အပိုင်း ၂၁၀/ အပိုင္း ၂၁၀

576 61 0
                                    

Unicode

အပိုင်း ၂၁၀

မိန်းမစိုးလီက ရှုလီကို သခင်‌လို့ ခေါ်လိုက်တာကိုကြားတော့ မုယွမ်ယောင် မျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွားပြီး အပြုံးက ပိုလို့တောက်ပလာသည်။

ချောင်ယွင်နျန်က ပြောလာသည်။

"ကျုပ် အစေခံတွေကို အစားအသောက်နဲ့ဝိုင်တွေ ပြင်ဆင်ခိုင်းထားပါတယ်။ လီကုန်းကုန်း ကျေးဇူးပြုပြီး ထိုင်ပါ"

"ယဉ်‌ကျေးလွန်းနေပါပြီ။ နောက်ကျရင်လည်း ကျွန်တော်တို့ မကြာမကြာ တွေ့ရမှာပဲလေ"
ချောင်ယွင်နျန်က ယဉ်ယဉ်ကျေးကျေးပြောပြီး မိန်းမစိုးလီကလည်း သူ့အတိုင်းပင် ယဉ်ကျေးစွာပြော၏။ ထိုသူက‌တော့ သတင်းအနည်းငယ်ကိုပါ ဖော်ထုတ်သွားသည်။
ချောင်ယွင်နျန် ခဏလောက် ကြောင်အသွားပြီးမှ ပျော်ရွှင်မှုကြောင့် မျက်လုံးတွေ တောက်ပလာသည်။ မိန်းမစိုးလီပြောပုံအရ သူ ရာထူးအတိုးခံရမှာမလို့ မကြာခင် မြို့တော်ဆီ ပြောင်းရတော့မှာလား။ ဒီလိုနည်းနဲ့မှ နန်းတွင်းအစေခံတစ်ယောက်ကို မကြာခဏ မြင်တွေ့နိုင်မည်လေ။
"ကျေးဇူးတင်ပါတယ် လီကုန်းကုန်း ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး"

ချောင်ယွင်နျန်က မိန်းမစိုးလီကို ခန်းမထဲ ဖိတ်ခေါ်သွားပြီး မုယွမ်ယောင်ကတော့ သခင်မကျင်းကိုတွဲရင်း အနောက်ဘက်ခြံဝင်းထဲ ပြန်လာသည်။

"ယောင်အာ မင်းရောပြန်ပြီး ပြင်ဆင်ချည်လေ။ ‌ညနေကျရင် အဲ့ဒီလီကုန်းကုန်းက ပူးရှန့်လုံကို သွားမယ်ထင်တယ်"

မုယွင်ယောင်က ကျင်းရှို့ဥယျာဉ်မှာရှိတဲ့ ယွဲ့ဝမ်၊ အထိန်းတော်ချင်းနဲ့ တခြားသူတွေကို တွေးမိသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ ဒါဆို သမီး နောက်နေ့မှထပ်လာပြီး မွေးစားအမေနဲ့ စကားစမြည်ပြောလှည့်ပါ့မယ်"

ချောင်အိမ်တော်က ထွက်လာပြီးနောက် မုယွမ်ယောင်က ကျင်းရှို့ဥယျာဉ်ဆီ တိုက်ရိုက်သွားလိုက်သည်။ အထိန်းတော်ချင်းကိုယ်တိုင် သူမကို ထွက်ကြို၏။
"မိန်းကလေး သခင်မဆီက ကြားတာတော့ ဧကရာဇ်က မိန်းကလေးကို ဆုချီးမြှင့်ပြန်ပြီဆို။ ကျုပ် မိန်းကလေးကို ဂုဏ်ပြုပါတယ်ဗျာ"

"ကျေးဇူးတင်ပါတယ် အထိန်းတော်ချင်း။ ကျွန်မ စစ်ယဲ့နဲ့ တွေ့ချင်လို့ပါ အဆင်ပြေလားမသိဘူး"

"သခင်က စာကြည့်ဆောင်ထဲမှာပါ။ မိန်းကလေးမု ကျေးဇူးပြုပြီးကြွပါ"

မုယွမ်ယောင် ‌စာကြည့်ဆောင်ထဲဝင်‌တော့ သွေးနံ့ဖျော့ဖျော့ကို ရလိုက်သည်။ သူမ မျက်မှောင်မကြုတ်မိဘဲ မနေနိုင်‌တော့။
"စစ်ယဲ့ကို နှုတ်ခွန်းဆက်ပါတယ်"

ယွဲ့ဝမ်က မုယွမ်ယောင်ကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး သူမအ‌သားအရေ ပုံမှန်ဖြစ်‌နေတာကိုမြင်မှ အနည်းငယ် စိတ်အေးသွားသည်။
"အဖျားပျောက်သွားပြီလား"

"စစ်ယဲ့ကို ပြန်ဖြေကြားပါတယ်။ အဖျားက ပျောက်ခါနီးနေပါပြီ။ ဒီနေ့ ကျွန်မ ဧကရာဇ်ဆီက ဆုတွေအများကြီး ရလိုက်ပါတယ်။ ဆုလာဒ်တွေ ယူလာပေးတဲ့ လီကုန်းကုန်းက ညနေကျရင် ပူးရှန့်လုံဆီ လက်ဖက်ရည်သောက်ဖို့ လာမယ်ထင်ပါရဲ့။ စစ်ယဲ့ ခဏလောက် ရှောင်ချင်လား"

