဲ့တာဆို အမေတို့ အန္တရာယ်ရှိနေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား?"
"အမေ အရမ်းကြီး စိုးရိမ်နေစရာ မလိုဘူးလို့။ သူတို့က သမီးတို့ကို အသုံးချချင်ရင် သမီးတို့ကလည်း အနိုင်ရဖို့ သဘာဝကျကျ နည်းလမ်းတွေ သုံးရုံပဲပေါ့။ နောက်ပြီး ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ ရွှေရောင်ဆိုင်းဘုတ်ကို သူတို့ ဖြတ်ကျော်နိုင်မယ်လို့ ထင်လား? နားလည်ပြီး ကိုင်တွယ်တတ်ဖို့ပဲ လိုတာပါ"
အကယ်၍ ယွဲ့ဝမ်သာ ဒီမှာရှိမနေရင် သူတို့အခြေအနေက ပိုပြီး ခက်ခဲလိမ့်မည်။ ဒါပေမယ့် အခုကတော့ ကွဲပြားသည်။ အကယ်၍ သူတို့တွေ အစီအစဥ်အတိုင်း ဆားအခွန်ကို လက်ဦးမှု ယူနိုင်မယ်ဆိုရင် ယွဲ့ဝမ်ရဲ့ ခွန်အားက အလျင်အမြန် ကျယ်ပြန့်လာလိမ့်မည်။ တည်ငြိမ်ပြီး ယုံကြည်အားထားရတဲ့ ကျောထောက်နောက်ခံ ရှိနေတာမို့ မင်းသမီး တစ်ပါးတစ်လေလောက်ကိုတော့ ကြောက်မနေပေါင်!

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now