အပိုင်း ၂၁၈/ အပိုင္း ၂၁၈

524 57 0
                                    

Unicode

အပိုင်း ၂၁၈ - တစ်ငုံသောက်ကြည့်မလား?

ထန်ပါးဝမ်ရဲ့ နဖူးပေါ်က ချွေးအေးတွေ ပိုပိုပြီး သိသာလာသည်။ သူ စောနက အဆိပ်ခတ်ခဲ့တယ်ဆိုတာ သိပ်သေချာသည်။ ကျန်းချွင်းက ဘာလို့ အကောင်းတိုင်း ရှိနေလဲဆိုတာ သူ မသိပေမယ့် အဲ့ဒါကို သောက်လိုက်ရင် သူ ဘာမှမဖြစ်ဘဲ နေမလားဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူး မဟုတ်လား။ သူ့အသက်သူ လောင်းကြေးမထပ်ရဲချေ။
သူ တွန့်ဆုတ်နေချိန်မှာ သူတို့က လင်ဗန်းကို သူ့ဆီ ယူလာသည်။ လင်ဗန်းပေါ်မှာ အဖြူရောင် ကြွေပုလင်းငယ် ခြောက်ပုလင်းရှိနေပြီး အပေါ်ယံမှာ ဘာမှကွာခြားမှုမရှိပေ။
မုယွမ်ယောင်က တည်ငြိမ်စွာနဲ့ ထန်ပါးဝမ်ကို ကြည့်လိုက်သည်။
“သခင်လေးထန်၊ အရင်ရွေးချယ်ချင်လား၊ ကျွန်မ အရင်ရွေးရမလား”
ထန်ပါးဝမ် ခေါင်းလှည့်ကာ ကျန်းချွင်းကို ကြည့်လျက်
“နေဦး၊ ကျွန်တော်တို့ မစစ်ဆေးခင် သမားတော်ကျန်းကို‌ မေးကြည့်ချင်တယ်။ လူကြီးမင်း ခုနစ်ခွက်မြောက်ကို စစ်ဆေးနေတုန်းက ဘာလို့ အရမ်းအလေးအနက် ဖြစ်နေခဲ့တာလဲ?”
ကျန်းချွင်း ဖြူဖျော့သွားပြီး အေးစက်တဲ့အသံနဲ့ မေးလာသည်။
“အဲ့တာက သခင်လေးနဲ့ ဘာဆိုင်လို့လဲ”
“လက်ဖက်ရည်ထဲမှာ အဆိပ်ပါလား? ဒါက လူ့အသက်နဲ့ ဆက်စပ်နေတာ။ သေချာပေါက် သမားတော်ကျန်း အမှန်ပြောအောင် မေးဖို့လိုတာပေါ့။ လူကြီးမင်း ကျွန်တော့်ကို ပြောမပြဘူးဆိုရင် အပြစ်ရှိတယ်”
ဘေးကလူတွေလည်း အလွန်သိချင်နေကြပြီး ဒါကိုကြားတဲ့အခါ ကျန်းချွင်းကို ဝိုင်းကြည့်ကြသည်။
ကျန်းချွင်းရဲ့ အမူအရာက ပိုတင်းမာပြီး မလှုပ်မယှက် ဖြစ်သွားသည်။ နောက်ဆုံး သူ မနေနိုင်ဘဲ အင်္ကျီလက်ကိုခါပြီး ထုတ်ပြောလိုက်သည်။
“ကျုပ် အရမ်းပြည့်အင်ပြီး အပေါ့သွားချင်လာလို့။ အဲ့တာကြောင့်…”
ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တ ငြိမ်သက်သွားပြီးနောက် ရယ်သံတွေ ဒလဟော ထွက်လာလေသည်။ ခုဏက သမားတော်ကျန်းရဲ့ အမူအရာ အရမ်းလေးနက်နေတာ မအံ့ဩတော့ပါဘူး။ သူ တကယ်ကို အပေါ့သွားချင်နေခဲ့ပေမယ့် အောင့်နေခဲ့ရတာကိုး!