"ငါက ဒီဒေသနဲ့ မရင်းနှီးတော့ သွားစရာနေရာ များများစားစား မသိဘူး။ နောက်ပြီး ကျန်းနန်မှာ လူတွေအများကြီးရှိလို့ တစ်ယောက်ယောက် တွေ့သွားမှာ နည်းနည်းစိုးရိမ်မိတယ်"
ယွဲ့ဝမ်အမူအရာက လေးနက်နေ၏။ မုယွမ်ယောင်လည်း စိတ်ထဲမှာ တွေးနေသည်။ အရင်တုန်းက ယွဲ့ဝမ် သူမအပေါ် ဘယ်လိုစိတ်ပဲရှိရှိ၊ အခုတော့ လက်လွှတ်လိုက်ပုံရသည်။ အခုကစပြီး ပူးပေါင်းဆောက်ရွက်မှုက ဆက်တည်ရှိသွားလိမ့်မည်။ ဒီလိုဆိုမှတော့
"စစ်ယဲ့စိတ်မရှိရင် အရင်ဆုံး ကျွန်မအိမ်မှာ ရှောင်နေလိုက်ရင်ရော"

"သခင်မကျင်းက မင်းအိမ်ကို လာမှာလား?"

မုယွမ်ယောင်လည်း ကြောင်သွား၏။ မိန်းမစိုးလီလာရင် ချောင်ယွင်နျန်ရော ပါလာနိုင်သည်။ သခင်မကျင်းလည်း စိတ်ခံစားချက်ကောင်းလို့ ရှုခင်းကြည့်ဖို့ လိုက်လာရင် စုချင်ဆီ စကားစမြည် လာပြောနိုင်သေးသည်။ သခင်မကျင်းနဲ့ ယွဲ့ဝမ်တို့ မတော်တဆ တွေ့သွားရင် အခြေအနေတွေ မကောင်းနိုင်ပေ။

ယွဲ့ဝမ်က သူမကို ခေါင်းမော့ကြည့်ရင်း အဖြေကို စောင့်ဆိုင်းနေ၏။

မုယွမ်ယောင် နှုတ်ခမ်းစေ့ရင်း ခေတ္တမျှတွေးနေသည်။
"စစ်ယဲ့ စိတ်မရှိရင် ကျွန်မအခန်းထဲမှာ ခဏလောက်‌ ပုန်းနေလို့ရပါတယ်။ မွေးစားအမေက လာရင်တောင် ကျွန်မအခန်းထဲ မဝင်ပါဘူး။ ပြောရရင် အဲ့ဒါက အလုံခြုံဆုံးနေရာပဲ။ ကျွန်မ ကျင်းလန်တို့ကိုလည်း မဝင်ဖို့ ပြောထားလိုက်ပါမယ်"

ယွဲ့ဝမ်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုမှတော့ မင်းကို ဒုက္ခပေးရတော့မှာပဲ"

(သူ ဒီစကားစောင့်နေတာ😭)

အထိန်းတော်ချင်းက လက်ဖက်ရည်လာချပြီး အပြုံးနဲ့ ပြောလိုက်သည်။
"မိန်းကလေးမု ဖျားတုန်းက ကျုပ် လာမလည်လိုက်ရဘူး။ အခု လန်းလန်းဆန်းဆန်းပဲဆိုတော့ ပြန်ကောင်းပြီ ထင်ပါရဲ့"

"စိုးရိမ်ပေးတာ ကျေးဇူးပါ အထိန်းတော်ချင်း။ ကျွန်မ အခု ပြန်ကောင်းပါပြီ"

"အဲ့လိုဆို အကောင်းဆုံးပေါ့။ မိန်းကလေးမု နောက်ကျရင်လည်း ကျန်းမာရေးဂရုစိုက်ပါ။ လူတစ်ယောက်က နေမကောင်းဖြစ်ရင် ဒါမှမဟုတ် ဒဏ်ရာရရင် တကယ်ကို မသက်မသာအဖြစ်ရဆုံးပဲ"

မုယွမ်ယောင်က မျက်တောင်ခတ်လိုက်၏။ အထိန်းတော်ချင်းက တစ်ခုခုကို ရည်ညွှန်းနေမှန်း သူမ ခံစားမိနေသည်။ နေမကောင်းတာကတော့ သူမကိုပြောတာ ဟုတ်ပါပြီ၊ ဒါပေမယ့် ဒဏ်ရာရတာက ဘာစကားကြီးလဲ။ စာကြည့်ဆောင်ထဲဝင်တုန်းက ရလိုက်တဲ့ သွေးနံ့ကို စဉ်းစားမိသွားတော့ သူမ ယွဲ့ဝမ်ကို လှမ်းကြည့်လိုက်သည်။

အထိန်းတော်ချင်းက ခပ်ဖွဖွပြုံးရင်း အခန်းထဲမှ ထွက်သွားသည်။

မုယွမ်ယောင်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ မေးလိုက်၏။
"စစ်ယဲ့ ဒဏ်ရာရထားတာလား?"
"မတော်တဆ လက်မှာ ဒဏ်ရာရသွားတာပါ။ သိပ်မကြီးပါဘူး"

"အဲ့ဒါကြောင့် စာကြည့်ဆောင်ထဲဝင်တုန်းက သွေးနံ့ရလိုက်တာကိုး။ ဒါပေမယ့် ဆေးနံ့တော့ မရမိဘူး"

ယွဲ့ဝမ်က သူ့ဘယ်လက်ကို စားပွဲပေါ်တင်လိုက်သည်။ စီးထားတဲ့ ပိတ်ကျဲစကနေ သွေးတွေက တစိမ့်စိမ့်ထွက်နေ၏။
"ယွီဟိန် သမားတော်ကျန်းကို သွားပင့်တယ်။ ပြန်မရောက်လာသေးဘူး"
အကြံက သိပ်မကောင်းပေမယ့် ဂရုစိုက်လာဖို့အတွက် နည်းနည်းတော့ နာကျင်ရမှာ သဘာဝပင်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now