"ဘာလို့လဲ သူ ဘာလို့ ဒီလိုလုပ်တာလဲ သိလား"

"ကျွန်တော် မသိပါဘူး သူဌေး။ ကျွန်တော်က ပိုက်ဆံရလို့လုပ်တာပါ။ သူဌေး ဒီအတွက် ကျွန်‌တော့်ကို သတ်ပစ်လို့လည်း ရပါတယ်"

သူဌေးသည် စကားအလုံးစုံကို နားထောင်နေသလား မသေချာ။ လက်ထဲကသေနတ်နှင့် ရောက်တတ်ရာရာချိန်နေသည်။ ပြီးမှ စားပွဲတစ်လုံးကို ဒိုင်းခနဲပစ်ချလိုက်ကာ သေနတ်ကိုပါ လွှတ်ပစ်လိုက်သည်။ ထိုခဏတွင် သူဌေး၏ အမူအရာမှာ ပြန်လည်တည်ငြိမ်သွားလေသည်။

"သူ့ကို ဆေးကုပေးလိုက်။ ကျန်တာ နောက်မှဆုံးဖြတ်မယ်။ လင်းရီ ငါတို့ သွားစို့"

သွားစို့ဆိုသည်မှာ ကုမ္ပဏီကိုဖြစ်ကြောင်း လင်းရီသေချာနားလည်ပါ၏။ ကားကို ဂရုတစိုက်မောင်းပေးရင်း နောက်ခန်းမှ သူဌေး၏အမူအရာကိုသာ အကဲခတ်နေမိသည်။ ဒီတစ်ခေါက်က ဒီဇိုင်း တစ်နှစ်စာprojectတွေရော အထူးပြပွဲအစီအစဥ်တွေပါမကျန် အကုန်လုံးကို အခိုးခံရတာဖြစ်သည်။ အချိန်မီသာ မမိလိုက်ဘူးဆိုလျှင် ဒီကိစ္စက ကိစ္စကြီးဖြစ်သွားနိုင်သည်။ အရာအားလုံး ပလုံတောင် မမြည်ဘဲ အစပျောက်သွားလိမ့်မည်။ ဖမ်းမိလိုက်ခြင်းကိုသာ သက်ပြင်းမောချ၍ ကျေးဇူးတင်ရ၏။

"အပေါ်ကို ဘယ်သူ့မှ တက်မလာစေနဲ့။ ရှင်းချောင်ကို ငါ့ဆီလွှတ်လိုက်"

"ကောင်းပါပြီ"

လင်းရီ သက်ပြင်းချကာပြောမိသည်။ ရှင်းချောင်... သေတာရှင်တာတော့ မင်းကံတရားဖြစ်သွားပြီ။

"dok dok သူဌေး ကျွန်တော့်ကို ခေါ်တယ်ဆို?"

"ဝင်လာခဲ့လေ"

စာရင်းလာပို့ခိုင်းတာလည်း မဟုတ်ဘဲ သီးသန့်ခေါ်တာမို့ ဘာဖြစ်လို့လဲဆိုတာ စိတ်ပူရသည်။ သူ့အလုပ်ကိစ္စက ဘာများဖြစ်လို့ပါလိမ့်။ သူနားမလည်။

"ဘာကိစ္စရှိလို့လဲ သူဌေး"

သူဌေးက ဘာမှမပြောဘဲ သူ့အနားကို တိုးကပ်လာသည်။ စားပွဲပေါ်မှ သောက်လက်စဘီယာခွက်နှင့် ဘီယာပုလင်းအားတွေ့မိရာ သူဌေး တစ်ခုခုဖြစ်နေတယ်ဆိုတာ ပိုသေချာသွားသည်။ ဆဌမအာရုံက အနံ့ခံသိရှိချက်အရ အတော်လေး စိတ်လေးနေမိသည်။ မျက်နှာနှစ်ခုအား ထိစပ်လုနီးနီးထိတိုးကပ်လာသော သူဌေးအားမရှောင်မိ။ သူဌေးဆီမှ ရနေကျ ပူရှိန်းနံ့လေးမှာ ဘီယာနံ့ပါ ရောနှော၏။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now