ကျန်းချွင်းက အမှန်ကို ထုတ်ပြောရင်း မျက်နှာရဲတက်သွား၏။ သူက တရားသူကြီးကျောက်ရဲ့လက်ကို ဆုပ်ကိုင်ပြီး
“ဒီနိမ့်ကျတဲ့သူ အရင်ထွက်ခွာပါရစေ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပါဦး ကျောက်တာ့ရန်”
တရားသူကြီးကျောက်က ဒါကို အကြောင်းအရင်း ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပေ။ ကျန်းချွင်းရဲ့ ကသိကအောက်နိုင်တဲ့ အခြေအနေကို မြင်ပြီး ဒီတစ်ခါ သူ မနေနိုင်ဘဲ ပြုံးမိသည်။
“သမားတော်ကျန်း အမြန်ပြန်ပါ”
ကျန်းချွင်း ကူကယ်မဲ့စွာ ခေါင်းညိတ်ပြလျက် အင်္ကျီလက်ကို မြှောက်ကာ မျက်နှာကိုကွယ်လို့ အမြန်ထွက်သွားတော့သည်။
ထန်ပါးဝမ် ကြောင်စီစီနဲ့ ကျန်ခဲ့၏။ ဒါကို အကြောင်းအရင်း ဖြစ်မယ်လို့ သူ ထင်မထားခဲ့ချေ။ ကျန်းချွင်းသာ မလိမ်ခဲ့ဘူးဆိုရင် လက်ဖက်ရည်ထဲမှာ အဆိပ်မရှိဘူးလို့ ဆိုလိုတာလား? ဒါ မဟုတ်သေးဘူး။ မုယွမ်ယောင်က လျှို့ဝှက်ပြီး တစ်ခုခုလုပ်ထားတာ ဖြစ်နိုင်တယ်။ သူ ဘာလုပ်သင့်လဲ? လက်ဖက်ရည်ထဲမှာ အဆိပ်ပါလား?
သူ့ခေါင်း ပေါက်ထွက်တော့မလို ခံစားနေရသည်။
မုယွမ်ယောင်က အသာပြုံးကာ
“သခင်လေးထန် ဆုံးဖြတ်ပြီးပြီလား? သခင်လေး အရင်ရွေးမလား၊ ဒါမှမဟုတ် ကျွန်မ အရင်ရွေးရမလား”
“မင်း… မင်း အရင်ရွေး”
“ကောင်းပါပြီ”
မုယွမ်ယောင်က ချက်ချင်းပဲ ပထမတစ်ခုကိုရွေးပြီး ပါးစပ်နားတေ့လိုက်သည်။
ထန်ပါးဝမ် ချက်ချင်း ပြောလာသည်။
“မဟုတ်ဘူး။ ငါ အရင်ရွေးတာ ပိုကောင်းမယ် ထင်တယ်။ ငါ မင်းလက်ထဲကတစ်ခုကို သောက်မယ်”
မုယွမ်ယောင်ရဲ့ အပြုံးက ပိုပီပြင်လာကာ ပျော်ရွင်စွာပဲ လက်ဖက်ရည်ပန်းကန်ကို သူ့ဆီ ကမ်းပေးလိုက်သည်။
“ကောင်းပြီ၊ ဒါဆို သခင်လေးထန်ကို ဒီလက်ဖက်ရည်ပန်းကန် သောက်ခိုင်းပါ့မယ်”
သူမမျက်နှာပေါ်က အပြုံးကိုမြင်ပြီး ထန်ပါးဝမ် ချွေးအေးတွေ ပိုထွက်လာသည်။ သူ့စိတ်ထဲတွင် အတွေးများစွာ ယောက်ယက်ခတ်လို့နေသည်။ မုယွမ်ယောင်က တကယ်ကောက်ကျစ်တဲ့သူပဲ၊ သူတွေးနေတာကို ခန့်မှန်းမိပြီး အဆိပ်ပါတာကို အရင်ရွေးလိုက်တာ ဖြစ်နေမလား? သူမအပြုံးက ပိုပိုပြီးတော့တောင် ဝင်းပလာသေးတယ်။ ပိုပြီး နက်နဲတဲ့ အဓိပ္ပာယ်ရှိရမယ်!
ထန်ပါးဝမ်က လက်ဖက်ရည်ခွက်တွေ ရွေးချယ်ဖို့ အလိုမရှိတာကို မြင်တော့ မုယွမ်ယောင် ပြုံးသည်
“သခင်လေးထန် ရာသီဉတု အရမ်းအေးတာကို ဘာလို့ ချွေးတွေ အများကြီး ထွက်နေတာလဲ? လက်ဖက်ရည်က အေးနေတာနဲ့ အတော်ပဲ၊ စိတ်ထဲက ဒေါသတွေ ပြေပျောက်သွားအောင် သောက်လိုက်ပါ”
“မင်း… မင်း ဘာလုပ်ချင်တာလဲ?”
