စတွေ့ကတည်းက အမည်းရောင်အဝတ်အစားသည် အခုထိ တစ်ခြားအရောင်ဝတ်တာ တစ်ခါမှမတွေ့စဖူး။ နားမှ နားဆွဲသေးလေးတစ်ဖက်ကအစ လက်က ကရိယာတန်ဆာပလာသေးသေးလေးတွေအဆုံး လက်စွပ်တွေ ခေါင်းပတ်တွေအပါအဝင် အကုန်လုံးဟာ အမည်းချည်းပင်။ လိုအပ်သည်ထက်ဖြူဆွတ်နေသော အသားအရည်ကြောင့်သာ အမည်းနှင့် အလွန်လိုက်ဖက်ညီသည်ဟု ထင်ရပေမဲ့ ထိုကောင်လေး၏ အဖြူရောင်ပုံစံလေးကိုလည်း သူတွေ့ကြည့်ချင်ပါသေးသည်။ ခေါင်းပတ်အောက်မှတဆင့် နှဖူးပေါ်သို့ ခပ်ဝဲဝဲကျနေသော ဆံပင်တို့သာ ငွေရောင် အတိရှိ၏။ သူ့စတိုင်နဲ့သူတော့ အလွန်ကြည့်ကောင်းလိုက်သည့်ဖြစ်ခြင်း။ အမှန်အတိုင်းပြောရရင် သူတွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ ဒီကောင်လေးအချောဆုံးပဲ။ ရုပ်ရည်ကအစ အကျင့်လေးအဆုံး အကုန်ကောင်းလိုက်တာ။

ဒါကိုများ ဘာလို့ အရမ်းဆိုးတယ်ဆိုပြီး ထင်ကြတာလဲ မသိဘူး။

“ဘာတွေ ရပ်ကြည့်နေတာလဲ”

ခြေလှမ်းငါးလှမ်းလောက်အကွာမှ ငေးနေမိတာ ဝူရီ့အသံကြားမှ ပြန်သတိဝင်လာသည်။ ရှက်ရယ်ရယ်ပြလိုက်ရင်း

“ဘာမှမဟုတ်ပါဘူး မင်းကို ကြည့်ကြည့်ရုံပါ”

“ကိစ္စရောအဆင်ပြေရဲ့လား”

“ငါ ရလာခဲ့ပြီ။ ဒါနဲ့ဆို ငါအပြစ်ကင်းကြောင်း သက်သေပြနိုင်ပြီ။”

“တော်သေးတာပေါ့”

စကားပြောကြရင်း အနားကပ်လိုက်တော့ ဝူရီကမျက်မှောင်ကျုံ့ကာ နှာခေါင်းကိုတစ်ချက်ပွတ်ဆွဲရင်း ဘေးကိုရှဲသွားသည်။

“ဘာလို့လဲ ငါ့ကိုယ်ကနံလို့လား”

“မဟုတ်ပါဘူး။ ဒီလိုပါပဲ”

ကိုယ့်ကိုယ်ကိုယ်ပြန်နမ်းကြည့်ပြန်တော့လည်း အမွှေးနံ့သင်းသင်းလေးတောင် ရနေသေးသည်။ ဒါဆို နံလို့မဟုတ်ဘူးဆိုရင် ဝူရီက ဘာဖြစ်လို့လဲ။ အခုထိ အနားမကပ်သေးသော ကောင်လေးကို နားမလည်စွာတွေးမိသည်။ သူနှင့် နှစ်လှမ်းအကွာက ခွာလျှောက်နေသော ကောင်လေးသည် တစ်ခုခုကိုအလိုမကျဟန် မျက်မှောင်တို့အား တွန့်ကုပ်လို့။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now