“ကျေးဇူးပြုပြီး ဒီလက်ဖက်ရည်ကို သောက်ပါ။ ဒီကို လက်ဖက်ရည်သောက်ဖို့ ရောက်လာတာ မဟုတ်လား? ကျွန်မပေးတာကို ဘာလို့ အခု မသောက်တာလဲ?”
မုယွမ်ယောင်ရဲ့ အမူအရာက လုံးဝ အေးစက်သွားသည်။
“ဒါမှမဟုတ် ရှင် လက်ဖက်ရည်ကို အဆိပ်ခတ်ထားတာကြောင့် မသောက်ရဲတာလား?”
“ငါ ငါ မလုပ်ဘူး”
“ဒါဆို အဆိပ်မပါဘူးပဲ၊ သောက်ကြတာပေါ့”
လူအုပ်သည်လည်း ဘာဖြစ်နေတယ်ဆိုတာ နားလည်သဘောပေါက်သွားသည်။ ထန်ပါးဝမ်က လက်ဖက်ရည်ကို တစ်ခုခု လုပ်ထားတာကြောင့် သောက်ဖို့ အလွန်ကြောက်ရွံ့နေတယ်ဆိုတာ သူတို့ အသေအချာ သိသွားသည်။ သူက လက်ဖက်ရည်ခွက်ကို ထိတောင်မထိရဲဘူး။
“ထန်ပါးဝမ် မိန်းကလေးမုက သူမ လက်ဖက်ရည်ကို အဆိပ်ခတ်မထားဘူး ပြောတာကြောင့် လက်ဖက်ရည်ကို စမ်းကြည့်ရဲတယ်။ မင်း လက်ဖက်ရည်ကို အဆိပ်မခတ်ခဲ့ဘူးလို့ ပြောခဲ့တယ်မလား? ဘာလို့ မသောက်ရဲတာလဲ?”
“မင်း ခိုးကြောင်းခိုးဝှက် လုပ်တာကို အခု အပြစ်ရှိတယ်လို့ မခံစားရဘူးလား”
“လူကြီးမင်းကျောက် ဒါကို စဉ်းစားချင့်ချိန်ပြီးနောက် နားလည်သဘောပေါက်သွားပြီလို့ ယုံကြည်ပါတယ်။ ထန်ပါးဝမ်က တကယ် မကောင်းဆိုးဝါးပဲ၊ ကျေးဇူးပြုပြီး သူ့ကိုဖမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးပါ”
“မှန်ပါတယ်၊ ထန်ပါးဝမ် အရင်တစ်ခါကလည်း မိန်းကလေးမုကို အပုတ်ချဖို့ လာခဲ့ပေမယ့် သူက ခုထိ ကိုယ့်ကိုယ်ကို ဘယ်လို ထိန်းကျောင်းရမယ်ဆိုတာ မသိသေးဘူးပဲ။ သူက တကယ် မာန်ဝင့်လွန်းတယ်”
တိုင်းတရားသူကြီးကျောက်က ထန်ပါးဝမ်ရှေ့တိုးလာကာ လက်နဲ့အချက်ပြပြီး အရာရှိနှစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။
“အစောင့်တွေ ထန်ပါးဝမ်ကို ထိန်းသိမ်းလိုက်”
“မဟုတ်ဘူး။ ငါ့ကိုလွှတ်၊ ငါ့မှာ အပြစ်မရှိဘူး၊ ဘာလို့ ငါ့ကို ဖမ်းချင်ရတာလဲ?”
“အခုချိန်မှာတောင် မင်းက မင်းအမှားကို ငြင်းဆန်နေတုန်းပဲ၊ ဒါက ပြဿနာဆိုတော့ ငါ စုံစမ်းစစ်ဆေးပြီး ဒီကိစ္စကို ရှင်းလင်းရမယ်”
တိုင်းတရားသူကြီးကျောက်က အရာရှိနှစ်ယောက်ကို မျက်နှာမူလျက် အမိန့်ပေးသည်။
“သူ့ပါးစပ်ကို ဖွင့်ဟပြီး လက်ဖက်ရည်ခြောက်ခွက် လောင်းထည့်လိုက်”
အရာရှိနှစ်ယောက်က ဖျတ်လတ်စွာပဲ အမိန့်အတိုင်း ဆောင်ရွက်ကြသည်။ ထန်ပါးဝမ် သေလောက်အောင် ကြောက်သွား၏။
“ကျွန်တော် ဒါကို မလုပ်နိုင်ဘူး။ ကျွန်တော်က ချိုင်ယွဲ့ဆိုင်ရဲ့ သခင်လေး၊ ကျွန်တော်တို့ ချိုင်ယွဲ့ဆိုင်က မကြာခင်မှာ ဧကရာဇ်ပေးအပ်တဲ့ ရွှေဆိုင်းဘုတ် လက်ခံရရှိတော့မှာ။ ငါ့ကို ဒီလိုမျိုး မလေးမစားပြုဝံ့ရင် နောက်နောင်ကျရင် မင်းတို့ကို ငါ သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်”
တိုင်းတရားသူကြီးကျောက်က ပြတ်သားသည်။
“သူ့ကို သောက်အောင်လုပ်”
အရာရှိက သူ့ပါးစပ်ထဲ လက်ဖက်ရည် လောင်းထည့်တော့မှာ မြင်တော့ ထန်ပါးဝမ် မြိုသိပ်မနေနိုင်တော့ပေ။
“မဟုတ်ဘူး။ လက်ဖက်ရည်ထဲမှာ အဆိပ်ရှိတယ်၊ ငါ မသောက်နိုင်ဘူး၊ ငါသောက်ရင် သေသွားလိမ့်မယ်”
သူ ဝိုးတဝါး ဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး မုယွမ်ယောင်က အော်ပြောလိုက်သည်။
“ထန်ပါးဝမ် လက်ဖက်ရည်ထဲမှာ ဘာအဆိပ်ခတ်ထားတာလဲ?”
“ဟယ်တင်းဟုန်၊ လက်ဖက်ရည်ထဲက အဆိပ်က ဟယ်တင်းဟုန်”
“ဘယ်ကရတာလဲ?”
“ဟွိုက်အန်းမြို့က စီနန်ဆိုင်ကနေ ဝယ်လာခဲ့တာ…”
အရာရှိနှစ်ယောက် ကြောက်သေးပါချလိုက်တဲ့ ထန်ပါးဝမ်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။ ဒီအခိုက်အတန့်မှာမှ သူပြောလိုက်မိတာကို သတိထားမိပြီး ချက်ချင်း မျက်နှာအရောင်မရှိ ဖြစ်သွားသည်။
“မုယွမ်ယောင်… နင် ခွေးမ နင် နင်၊ ငါ လက်ဖက်ရည်ထဲမှာ ဟယ်တင်းဟုန် ထည့်ခဲ့ပေမယ့် ဘာလို့ ငါ့နောက်လိုက်က သောက်လိုက်တာတောင် မသေတာလဲ? ပြီး ကျန်းချွင်းလည်း လက်ဖက်ရည်ကို အခုတင် စစ်ဆေးကြည့်ထားတာ၊ သူ သောက်ပြီးတာတောင် ဘာလို့ အကောင်းတိုင်း ရှိနေတာလဲ? ဒါ တစ်ခုခု မှားနေတာ၊ မှားနေတာ တစ်ခုခု ရှိရမယ်”
အရာရှိတစ်ယောက်က စောနက အဆိပ်ခတ်ခံရတဲ့ အစေခံကို ခေါ်လာသည်။ ထန်ပါးဝမ်ရဲ့ အမူအရာကို မြင်တော့ တိုင်းတရားသူကြီးကျောက်ကို ဝပ်တွားခယသည်။
“လူကြီးမင်း၊ ထန်ပါးဝမ်က တကယ် စဉ်းစားဆင်ခြင်ဉာဏ်မဲ့သူပါ၊ သူ ဟယ်တင်းဟုန်အဆိပ် ဝယ်ပြီးနောက် ကျွန်တော့်ကို အတင်းသောက်ခိုင်းပြီး မိန်းကလေးမုကို ချောက်ချဖို့ လုပ်ပါတယ်။ ကျွန်တော် အလွန်ကြောက်ပြီး ဒီအတွက် အသက်မဆုံးရှုံးချင်တာကြောင့် အဆိပ်ကို လျှို့ဝှက်စွာ လဲထားလိုက်ပါတယ်။ သူ ဝယ်လာတဲ့ ဟယ်တင်းဟုန်ကို ခြံဝန်းဘေးက ပန်းချုံထဲ လွှင့်ပစ်လိုက်တာကြောင့် လက်ဖက်ရည်မှာ တကယ်ပြဿနာမရှိပါဘူး။ ကျွန်တော် ခုနက ဟန်ဆောင်နေခဲ့တာပါ”
ထန်ပါးဝမ်ရဲ့မျက်လုံးတွေ နီမြန်းသွား၏။ သူ့ရှေ့က နောက်လိုက်ကို သတ်ပစ်လိုက်ချင်သည်။
“မင်း… ငါ မင်းကို သတ်ပစ်မယ်၊ ငါ မင်းကို သတ်ပစ်မယ်!”
မုယွမ်ယောင်က သူ့ကို လျစ်လျူရှုပြီး တိုင်းတရားသူကြီးကျောက်ကို အရိုအသေပေးသည်။
“ကျောက်တာ့ရန်၊ ဒီကိစ္စရဲ့ အမှန်တရားကို သိပြီးပြီလို့ ယူဆပါတယ်။ ထန်ပါးဝမ်က ကျွန်မ လူ့အသက်သတ်ဖို့ အဆိပ်ခတ်ရန် အမိန့်ပေးပါတယ်ဆိုပြီး အကွက်ချ ချောက်တွန်းခဲ့ပါတယ်။ သူသာ အောင်မြင်သွားရင် ကျွန်မအသက်ကို ကျွန်မ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး”
မင်ယင်းသည်လည်း မြေကြီးပေါ် ဒူးထောက်ကာ ခယသည်။
“ကျောက်တာ့ရန် ထန်ပါးဝမ်က ကျွန်မကို စော်ကားဖို့ ရည်ရွယ်ခဲ့ပေမယ့် သိမ်းသွင်းဖို့ ကျရှုံးခဲ့ပြီး ကျွန်မ အပြစ်ကင်းမှုကို ဖျက်ဆီးတော့မလို့ပါပဲ။ အခု ကျွန်မ လောကကြီးမှာ မျက်နှာတောင် မပြဝံ့တော့ပါဘူး၊ သေတာကပဲ ကျွန်မ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်မယ် တူပါရဲ့။ ကျောက်တာ့ရန်၊ ဒီနိုင်ထက်စီးနင်းပြုတဲ့သူတွေကို အပြစ်ပေးပြီး လူတွေအတွက် ဆုံးဖြတ်ချက်ချပေးပါ”
ထိုသို့ပြောပြီး မင်ယင်းက မတ်တပ်ထကာ ဘေးကတိုင်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ဝင်ဆောင့်သည်။
“မိန်းကလေးမင်ယင်း”
ဘေးကကြည့်နေတဲ့ လက်ဖက်ရည်လာသောက်သူ ဧည့်သည်တွေသည် သတိပေးတဲ့အနေနဲ့ အော်ဟစ်ကာ သူမကိုဆွဲဖို့ ကြိုးစားကြပေမယ့် သူမ အဲ့ဒီလောက် အားသန်လိမ့်မယ်လို့ ထင်မထားခဲ့ချေ။ တစ်ယောက်ယောက်က သူမအင်္ကျီလက်ကို ဆွဲလိုက်ပေမယ့် သူမ တိုင်နဲ့ တိုက်မိသေးကာ နဖူးမှ သွေးတွေ ထွက်လာခဲ့သည်။
အလျင်စလို ပြန်လာတဲ့ ကျန်းချွင်းက ရှေ့သို့အမြန်တိုးကာ စစ်ဆေးကြည့်သည်။
“ကံကောင်းစွာနဲ့ အခုလေးတင် တစ်ယောက်ယောက် ဆွဲလိုက်လို့သာပေါ့၊ မဟုတ်ရင် သူမ အသက်ဆုံးရှုံးသွားနိုင်တယ်။ သူမ ပြန်လည်ပျောက်ကင်း သက်သာဖို့ လအနည်းငယ် ကြာလိမ့်မယ်”
လူတိုင်း ဒေါသအကြီးအကျယ် ထွက်နေကြသည်။ တရားသူကြီးကျောက်သာ ရှိမနေဘူးဆိုရင် သူတို့တွေကိုယ်တိုင် ထန်ပါးဝမ်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်ပြီးနေလောက်ပြီ။
“ကျောက်တာ့ရန် ဒါက လူတစ်ယောက်ရဲ့ အသက်နဲ့ သက်ဆိုင်နေတယ်”
“လူကြီးမင်းကျောက် ကျေးဇူးပြုပြီး စီရင်ချက်ချပေးပါ”
လူတိုင်းက တိုင်းတရားသူကြီးကျောက်ကို အရိုအသေပြုပြီး အော်ဟစ်ကြသည်။
“ကျေးဇူးပြုပြီး စီရင်ချက်ချပေးပါ၊ လူကြီးမင်းကျောက်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now